Wednesday, January 28, 2015

မြန်မာ့ရက်ကန်း အဆင့်မြှင့်တင်



မြန်မာ့အလင်း အယ်ဒီတာ့အာဘော်


မြန်မာနိုင်ငံ၌ စက်ရက်ကန်းများမပေါ်ပေါက်မီက လက်ရက် ကန်းများ ထွန်းကားခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။ အထူးသဖြင့် အထက်မြန်မာနိုင်ငံ အနှံ့အပြားတွင် မြို့ပေါ်၌သာမက တောနယ်ကျေးရွာများအထိ ထွန်းကားခဲ့သည်။ မြန်မာနိုင်ငံ၌ ဝံသာနုရက္ခိတစိတ်ဓာတ်များ အပြင်းထန်ဆုံးအချိန် ဟု ဆိုအပ်သော လွတ်လပ်ရေးမရမီက မြန်မာလူမျိုးအများစု သည် မိမိနိုင်ငံပြည်တွင်းဖြစ် အဝတ်အထည်များကို ဝတ်ဆင်ကြ လေ့ရှိရာ လက်ရက်ကန်းအတတ်ပညာသည်လည်း တစ်ဟုန်ထိုး တိုးတက်ခဲ့လေသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပံ္ပကျောင်းသည် မြန်မာ့ရက်ကန်း သမိုင်းတွင် ထင်ရှားအောင်မြင်လာပြီး ယနေ့ခေတ်တိုင် ရက်ကန်း အတတ်ပညာရှင်များမွေးထုတ်ပေးရာ သင်တန်းကျောင်းပင်ဖြစ် သည်။ မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးမြို့တွင် တရားရေးမင်းကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော Mr.L.H Saunder က အင်္ဂလန်မှ လွန်းပြန်လက်ခတ်တစ်ခုကို ယူဆောင်၍ အမရပူရ မြို့တွင်ရှိသော ရိုးရာလက်ရက်ကန်းစင်၌ တပ်ဆင်အသုံးပြုခဲ့ပြီး ရက်ကန်းအတတ်ပညာများကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရန် ၁၉၁၄ ခုနှစ်တွင် အမရပူရမြို့ ယခုလက်ရှိနေရာ၌ ရက်ကန်း ပညာသင်တန်းကျောင်းတစ်ကျောင်းကို စတင်တည်ဆောက်ခဲ့သည်။ ရက်ကန်းပညာသင်တန်းကျောင်းကို စတင်တည်ထောင်ပေးခဲ့သော Mr.L.H Saunder ကို ဂုဏ်ပြုသောအားဖြင့် ယင်းရက်ကန်း ကျောင်းကို ဆောင်းဒါးရက်ကန်းကျောင်းဟု အမည်ပေးခဲ့ရာ ယခုအခါ နှစ် ၁ဝဝ တိုင်ခဲ့လေပြီ။

ဒုတိယသမ္မတဦးဥာဏ်ထွန်းသည် အဆိုပါရက်ကန်းကျောင်း သို့ ဇန်နဝါရီ ၂၂ ရက်က ရောက်ရှိစဉ် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပံ္ပ၏ ရည်မှန်းချက်ဖြစ်သည့် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော ရက်ကန်းစင်တာနှင့် အရှေ့တောင်အာရှ၏ သဘာဝဆိုးဆေးနှင့် လက်ရက်ထည်ကဏ္ဍ ထိပ်တန်းနည်း ပညာသင်ကြားပေးနိုင်သည့်ကျောင်းအဖြစ် ရပ်တည်သွားနိုင်ရေး ကြိုးပမ်းသွားရန်ဖြစ်ကြောင်း၊ ဆောင်းဒါးရက်ကန်း သိပံ္ပမှာ သမိုင်းအစဉ်အလာကြီးမားသည့် ကျောင်းကြီးဖြစ်ပြီး ''လွန်းပြန် အစဆောင်းဒါးက'' ဟူသည့် ဆောင်ပုဒ်ကို တန်ဖိုးထားရမည် ဖြစ်ကြောင်း၊ ရိုးရာရက်ကန်း အမွေအနှစ်များကို ဆက်လက်ရပ် တည်နိုင်ရေး၊ ရှင်သန်ရေး၊ ရေရှည်ဖွံ့ဖြိုးရေးတို့အတွက် ဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ကမ္ဘာလှည့် ခရီးသွားများ စိတ်ဝင်စားသည့်နေရာဖြစ်အောင် ဖန်တီးသွားရန်၊ ဆောင်းဒါးရက်ကန်းထည်များကို ဈေးကွက်ထိုးဖောက်ရာတွင် စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် တီထွင်ဖန်တီးနိုင်ရန် လိုအပ် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပံ္ပသည် ဒေသ အသီးသီးရှိ အထက်တန်းရက်ကန်းကျောင်း ရှစ်ကျောင်း၊ အခြေခံ ရက်ကန်းကျောင်းငါးကျောင်းတို့နှင့် ချိတ်ဆက်ကာ ရက်ကန်း ပညာရပ်များ သင်ကြားပို့ချပေးနေသောကျောင်းကြီးဖြစ်ပြီး ဒီပလို မာလက်မှတ်များပေးအပ်ချီးမြှင့်လျက်ရှိကြောင်း သိရသည်။

သို့ပါ၍ မြန်မာလူမျိုးတို့၏ လက်မှုအမွေအနှစ်တစ်ရပ် ဖြစ်သည့် ရက်ကန်းအတတ်ပညာများ မတိမ်ကောအောင် ထိန်းသိမ်း ရမည်ဖြစ်သကဲ့သို့ ရက်ကန်းအတတ်ပညာရှင် အများအပြား မွေးထုတ်ကာ မြန်မာ့ရက်ကန်းထည်များ ပိုမိုကောင်းမွန်အောင် ထုတ်လုပ်ခြင်းဖြင့် မြန်မာ့ရက်ကန်းအဆင့်အတန်းကို မြှင့်တင် သွားသင့်ပါကြောင်း။ ။

No comments:

Post a Comment