တိုင်းပြည်၏ စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စက်ရုံ၊ အလုပ်ရုံများရှိ လုပ်သားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ကိုင်နေသော လုပ်သားများအနက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသောလုပ်သားဦးရေမှာ သုံးသိန်းကျော်ရှိသည်ဟုဆိုသည့်အတွက် အချိန်ယူဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါသည်။ နိုင်ငံအတွက် အမှန်တကယ်လိုအပ်လျက်ရှိသော လုပ်ငန်းရပ်ကို စတင်အရေးယူဆောင်ရွက်လာခြင်းဖြစ်၍ ကြိုဆိုရမည့်ခြေလှမ်းသစ်ဖြစ်ပါသည်။ ခြေလှမ်းသစ်ဖြစ်၍ ကြိုဆိုကြောင်းညွှန်းဆိုဖော်ပြခြင်းဖြစ်သော်လည်း နိုင်ငံတစ်နိုင်ငံ၏ လိုအပ်ချက်ရှုထောင့်မှကြည့်ပါက အသက်ပြည့်ပြီး နိုင်ငံသားတိုင်းကို နိုင်ငံသားစိစစ်ရေးကတ်ပြား အပြည့်အဝထုတ်ပေးနိုင်ရန် လိုအပ်ပါသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးချင်းအတွက် ပုဂ္ဂိုလ် ရေးဆိုင်ရာအချက်အလက်များကို မှတ်တမ်းတင်ထားသည့် အရေးအကြီး ဆုံးသော သက်သေခံကတ်ပြားဖြစ်ပါသည်။ နိုင်ငံသားတို့၏ ပုဂ္ဂိုလ်ရေး ဆိုင်ရာလုပ်ငန်းအရပ်ရပ်တို့၌ ဤနိုင်ငံသားစိစစ်ရေးကတ်ပြားသည် အခိုင်အမာဆုံးသော အထောက်အထားအဖြစ် ထပ်ဆင့်အခြေပြုရည်ညွှန်း ရသည့် ကတ်ပြားဖြစ်ပါသည်။
မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံများနှင့် ကဏ္ဍပေါင်းစုံ၍ ထိတွေ့ပူးပေါင်း ဆောင်ရွက်မှုများ တစ်နေ့တခြား အရှိန်အဟုန်ရလျက်ရှိသော ပစ္စုပ္ပန်ကာလ၌ အသက်ပြည့်ပြီး နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးသည် ပို၍ပို၍အရေးပါလာသည်ဟု ယူဆပါသည်။ ကမ္ဘာ့နိုင်ငံများ နှင့်ထိတွေ့ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြင့်မားလာခြင်းသည် တိုင်းပြည်အတွက် ကောင်းကျိုးများစွာ ဖန်တီးပေးနိုင်သော်လည်း တစ်ဖက်၌မူ အစွန်းရောက်အကြမ်းဖက်လှုပ်ရှားမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကိစ္စကဲ့သို့သော ပြဿနာများ ပိုမိုကြုံတွေ့လာနိုင်ပါသည်။ ဤကဲ့သို့သောပြဿနာရပ်များကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံသားတို့၏ မှတ်တမ်းအချက်အလက်များ စနစ်တကျသိမ်းဆည်း၍ အချိန်တိုအတွင်း အလွယ်တကူကြည့်ရှုစစ်ဆေးနိုင်အောင်လည်း စီစဉ်ထားရှိရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆိုင်ရာအချက်အလက်အားလုံးအား ကွန်ပျူတာစနစ်သုံး သိမ်းဆည်းနိုင်ရန် အရေးတကြီးလိုအပ်လျက်ရှိပါသည်။ ၂ဝ၁၅ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်စာရင်း အလွဲအချော်များများပြားခဲ့သည့်ဖြစ်စဉ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာအချက်အလက်များကို ကွန်ပျူတာစနစ်သုံး မသိမ်းဆည်းနိုင်ခဲ့ခြင်းက အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။ တနယ် တကျေးမှ လာရောက်အလုပ်လုပ်ကိုင်သော စက်ရုံ၊ အလုပ်ရုံ လုပ်သားများအား မဲဆန္ဒရှင်စာရင်း၌ အပြည့်အဝအချိန်မီထုတ်မပေးနိုင်ခဲ့ခြင်းသည်လည်း အထက်ပါအကြောင်းရင်းနှင့် ဆက်နွှယ်လျက်ရှိပါသည်။ ပါကစ္စတန်နိုင်ငံ၏ မဲဆန္ဒရှင်စာရင်းပြုစုပုံကို လေ့လာပါက နိုင်ငံလုံးဆိုင်ရာ မှတ်ပုံတင်အချက်အလက် အာဏာပိုင်အဖွဲ့ (The National Database Registeration Authority -NADRA) က မဲဆန္ဒရှင်များ၏ စာရင်းကို ပြည်သူတစ်ဦးချင်း၏ မှတ်ပုံတင်အချက်အလက်များနှင့် ဆက်စပ်ယှဉ်တွဲသိမ်းဆည်းထားပါသည်။ ဤကဲ့သို့ သိမ်းဆည်းရာ၌ မဲဆန္ဒရှင်တစ်ဦးချင်း၏ လက်ဗွေနှင့် ပျက်လုံးကဲ့သို့သော ဇီဝအချက် အလက်များအပါအဝင် ဒစ်ဂျစ်တယ်ဓာတ်ပုံများကိုပါ မှတ်တမ်းတင်သိမ်း ဆည်းထားခြင်းဖြစ်ပါသည်။ ပါကစ္စတန်နိုင်ငံ၏ ဤစနစ်၌ နိုင်ငံသားတစ်ဦးချင်း၏ အမျိုးသားမှတ်ပုံတင်အမှတ်ကို ပင်မအခြေခံရည်ညွှန်းချက်အဖြစ် အသုံးပြုထားပါသည်။ သို့ဖြစ်ပါ၍ ကွန်ပျူတာစနစ်၌ နိုင်ငံသား တစ်ဦး၏အမျိုးသားမှတ်ပုံတင်အမှတ် ရိုက်ထည့်လိုက်ရုံမျှဖြင့် သက်ဆိုင်ရာ နိုင်ငံသား၏ ပုဂ္ဂိုလ်ရေးအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သကဲ့သို့ မဲဆန္ဒရှင်စာရင်းမှန်၊ မမှန်ကိုလည်း စစ်ဆေးနိုင်ပါသည်။
၂ဝ၂ဝ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းရရှိနိုင်ရေး ဦးတည်ချက်နှင့်အတူ ကမ္ဘာကြီးနှင့် အဆက်မပြတ်ထိတွေ့ဆက်ဆံလျက်ရှိသော တိုင်းပြည်၏လိုအပ်ချက်အရပ်ရပ်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ပါသည်။ ဤသို့ဆောင်ရွက်ရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာ ကွန်ပျူတာစနစ်ထူထောင်ရေးကိုပါ ပူးတွဲဆောင်ရွက်နိုင်ပါက တိုင်းပြည်၏ ကိစ္စအရပ်ရပ်စီမံခန့်ခွဲရာတွင် ထိရောက်ထက်မြက်သော လက်နက်ကောင်းတစ်ရပ်ဖြစ်လာမည် ဖြစ်ပါသည်။ ။
No comments:
Post a Comment