ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းအား အဆိုတင်သွင်းခြင်းနှင့် အရေးကြီးအဆိုတစ်ခု တင်သွင်းခြင်းဆောင်ရွက်

နေပြည်တော် မေ ၂
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၇ )ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့နှင့်သက်ဆိုင်သည့် မေးခွန်းနှစ်ခု မေးမြန်းဖြေကြားခြင်း၊ ၁၉၇၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့ကောင်စီဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား အဆိုတင်သွင်းခြင်းနှင့် အရေးကြီးအဆိုတစ်ခုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွင် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေနှင့်စရိတ်တို့ကို ယခုအချိန်ထိခံစားခွင့်မရရှိသေးသည့် ကိစ္စအတွက် မည်သို့ဆောင်ရွက်ထားသည်။ မည်သည့်အချိန်တွင် ထုတ်ပေးသွားမည်တို့ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်သော နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ကော်မရှင်အဖွဲ့ခွဲဝင်များကို ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေပေးအပ်နိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းချက်နှင့် အညီ ခန့်ထားမည့် အင်အားအရေအတွက် သက်တမ်းကာလနှင့် နိုင်ငံတော်မှ ကျခံခွင့်ပြုပေးနိုင်မည့် အသုံးစရိတ်၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ်မှတ်ခွင့်ပြု ပေးနိုင်မည့် လစဉ်ချီးမြှင့်ငွေနှုန်းထားတို့ကို ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ဆဲဖြစ်၍ လစဉ်ချီးမြှင့်ငွေပေးအပ်နိုင်ခြင်းမရှိသေးပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ ခွင့်ပြုချက်ရရှိပါက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်သော နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ကော်မရှင်အဖွဲ့ခွဲဝင်များကို လစဉ်ချီးမြှင့်ငွေ ခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ မဲဆန္ဒရှင်များ လွယ်ကူချောမွေ့စွာ ဆန္ဒပြုရွေးချယ် မဲပေးနိုင်ရေးအတွက် နောင်လာမည့်ရွေးကောက်ပွဲများတွင် ဆန္ဒမဲလက်မှတ်ကတ်ပြားပေါ်၌ ရွေးကောက်ပွဲဝင် ပါတီတံဆိပ်နှင့် ကိုယ်တစ်ပိုင်းပါ ဓာတ်ပုံများပြောင်းလဲ ထည့်သွင်းပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမှတ်ပုံတင်ကြေးအား တိုးမြှင့်သတ်မှတ်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ရွေးကောက်ပွဲကော်မရှင်မှ မဲဆန္ဒရှင်များလွယ်ကူချောမွေ့စွာ ဆန္ဒပြုရွေးချယ် မဲပေးနိုင်ရေးအတွက် နောင်လာမည့်ရွေးကောက်ပွဲများတွင် ဆန္ဒမဲလက်မှတ်ကတ်ပြားပေါ်၌ ရွေးကောက်ပွဲဝင် ပါတီတံဆိပ်နှင့် ကိုယ်တစ်ပိုင်းပါ ဓာတ်ပုံများပြောင်းလဲထည့်သွင်းပေးရန် အခက်အခဲရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို တိုးမြှင့်သတ်မှတ်ရန် ပြည်ထောင်စုလွှတ်တော်မှ အကြံပြုတိုက်တွန်းပါက ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်း က ပြည်သူ့ကောင်စီဥပဒေ (ဥပဒေအမှတ် ၈/၁၉၇၄)ကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်သို့ အဆိုတင်သွင်းသည်။
အဆိုနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်းကြေညာသည်။
ပြည်သူ့ကောင်စီဥပဒေကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းခဲ့ပြီး ၂ဝဝ၈ ခုနှစ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိခြင်း၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ်အဆင့်ဆင့် ပြောင်းလဲလာခြင်း၊ ပါတီစုံဒီမိုကရေစီ စနစ်သို့ ပြောင်းလဲကျင့်သုံးနေခြင်း၊ ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေမှုမရှိခြင်းတို့ကြောင့် ရုပ်သိမ်းသည့် ဥပဒေကိုရေးဆွဲရခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီထံမှ သိရသည်။
ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်က မြန်မာ့တပ်မတော်နဲ့ AA တပ်မတော်တို့အကြား ရခိုင်ပြည်နယ်အတွင်း ယခုတစ်လော တစ်ကျော့ပြန် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ချက်ချင်းရပ်စဲပြီး AA တပ်မတော်ကို နိုင်ငံရေးအရဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းရာ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်းက ထောက်ခံဆွေးနွေးသည်။
အဆိုပါအရေးကြီးအဆိုနှင့်စပ်လျဉ်း၍ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်ဆန်းချစ်က အဆိုရှင်တင်သွင်းသွား သည့်အထဲတွင် AA တပ်မတော်ဟု သုံးနှုန်းသွားပါကြောင်း၊ တပ်မတော်သည် တစ်ခုတည်းသာရှိပါကြောင်း၊ AA အဖွဲ့အစည်းသည် သောင်းကျန်းသူအဖွဲ့ အစည်းဖြစ်၍ တပ်မတော်ဟု သုံးနှုန်းခြင်းသည် AA အဖွဲ့အစည်းကို အသိအမှတ်ပြုရာရောက်သည့်အတွက် ကန့်ကွက်ပါကြောင်း၊ ထို့ပြင် ဆွေးနွေးချက်ထဲတွင် ပေါ်တာဆွဲသည်ဟု သုံးနှုန်းသွားပြီး အမှန်တကယ် မြေပြင်၌ ဆောင်ရွက်ခြင်းမရှိကြောင်း၊ အမျိုးသားလွှတ်တော် နည်းဥပဒေ ၁၅၉(ခ)အရ အဖွဲ့အစည်း တစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေပါကြောင်း၊ AA အဖွဲ့အစည်းနှင့်ပတ်သက်၍ NCA အဖွဲ့အစည်းနှင့်တွေ့ဆုံဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ယခုအဆိုကို အရေးကြီးအဆိုအဖြစ် ဆောင်ရွက်ခြင်းမပြုဘဲ လုပ်ထုံးလုပ်နည်းနှင့်အညီ အုပ်ချုပ်ရေးအပိုင်းက ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးသည်။
အရေးကြီးအဆိုနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ၂ဝ၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၄၊ နည်းဥပဒေခွဲ(ခ)၊ နည်းဥပဒေခွဲငယ်(၂) အရ လွှတ်တော်ကိုယ်စားလှယ် သုံးပုံတစ်ပုံက ထောက်ခံ ပါက အရေးကြီးအဆိုကို လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုကို ထောက်ခံသည့်လွှတ်တော်ကိုယ်စားလှယ်များ မတ်တတ်ရပ်ဆန္ဒပြုစေလိုကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၁ ဦး၏ သုံးပုံတစ်ပုံမှာ ၇၅ ဦးဖြစ်ပြီး ထောက်ခံသူမှာ ၉၆ ဦးရှိသည့်အတွက် အရေးကြီးအဆိုကို လွှတ်တော်က လက်ခံအတည်ပြုကြောင်းနှင့် အဆိုကို မေ ၃ ရက်၌ ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၈)ရက်မြောက်နေ့ကို မေ ၃ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားရန် လျာထားကြောင်းသိရသည်။
(သတင်းစဉ်)
No comments:
Post a Comment