မွန်ပြည်နယ် စက်စဲကမ်းခြေမှ လှမ်းမျှော်ကြည့်လျှင် မှိုင်းညို့နေသော
ကျွန်းတစ်ကျွန်းကို တွေ့ရသည်။ကျွန်းငယ်ဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း
ထီးထီးမားမားတည်ရှိနေသည်။ ယင်းကျွန်းကား ကြက်သွန်ကျွန်း။
အမြင်နီးသော်လည်း စက်လှေဖြင့် တစ်နာရီကျော်ခန့်သွားရသည့် ခရီးအကွာ၌ရှိသည်။
ကမ္ဘာ့လှည့်ခရီးသွားများအတွက် ဆွဲဆောင်နိုင်သည့် ခရီးစဉ်သစ်တစ်ခု
ဖြစ်လာနိုင်သည်။
စက်စဲကမ်းခြေမှ ထင်ရှားစွာမြင် တွေ့ရသည့်
ကြက်သွန်ကျွန်းသည် အကျယ်အဝန်း တစ်မိုင်ကျော်ပတ်လည်ခန့်ရှိသည်ဟု ဆိုသည်။
အမြင်နီးသည်ဟုထင်ရသည့် ကြက်သွန်ကျွန်းပေါ်တွင် လူတစ်ဦးမျှ
နေထိုင်ခြင်းမရှိသော်လည်း ဘုန်းတော်ကြီးတစ်ပါး တစ်ခါတစ်ရံ သီတင်းသုံး
နေထိုင်ကြောင်းသိရသည်။
ကြက်သွန်ကျွန်းပေါ်တွင် ၁၉၃၉ ခုနှစ်က
တည်ဆောက်ထားသော မီးပြတိုက် တစ်ခုတည်ရှိကာ မီးပြတိုက်ပေါ်တက်သည့်လှေကားမှာ
ကျိုးပြတ်ပျက်စီးနေသည်။ ကြက်သွန်ကျွန်းပေါ်၌
လူများသွားရောက်နေထိုင်ခြင်းမရှိသော်လည်း ဘက်ထရီလဲလှယ်ပေးထားမှုကြောင့်
အချက်ပြမီးများလင်းနေတတ်ကြောင်းသိရသည်။ ကြက်သွန် ကျွန်း၏ထူးခြားမှုများမှာ
ကျွန်းညီနောင်သဖွယ်ဖြစ်နေပြီး ယင်းကျွန်းညီ နောင်နှစ်ခုအကြားတွင်
သင်္ဘောကြီးတစ်စင်းစာမက ကျယ်ဝန်းသော နေရာတစ်ဖက်တစ်ချက်၌ အင်္ဂတေဖြင့်
အခိုင်အမာပြုလုပ်ထားသည့် ရေထိန်းနံရံများကို အခိုင်အမာပြုလုပ်ထားခြင်းဖြစ်သည်။လူအရောက် အပေါက်လည်းနည်းသည်။
ယင်းနေရာတွင် ၁၉၃၉ ခုနှစ်ဟူသော စတင်ပြုလုပ်သည့် နှစ်ကိုရေးမှတ်ထားသည့်
အမှတ်အသားကို တွေ့ရှိရသဖြင့် တည်ဆောက်ထားမှုမှာ ၇၅ နှစ် ခန့်
ကြာပြီဖြစ်သော ရေထိန်းအင်္ဂတေနံရံများ ဖြစ်ကြောင်းသိရသည်။
အင်္ဂတေနံရံကိုကပ်ပြီး ကျောက်စရစ်၊ အင်္ဂတေတို့ဖြင့် ပြုလုပ်ထားသော
အဆင်းအတက်ပြုလုပ်နိုင်သည့် လှေကားကိုလည်း တွေ့ရှိရသည်။
''ကြက်သွန်ကျွန်းက လူမနေပါဘူး။ ဒီကျွန်းဟာအရင်က ရေကြောင်းသွားလာကြတဲ့
သင်္ဘောတွေမုန်တိုင်း မိရင်ပဲဖြစ်ဖြစ်၊ စစ်ဘေးဒဏ်ကြုံရရင်ပဲဖြစ်ဖြစ်
အရေးပေါ်နားခိုရာ၊ ခိုလှုံရာကျွန်းသတ်မှတ်ပြီး
အခုလိုတည်ဆောက်ထားခဲ့တာဖြစ်ပါတယ်''ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်ဝင်းက
ရှင်းပြသည်။
မီးပြတိုက်ဟောင်း၊ ရေထိန်းနံရံများနှင့်သင်္ဘောများ
အရေးပေါ် နားခိုရာနေရာတို့မှာ မပျက်မစီးဘဲတည်ရှိနေသဖြင့်
ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စားစရာ နေရာသစ်တစ်ခု ဖြစ်လာနိုင်သည်။
ထူးခြားမှုနှင့်သက်တမ်းကြာရှည်မှုများအပြင် ရှေးလူတို့
အမြော်အမြင်ရှိစွာဖြင့် တည်ဆောက်ခဲ့သော လက်ရာများမှာ
ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စားစရာ နေရာတစ်ခုအဖြစ်
လေ့လာနိုင်မည်ဖြစ်ပါသည်။
ရေလမ်းခရီးမှာလည်း တစ်နာရီကျော်သာ
စက်လှေနှင့်သွားရသဖြင့် မဝေးလှသောနေရာ၌ တည်ရှိနေသည်။စက်စဲကမ်းခြေသို့ ပန်းဖြေလာရောက်သော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအား
စိတ်ဝင်စားဖွယ်ရာ၊ လေ့လာစရာ များရှိနေသည့် ကြက်သွန်ကျွန်းခရီးစဉ်ကို
ထည့်သွင်းဖော်ထုတ်ပေးနိုင်ပါက မွန်ပြည်နယ်အတွက်ခရီးစဉ် အသစ်တစ်ခုအဖြစ်
ရောက်ရှိလာမည်ဖြစ်သည်။ (မြန်မာ့အလင်း)
No comments:
Post a Comment