Tuesday, May 3, 2016

(3.5.2016) ကြေးမုံစာတည်းရှုထောင့်



သတင်းလွတ်လပ်မှုနှင့်အတူ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်

ယနေ့ မေလ ၃ ရက်နေ့သည် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်သည်။ ထိုနေ့ကို ကမ္ဘာ့နိုင်ငံများ သတင်းလွတ်လပ်ခွင့် မည်သည့် အတိုင်းအတာတစ်ခုအထိရှိနေသည့် အခြေအနေများကို သက်ဆိုင်ရာ ပြည်သူများ သိရှိနိုင်အောင် အသိပေးရန်၊ သတင်းလွတ်လပ်ခွင့်  အရေးပါပုံနှင့်ပတ်သက်ပြီး သိမြင်နားလည်မှု မြှင့်တင်ရန်နှင့်  Windhoek ကြေညာစာတမ်းနှင့် ၁၉၄၈ ခုနှစ် Universal Declaration of Human Rights ၏ Article 19 ပါအချက်ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ကမ္ဘာ့နိုင်ငံများ၏အစိုးရ များက လေးစားကျင့်သုံးရန် တာဝန်ရှိသည်ဟူသည့်အချက်ကို သတိပေးလိုသည့်  ရည်ရွယ်ချက်ဖြင့်  ကျင်းပခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သတင်းလွတ်လပ်ခွင့် အတိုင်းအတာတစ်ခု အထိရနေပြီဖြစ်သော်လည်း  အကောင်းဆုံးအနေအထားသို့ မရောက်သေးချေ။ Reporters Without Borders Index က လေ့လာထားသည့် နိုင်ငံပေါင်း ၁၈ဝ တွင် အဆင့် ၁၄၃ နေရာတွင်ရှိ နေပြီး အရှေ့တောင်အာရှ(၁ဝ)နိုင်ငံတွင် အဆင့်(၅)နေရာတွင် ရပ်တည်နေသည်ဟုဆိုထားရာ ကမ္ဘာ့အလယ်တွင် သတင်းလွတ်လပ် မှု အဆင့်မမြင့်မားသေးသော်လည်း အရှေ့တောင်အာရှတွင် အလယ်အလတ်အဆင့်နေရာသို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။

ထိုအဆင့်သို့ရောက်ရှိလာအောင် ယခင်အစိုးရလက်ထက် ကတည်းက ပုဂ္ဂလိကမီဒီယာများ လွတ်လပ်စွာ ရေးသားထုတ်ဝေ ခွင့်ပြုပေးခဲ့ရာ တိုတောင်းသည့်အချိန်ကာလအတွင်း သတင်း လွတ်လပ်ခွင့် ဤမျှရရှိခဲ့သည်မှာ အံ့သြဖွယ်ပင်။ သို့သော် သတင်းသမားများ  လုံခြုံဘေးကင်းရေး၊ လွတ်လပ်စွာ  သတင်း ရယူရေးအပိုင်းတွင် လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရသည်။ မည်သို့ပင်ဖြစ်စေ ယခင်အစောပိုင်းအခြေအနေထက် သတင်း လွတ်လပ်မှု သာလွန်စွာရရှိနေသည်မှာ အမှန်ဖြစ်သည်။ အစိုးရသစ် အနေဖြင့်လည်း မြန်မာနိုင်ငံ၏ မီဒီယာကဏ္ဍကို မြှင့်တင်ပေးမည် ဟုဆိုထားပြန်သဖြင့် မီဒီယာကဏ္ဍတိုးတက်ရေးအတွက်  အလား အလာကောင်းပင် ဖြစ်သည်။

တစ်ဖက်က ဤသို့အခွင့်အရေးများကိုပေးထားသော်လည်း မီဒီယာအချို့အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေ သေးသည်ကို တွေ့ရသည်။ အထူးသဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းမှု၊ အမုန်းပွားစေမှု၊ အထင်အမြင်လွဲမှားစေမှုများ အချို့ မီဒီယာများတွင် မြင်တွေ့နေရသေးသည်။ မြန်မာနိုင်ငံသည် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိပြီး လူမျိုးပေါင်းစုံ စုပေါင်း နေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုပျက်ပြားစေသော၊ အမုန်းပွားစေသော၊ အထင်အမြင်လွဲမှားစေသော၊ ကိုယ်ကျင့်တရားပျက်ပြားစေသော ရေးသားဖော်ပြမှုများရှိခဲ့သည်ကို တွေ့ရသည်။

အစိုးရအနေဖြင့်လည်း  သတင်းသမားများ  လွတ်လပ်စွာ သတင်းရယူနိုင်ရေးနှင့် လွတ်လပ်စွာထုတ်ဖော်ရေးသားနိုင်ရေး အတွက် အာဏာပိုင်အဖွဲ့အနေဖြင့်လည်း လေးစားလိုက်နာ၊ နားလည်လက်ခံတတ်ဖို့ ကြိုးစားကြရမည်ဖြစ်သည်။ ဗမအငခူန ၁၉ တွင်လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို အစိုးရများက လေးစားလိုက်နာဖို့ တာဝန်ရှိသည်ဟု သတိပေးထားသည်။

သို့ဖြစ်ရာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် မိမိတို့နိုင်ငံ အနေဖြင့် သတင်းလွတ်လပ်ခွင့် ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများကို လေးစားလိုက်နာရန် နှင့် လွတ်လပ်မှုနှင့်အတူ တာဝန်ယူမှု၊  တာဝန်ခံမှုများကိုလည်း ပိုမိုအလေးထား လိုက်နာကျင့်သုံးကြရမည်ဖြစ်ပါကြောင်း။      ။

No comments:

Post a Comment