နေပြည်တော် မေ ၂
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်းနှင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပခုက္ကူမဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ဆက်သွယ်ရေး ကွန်ရက်များကို တိုးချဲ့ပြုလုပ်လျက်ရှိရာ ရပ်ကွက်အတွင်း၊ ကျေးရွာအနီးအပါး တာဝါတိုင်များ တည်ဆောက်ခြင်းသည် မည်မျှအကျိုးရှိသည်၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ရှိ၊ မရှိကို ပြည်သူ အများရှင်းလင်းစွာ သိရှိအောင် မြန်မာ့အသံနှင့် အခြားမီဒီယာမှ ပညာပေးရှင်းလင်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ တာဝါတိုင်များကို ရပ်ကွက်များ၊ ကျေးရွာများအနီး ရွေးချယ်တည်ဆောက်ခြင်းကြောင့် Voice/ Data အပါအဝင် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှု ဧရိယာ ပိုမိုကောင်းမွန်လာပြီး ဆက်သွယ်မှု ပိုမိုလျင်မြန်လွယ်ကူ ချောမွေ့စေမည်ဖြစ်ကြောင်း။
ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ GSM Association မှ ကျွမ်းကျင်သူများ၊ Ericssion မှ လျှပ်စစ်သံလိုက်စက်ကွင်း သုတေသန ပညာရှင်များနှင့် မိုဘိုင်းအော်ပရေ တာများ ပူးပေါင်းဆောင်ရွက်ခဲ့သော တိုင်းတာမှုများအရ မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များသည် နိုင်ငံတကာမှ သတ်မှတ်ထားသည့် နည်းပညာဆိုင်ရာ စံချိန်စံညွှန်း များနှင့်ကိုက်ညီမှုရှိပြီး မိုဘိုင်းကွန်ရက်များ၏ ရေဒီယိုလှိုင်းနှုန်းများသည် ကျန်းမာရေးအပေါ် ထိခိုက်မှုရှိသည့် အထောက်အထား မတွေ့ရှိရကြောင်း၊ အင်တာနာများ၏ အနီးတစ်ဝိုက်တွင် နေထိုင်ခြင်း၊ မိုဘိုင်းဖုန်းများ အသုံးပြု ခြင်းဖြင့် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်ရန်မလိုအပ်ကြောင်း၊ ဥရောပ၊ မြောက်အမေရိကနှင့် အာရှတိုက်တို့တွင် အသုံးပြုသည့် မိုဘိုင်းစက်ပစ္စည်းနှင့် နည်းပညာများအတိုင်း မြန်မာနိုင်ငံ၏ မိုဘိုင်းကွန်ရက်တွင် အသုံးပြုထားကြောင်း၊ တာဝါတိုင်များနှင့် ပတ်သက်၍ ဒေသခံပြည်သူများအနေဖြင့် တာဝါတိုင်ကြံ့ခိုင်မှု၊ စက်သံဆူညံမှု၊ ကျန်းမာရေးအန္တရာယ် စိုးရိမ်ပူပန်မှုများကို ကွင်းဆင်း၍ အသိပညာပေး ရှင်းလင်းတင်ပြသွားမည် ဖြစ်သည့်အပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သတင်းစာ၊ ရေဒီယိုနှင့်အခြား မီဒီယာများမှလည်း အလျဉ်းသင့်သလို အသိပညာပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်၏ စစ်တွေမြို့မှ တောင်ပိုင်းခရိုင်များရှိ မြို့နယ် အသီးသီးသို့ ပို့ဆောင်သွားလာခဲ့သည့် ရေကြောင်း ပို့ဆောင်ရေးဌာနပိုင် သင်္ဘောခရီးစဉ်များကို လက်ရှိအစိုးရ လက်ထက်၌ ပြန်လည်စီစဉ်ပေးရန် ရှိ၊ မရှိနှင့် မဆောင်ရွက်နိုင်ပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပင်လယ်ပြင် ဖြတ်သန်းပြေးဆွဲရသော အဆိုပါခရီးလမ်းကို မြစ်တွင်းသွား ရေယာဉ်ဖြင့် ပြေးဆွဲခဲ့သည့်အတွက် နစ်မြုပ်မှုရှိခဲ့ပါကြောင်း၊ ဘေးကင်း လုံခြုံစွာသွားလာနိုင်ရေးအတွက် ကမ်းရိုးတန်းသွားရေယာဉ်ဖြင့် ပြေးဆွဲရန် ယခင်ပို့ဆောင်ရေးဝန်ကြီးက ဂျပန်နိုင်ငံ၏ အကူအညီရရှိရန် ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း။
ထို့ကြောင့် အဆိုပါလမ်းကြောင်းတွင် သင်္ဘောပြေးဆွဲနိုင်ရန် ထောက်ပံ့ ငွေ ဂျပန်ယန်းသန်း ၂ဝဝ ရရှိခဲ့ပါ ကြောင်း၊ ယင်းထောက်ပံ့ငွေဖြင့် ရခိုင် ဒေသအတွက် လိုအပ်သော ကမ်းရိုးတန်းသွား ရေယာဉ်တစ်စင်းရရှိရန် ငွေကြေးလုံလောက်မှုမရှိပါကြောင်း၊ ထို့ကြောင့် ပြည်ပမှ သံပြား၊ သံကိုင်းများ ဝယ်ယူတင်သွင်းပြီး အမြန်ရေယာဉ် သစ်တစ်စင်း တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ပမှ သံပြား၊ သံကိုင်းများရရှိလာပြီး ရေယာဉ်ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်း ပြီးစီးပါက အမြန်တည်ဆောက်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်စိုးလင်းက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းရာတွင် ၁၉၇၅ ခုနှစ် တစ်ပါတီစနစ်ကျင့်သုံးစဉ်က ပြဋ္ဌာန်းခဲ့သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့် ဥပဒေသည် ယင်းအချိန် က နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကိုပါ ထိပါးနှောင့်ယှက် သူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန်လိုအပ်ပါက နိုင်ငံတော်၏ ဒေသတစ်ခုခုတွင်ဖြစ်စေ၊ ဒေသအချို့တွင် ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးတွင်ဖြစ်စေ အရေးပေါ်အခြေအနေကြေညာပြီး ထိုဒေသများတွင် နေထိုင်သောနိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ကိုလည်း လိုအပ်သလို ကန့်သတ်ကြေညာနိုင်ရန် ပြဋ္ဌာန်းခဲ့သည့်ဥပဒေ ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ကန့်သတ်ခြင်းသည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပေးသည့် ပြဋ္ဌာန်းချက်များနှင့်ဆန့်ကျင်နေသောကြောင့် အဆိုပါဥပဒေကို ရုပ်သိမ်းရ ခြင်းဖြစ်ပါကြောင်း တင်သွင်းသည်။
ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အစီရင်ခံစာဖတ်ကြားပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့ပြင် ယနေ့အစည်းအဝေးတွင် ပါကစ္စတန်အစ္စလာမ္မစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ဆာဒါအာယက်ဇ်ဆာဒစ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကိုလည်း လွှတ်တော်က မှတ်တမ်းတင်သည်။
(သတင်းစဉ်)

No comments:
Post a Comment