Saturday, April 2, 2016

သီပေါတုံစင့်ကိုးမြို့ရှင်နန်းမှ ရဟန်းခံ ရှင်ပြုပွဲ ကျင်းပမည်




The Mirror Daily's photo.


သီပေါ ဧပြီ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ တုံစင့်၊ ကိုးမြို့ရှင်၊ ပုလဲယဉ်၊ ခွန်ချို ခွန်သာနတ်နန်းကြီးမှ နန်းထိန်းကြီး မိသားစု၏ သင်္ကြန်ကာလ ဒုတိယအကြိမ် ရဟန်းခံရှင်ပြု အလှူတော် မင်္ဂလာကို ဧပြီ ၁ဝရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

တုံစင့်ကိုးမြို့ရှင်နန်းကြီးမှ နန်း ထိန်းကြီး ဦးဆန်စိုင်းမိသားစုသည် ၂ဝ၁၅ ခုနှစ် ဧပြီ ၁ဝ ရက်က ပထမအကြိမ်အဖြစ် စုစုပေါင်း ၉ဝ အား ရဟန်းခံ ရှင်ပြုအလှူတော်ကြီးကို ကျင်းပလုပ်ပေးခဲ့သည်။

ယခု ဒုတိယအကြိမ်အဖြစ် သင်္ကြန်ကာလအတွင်း ရဟန်းခံရှင်ပြု ပေးခြင်းအလှူတော်ကို နေရပ်ဒေသ မခွဲခြား၊ လူမျိုးမရွေး ရဟန်းခံရှင်ပြု လိုသူများအားလက်ခံ၍အခမဲ့ကုသိုလ် ယူဆောင်ရွက်ပေးမည်ဖြစ်ရာ ဧပြီ ၁ ရက်အထိ စုစုပေါင်း ၁၇၅ ဦး စာရင်း ပေးသွင်းထားပြီးဖြစ်သည်။

ထပ်မံစာရင်းပေးသွင်းမည့် ပုဂ္ဂိုလ်များကိုလည်း ဆက်လက်၍ ဧပြီ ၉ ရက်အထိ လက်ခံသွားပြီး သီပေါ ဟော်နန်းဦးကျောင်း၌ ရဟန်းခံရှင်ပြု အလှူတော်ကြီးကို ကျင်းပပြုလုပ်ပေးမည်ဖြစ်သည်။

''သာသနာတော်အတွက် ကျွန်တော့်မိသားစုရဲ့ စေတနာ သဒ္ဓါ တရားအရ ယခုလို ရဟန်းခံရှင်ပြု ပွဲကြီးကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ မည်သူရဲ့ဖိအားပေးတိုက်တွန်း ချက်ကြောင့်မှ မဟုတ်ပါဘူး၊ ခေါင်းစဉ် တပ်ပြီး အလှူခံခြင်းလည်းမရှိပါဘူး၊ရဟန်းခံရှင်ပြုလိုကြတဲ့ပုဂ္ဂိုလ်များကိုလည်း နေရပ်ဒေသ လူမျိုးဘာသာ ခွဲခြားခြင်းမရှိသလို ငွေကြေးကောက်ခံ ခြင်းလည်း လုံးဝမရှိပါဘူး၊ လူရော နတ်တွေပါ ကောင်းကျိုးချမ်းသာရရှိ စေနိုင်တယ်လို့ ယုံကြည်ချက်များနဲ့ သဒ္ဓါတရားသက်သက်ဖြင့်သာ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ် '' ဟု တုံစင့် ကိုးမြို့ရှင်နန်းထိန်းကြီး ဦးဆန်စိုင်းက ရှင်းလင်းပြောကြားခဲ့သည်။
သီပေါကိုလတ်

No comments:

Post a Comment