
နေပြည်တော် မေ ၂
လက်ရှိလျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ် မှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာ ရှိစေရန် နည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်နေသည့် တပ်မတော်၏ ရပ်တည်ချက်၊ လုပ်ဆောင်ချက်များအပေါ် အထင်အမြင်လွဲမှားသုံးသပ်သူတချို့သည် တပ်မတော်ပြိုကွဲအောင် ခွဲထုတ်ဖြိုဖျက်ခြင်းများ နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်ပြီး တပ်မတော်၏ စည်းလုံးညီညွတ်မှုပျက်ပြားအောင်၊ တပ်မတော် ''အား''ပျော့သွားအောင် လုပ်ဆောင်လာနိုင်သဖြင့် သတိတရားရှိကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ရန်ကုန်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့နိုင်ငံအနေဖြင့် လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း၏ ဒုတိယသက်တမ်းကာလသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ပထမအကြိမ် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ရွေးချယ်ခံအစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အား တတ်နိုင်သမျှလုပ်ဆောင်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့်လည်း ပြည်သူရွေးချယ်သော လမ်းကြောင်းကို အနှောင့် အယှက်မရှိစေရန်၊ တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းဖြတ်သန်းနိုင်ရန် တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ် ဒုတိယအကြိမ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအကြို၊ ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲ အလွန်ကာလများတွင် မိမိတို့၏ အခြေခံသဘောထားရပ်တည်ချက်များကို ထုတ်ဖော်ပြောကြား၍ လွတ်လပ်ပြီးတရားမျှတမှုကို ဖော်ဆောင်ပြသနိုင်ခြင်းမှာ တပ်မတော်၏ဂုဏ်ပင်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မိမိနိုင်ငံဖြတ်သန်းနေရသော လက်ရှိအခြေအနေတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ဆောင်ရန်များစွာ ရှိနေကြောင်း၊ ဒီမိုကရေစီစနစ်ကိုလက်ခံပါက၊ ခိုင်မြဲစေလိုပါက လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ တရားဥပဒေလေးစားလိုက်နာရေး၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ကိုင်ရေးတို့ကို အလေးထားရမည်ဖြစ်ကြောင်း၊ အချို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းရင်းသားများ၏ အခွင့်အရေးတောင်းဆိုမှုအပေါ် မူတည်ဖြစ်ပေါ်လာသော်လည်း အချို့အဖွဲ့ အစည်းများမှာ ဥပဒေတွင်ပြဋ္ဌာန်းပေးထားပြီးဖြစ်သည့် အချက်အလက်များအား မျက်ကွယ်ပြု၍ တောင်းဆိုမှုများလည်းရှိကြောင်း။
မြန်မာနိုင်ငံတွင် မည်သည့်ဘာသာကိုမဆို လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့် ရှိသော်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သူ ၈၅ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ အခြားဘာသာကိုးကွယ်မှုကိုလည်း အသိအမှတ်ပြုကြောင်း၊ ဗုဒ္ဓ၏ အဆုံးအမတွင် ငါးပါးသီလတရားရှိကြောင်း၊ တစ်ပါးသီလ၊ နှစ်ပါးသီလ စသည်ဖြင့် သူ့ကဏ္ဍနှင့်သူ ရှိကြသော်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးအနေဖြင့် အနည်းဆုံး ငါးပါးသီလကို ထိန်းသိမ်းပါက ပိုမိုပြည့်စုံကောင်းမွန်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ်စာစောင်များပေးအပ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ်ရှိ မိခင် နှင့်ကလေး စောင့်ရှောက်ရေးအသင်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
(မြဝတီ)
No comments:
Post a Comment