နေပြည်တော် နိုဝင်ဘာ ၃
လောက်ကိုင်ခရိုင်ရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၂၁) ကွမ်းလုံမှတပ်ဖွဲ့ဝင်များ၊ မှုခင်းတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ကိုးကန့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁ ရက်က လောက်ကိုင်မြို့ တောင်ညီနောင် ဂေါက်ကွင်းအနီးတွင် လောက်ကိုင်မြို့ဘက်မှ ရန်လုံကျိုင်း ကျေးရွာဘက်သို့ လီသိုင်းချန်(ခ)လီဗင်ကျွမ်း(ခ)လီယိလုံ မောင်းနှင်လာသည့် Crown Royal Saloon ယာဉ်အားရှာဖွေရာ ယာဉ်နောက်ခန်း ထိုင်ခုံပေါ်ရှိ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် WY အသား တံဆိပ်ပါ ၄ ဒသမ ၅ လက်မခန့်ရှိ သံမိုအချောင်း ၃ဝ အားသိမ်းဆည်း ရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ စိတ် ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သူ လောက်ကိုင်မြို့နယ် ရန်လုံကျိုင်းကျေး ရွာအုပ်စု ကျုံကျိုင်းကျေးရွာနေ တွမ်စီး၏ နေအိမ်အားရှာဖွေရာ ကျောက်ကျင့်မြင့်(ခ)ကျောက်ဖူကျင့် (ခ)ကျော်မျိုးထက်၊ ပယ်တီး(ခ)ညီညီ နိုင်၊ အာညို(ခ)ရှမ်းလေးနှင့်ကျူးကျားဝေ(ခ) ကျားဝေတို့အားတွေ့ရပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈ဝဝ ပြား၊ စိတ်ကြွဆေးပြားအမှုန့် ၆ ဒသမ ၅၆၅ ကီလို၊ အိုက်စ် ၆ဝ ဂရမ်၊ အက်ဖီဒရင်းမှုန့် ၃ ကီလို၊ အရောင်တင်အရည် တစ်လီတာ၊ လျှပ်စစ်မီးဖို တစ်ခု၊ ချိန်ခွင် တစ်ခု၊ စတီးဆန်ခါသုံးခု၊ Nail စာတန်းပါ ဆေးမှုန့်မွှေစက် တစ်လုံး၊ ဖန်ချောင်း တစ်ချောင်း၊ ဒန်ဇလုံ တစ်လုံးတို့အား သိမ်းဆည်းရမိသဖြင့် လီသိုင်းချန် (ခ) လီဗင်ကျွမ်း (ခ) လီယိလုံ(၂ဝ)နှစ်၊ ကျောက်ကျင့်မြင့်(ခ)ကျောက်ဖူကျင့် (ခ)ကျော်မျိုးထက်(၂၄)နှစ်၊ ပယ်တီး (ခ)ညီညီနိုင် (၄၃)နှစ်၊ အာညို(ခ) ရှမ်းလေး (၃ဝ)နှစ်၊ ကျူးကျားဝေ(ခ)ကျားဝေ(၂ဝ)နှစ်နှင့် တွမ်စီးတို့ ခြောက်ဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:
Post a Comment