Saturday, April 2, 2016

အာရှထိပ်သီး တောင်ကိုရီးယားလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း မြန်မာနိုင်ငံ၌ ခြေစမ်းပွဲကစားမည်




The Mirror Daily's photo.


ရန်ကုန် ဧပြီ ၁

အာရှအမျိုးသမီးဘောလုံးလောကတွင် ထိပ်သီးအသင်းအဖြစ် ရပ်တည်နေပြီး ဖီဖာအမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲအထိ ယှဉ်ပြိုင်ခွင့်ရရှိထားသည့် တောင်ကိုရီးယားလက်ရွေးစင် အမျိုးသမီးအသင်းသည် မြန်မာနိုင်ငံသို့ လာရောက်၍ အာဆီယံအမျိုးသမီး ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် တောင်ကိုရီးယား လက်ရွေးစင် အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲကို ဇွန် ၄ ရက်နှင့် ၆ ရက် ညနေ ၅နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ခြေစမ်း ပွဲများကို မူလက မန္တလေးမြို့တွင် ကျင်းပရန်စီစဉ်ထားသော်လည်း တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်၏ တောင်းဆိုမှုကြောင့် ရန်ကုန်မြို့သို့ ပြောင်းလဲကျင်းပခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်သစ်ဖြစ်သူ နယ်သာလန် အမျိုးသမီးလက်ရွေးစင် အသင်းနည်းပြဟောင်း ရော်ဂျာရိုင်နာသည် ပြိုင်ပွဲမတိုင်မီ အာရှထိပ်သီး အသင်းတစ်သင်းနှင့် ခြေစမ်းပွဲကစားလိုကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ထံ တောင်းဆိုခဲ့ရာ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ထံ ထပ်မံကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံအမျိုးသမီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ရည်မှန်းထားသည့် မြန်မာအမျိုးသမီးအသင်း အနေဖြင့် ပြိုင်ပွဲမတိုင်မီ ခြေစွမ်းပိုင်းမြင့်မားသည့် တောင်ကိုရီးယားလက်ရွေးစင်အသင်းနှင့် ခြေစမ်းခွင့်ရရှိခဲ့ခြင်းမှာ အလွန်အကျိုးရှိသည်ဟု ဆိုရမည် ဖြစ်သည်။

နည်းပြသစ် ရော်ဂျာသည် မြန်မာအမျိုးသမီးအသင်းကို ဖေဖော်ဝါရီလက စတင်ကိုင်တွယ် လျက်ရှိပြီး ပြိုင်ပွဲမတိုင်မီ ပြင်ဆင်မှုအဖြစ် မေလအတွင်း၌ ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ သွားရောက်ကာ လေ့ကျင့်မှုများပြုလုပ်ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ-ရှိုင်းထက်ဇော်

No comments:

Post a Comment