Tuesday, May 3, 2016

နီပေါနှင့် အိန္ဒိယမြောက်ပိုင်းဒေသများ၌ အဆိုးရွားဆုံးသော တောမီးလောင်မှုဖြစ်ပွား



The Mirror Daily's photo.


နယူးဒေလီ မေ ၂

နီပေါနှင့် အိန္ဒိယမြောက်ပိုင်းရှိ ဒေသများ၌ နှစ်ပေါင်း အတန်ကြာကာလအတွင်း အဆိုးရွားဆုံးသော တောမီးလောင်ကျွမ်းမှုဖြစ်ပွားလျက်ရှိရာ သစ်တော မြေဟက်တာ ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရပြီး လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း၊ ဟိမဝန္တာ တောင်တန်း၏ တောင်ဘက်ခြမ်း ဝေဟင်အတွင်း မီးခိုးလုံးများ ပေါ်ထွက်နေပုံကို အာကာသအတွင်းမှပင် တွေ့မြင်ရကြောင်း ရိုက်တာသတင်းဌာနက မေ ၂ ရက်တွင် သတင်းထုတ်ပြန်သည်။

နီပေါနိုင်ငံ၌ သစ်တောမြေ ဟက်တာ ၂၈ဝဝဝဝ (ဧက ၆၉၂ဝဝဝ)အကျယ်အဝန်းရှိ မြေနေရာတွင် မီးဝါးမြိုခဲ့ပြီး မီးငြှိမ်းသတ်ရန် ကြိုးပမ်းသူ လူ ၁၁ ဦး သေဆုံးခဲ့ရသည်။ နီပေါနိုင်ငံ၌ ခြောက်နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး တောမီးလောင်မှု ဖြစ်သည်။

ယခုနှစ်သည် အပူလှိုင်းကာလရှည် ကျရောက်သည့် နှစ်တစ်နှစ်ဖြစ်ပြီး အပူချိန်သိသိသာသာ မြင့်ခဲ့ရာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်စေကြောင်း နီပေါသစ်တောရေးရာဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်းပြည်နယ်၌ လေးနှစ်အတွင်း အဆိုးရွားဆုံးတောမီးလောင်မှု ဖြစ်ပွားခဲ့ရာတွင် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒေသခံ ပြည်သူများ၏ နိစ္စဓူဝလူနေမှုဘဝလှုပ်ရှားမှုကို ထိခိုက်စေကြောင်း အရေးပေါ်လုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဥတ္တရာခန်း ပြည်နယ်၌ တောမီးလောင်မှု အရှိန်မြင့်တက်လာခဲ့ပြီး သစ်တောမြေဟက်တာ ၂ဝဝဝ (ဧက ၄၉ဝဝ)ကျော် မီးသင့်လောင်ကျွမ်းခဲ့သည်။

အိန္ဒိယလေတပ်ရဟတ်ယာဉ်များက တောမီးငြှိမ်းသတ်မှုတွင် ပါဝင်ကူညီခဲ့ကြသော်လည်း အမြင်အာရုံမကောင်းမွန်သဖြင့် လုပ်ငန်းတွင်ကျယ်မှုမရှိကြောင်း သတင်းတွင်ဖော်ပြသည်။
ရိုက်တာ။

No comments:

Post a Comment