
ရန်ကုန် မေ ၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ ရွှေဂုံတိုင် ယုဇနတာဝါရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး၌ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဥက္ကဋ္ဌနှင့် ကောင်စီဝင်များက မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၏ လက်ရှိ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ လက်ရှိ ပုဂ္ဂလိကသတင်းစာများ၏အခြေအနေနှင့် အခက်အခဲများ၊ ရုပ်မြင်သံကြားဥပဒေ စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက ကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ စာပေဗိမာန်အစည်းအဝေးခန်းမ၌ Myanmar Book Aid Pre-servation Foundation၊ မြန်မာ နိုင်ငံစာကြည့်တိုက်အသင်း၊ မြန်မာ နိုင်ငံဗိသုကာအသင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ယခုစာပေဗိမာန်သည် ရန်ကုန်မြို့လယ်၏ အချက်အချာကျ သောနေရာတွင် တည်ရှိသောကြောင့် အများပြည်သူအားထားရာ နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်တစ်ခု ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မူလရှေးဟောင်း လက်ရာမပျက် ပြင်ဆင်သွားမည်ဖြစ်ပြီး ကော်မတီ တစ်ရပ်ဖွဲ့စည်း၍ စနစ်တကျဆောင် ရွက်သွားမည်ဖြစ်ကာ ကော်မတီတွင် ပါဝင်သင့်၊ ပါဝင်ထိုက်သူများ ပါဝင် ဆောင်ရွက်သွားရန်နှင့် စာပေဗိမာန် အောက်ထပ်တွင် ပုဂ္ဂလိကစာအုပ် ဆိုင်များကိုပါဖွင့်လှစ်ပြီး ရောင်းချနိုင်ရေး အကြံပြုဆွေးနွေးကြပါရန် ဆွေးနွေးပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် ကလေး စာကြည့်တိုက်၊ စာပေဗိမာန်အရောင်း ဆိုင်အပါအဝင် စာပေဗိမာန် အဆောက်အအုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
လက်ရှိတွင် စာပေဗိမာန်စာကြည့် တိုက်များ အဆင့်မြှင့်တင်ရာ၌ Myanmar Book Aid Preservation Foundation နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ကလည်း စာကြည့်တိုက်များ အဆင့်မြှင့်တင်ရေးအတွက် သဘောတူညီချက် (MoU)ကို လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး စာကြည့်တိုက်များတွင် မိုဘိုင်းဖုန်း တက်ပလက်များဖြင့် ဖတ်ရှုနိုင်မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ မိုဘိုင်းဖြင့် ဝန်ဆောင်နိုင်သည့် စာကြည့်တိုက်များကို ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ငါးခုစီ၊ ပြည် နယ်နှင့် တိုင်းဒေသကြီးများတွင် တစ်ခုစီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment