Sunday, June 5, 2016

ကျောက်တံခါးနှင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂ဝ ခန့်တွင် လယ်ယာမြေစိုက်ဧက ၁၅ဝဝဝ နီးပါး နှစ်စဉ်လိုလို ရေမြုပ်ပျက်စီးမှုကြုံတွေ့နေ

The Mirror Daily's photo.
ညောင်လေးပင် ဇွန် ၎
ကျောက်တံခါးနှင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ သမင်အင်ကုန်း၊ နံဇ၊ ဗောဓိကွင်း၊ လက်ခံ၊ တောင်ခင်၊ ကညင်ကျိုး၊ ကံကလေး၊ ရေတွင်းကုန်း၊ ထော်နွတ်၊ တော်ဝိ၊ ထိန်တပင်၊ ကလိန်ခင် စသည့်ကျေးရွာများအပါအဝင် ကျေးရွာအုပ်စုပေါင်း ၂ဝ ခန့်ရှိ လယ်ယာမြေစိုက်ဧက ၁၅ဝဝဝ နီးပါးသည် နှစ်စဉ်လိုလို ရေမြုပ်ပျက်စီးမှု ကြုံတွေ့နေရသည်မှာ နှစ်ကာလအားဖြင့် ဆယ်စုနှစ်ကျော် ခန့်ပင်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများမှာ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်၊ ကျောက်ကြီး စသည့်မြို့နယ် လေးခုဆုံးသည့်နေရာတွင် တည်ရှိပြီး ယင်းကျေးရွာများ၏ လယ်ယာကိုင်းကျွန်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် အတွက်မူ စစ်တောင်းရေကာတာနှင့် မုက္ခမူ(ချိန်းချောင်း)ရေနုတ်ချောင်းများကို အားကိုးအားထားပြုနေရခြင်းဖြစ် သည်။
စစ်တောင်းရေကာတာသည် ကျောက်တံခါးမြို့မှ မဒေါက်မြို့အထိ ၄၉ မိုင်နှင့် ၁ ဖာလုံရှည်လျားပြီး စစ်တောင်းမြစ်နှင့် ရန်ကုန်-မန္တလေး ရထားလမ်းအကြား တည်ရှိသည့် လယ်မြေဧက ၅၄ဝဝဝ ကျော်ကိုလည်း စစ်တောင်းမြစ်ရေလျှံသည့်အခါ ရေလွှမ်းမိုးခြင်းအန္တရာယ်မှ အကာအကွယ်ပေးနိုင်သည့် ရေကာတာဖြစ်သည်။ အဆိုပါ ရေကာတာကို ၁၈၈၃-၁၈၈၄ ခုနှစ်တွင် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
မုက္ခမူ(ချိန်းချောင်း)သည်လည်း စစ်တောင်း ရေကာတာနှင့် ပဲခူးရိုးမတောများအတွင်းရှိ ချောင်းများမှ စီးဆင်းလာသောရေများကို နုတ်သိမ်းရန်ဖော်ထုတ်ထား သော ရေနုတ်ချောင်းဖြစ်သည်။ အဆိုပါ ရေနုတ်ချောင်း သည် ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကျောက်တံခါး မြို့နယ် နံဇကျေးရွာအုပ်စု ဘိုးတရွာအနီး အသဝိအင်းမှ စစ်တောင်းမြစ်အတွင်းသို့ စီးဆင်းလျက်ရှိပြီး အလျား ၃၈ မိုင် ၄ ဖာလုံရှိသည်။ ယင်းရေနုတ်ချောင်းတွင် ငါးဖမ်း လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ရာမှ ရေနုတ်နှေးလာခြင်း၊ ချောင်းကောလာခြင်းများဖြစ်ပေါ်ခဲ့ပြီး ဆယ်စုနှစ်တစ်ခု ကြာမြင့်လာသည်အထိ သက်ဆိုင်ရာက ဖြေရှင်းနိုင်ခြင်း မရှိသေးသဖြင့် ဒေသတွင်း မိုးစပါးစိုက်ပျိုးရာသီကာလ တွင် နှစ်စဉ်ရေနစ်မြုပ်မှုကြောင့် လယ်ဧက ၁၅ဝဝဝ နီးပါးခန့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံလယ်သမား ၃ဝဝဝ ခန့်နှင့် ၄င်းတို့၏ အနာဂတ် ဆက်လက်ရှင်သန်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မိုးရာသီတိုင်း နှစ်စဉ်လိုလိုကြုံတွေ့ နေရသော လယ်မြေအချို့ ရေကြီးနစ်မြုပ်ပျက်စီးမှုဖြစ်စဉ် မှ ကင်းဝေးစေရန် အဖြေရှာစစ်ဆေးဖော်ဆောင်ပေးစေလိုကြောင်း ဒေသခံတောင်သူလယ်သမားများ၏ ဆန္ဒကို ကြေးမုံမှတစ်ဆင့် ဖော်ပြလိုက်ရပါသည်။
သတင်း-ရန်အောင်ထွန်း(ပိန်းဇလုပ်)
ဓာတ်ပုံ-ပိန်းဇလုပ်သိန်းညွန့်

No comments:

Post a Comment