Friday, March 27, 2020

စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုပါသည်




အယ်ဒီတာ့အာဘော်
===============

ယနေ့သည် ၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဖြစ်သည်။ တပ်မတော်နေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ ၂၇ ရက်နေ့တွင် အစဉ်အလာမပျက် ခမ်းခမ်းနားနား ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် အများပြည်သူ ကျန်းမာရေးကိုရှေးရှု၍ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထားခဲ့သည်။

စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထားသည် ဆိုသော်လည်း တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများနှင့် တပ်မတော်၏ဂုဏ်ရောင် ထွန်းပြောင်သည့် သမိုင်းမှတ်တိုင်စိုက်ထူသော ဤနေ့ကို စိတ်နှလုံးသားမှ အလေးအမြတ်ထား အသိအမှတ်ပြုရမည်ဖြစ်သည်။ ၁၉၄၇ ခုနှစ် မတ် ၂၇ ရက်နေ့ နယ်ချဲ့ဖက်ဆစ်တို့ကို တော်လှန်သောနေ့တွင် တပ်မတော်သည် ပြည်သူလူထုနှင့်အတူ တိုင်းပြည်နှင့် လူမျိုးကို ကာကွယ် စောင့်ရှောက်ရန်အတွက် ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စား ထမ်းဆောင်ခဲ့ကြ သည်မှာ မမေ့အပ်ပေ။ ယင်းကို အသိအမှတ်ပြုအပ်သဖြင့် နှစ်စဉ် နှစ်တိုင်း ဂုဏ်ပြုကျင်းပခဲ့သည်။ ထို့နောက် တပ်မတော်ကို ဂုဏ်ပြုသောအားဖြင့် ၁၉၅၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှအစပြု၍ တော်လှန်ရေးနေ့ကို တပ်မတော် နေ့ဟု ပြောင်းလဲကျင်းပခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် အဓိက ကျသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်အား ပြည်တွင်း ပြည်ပအန္တရာယ်ရန်စွယ်များမှ တွန်းလှန်ဖယ်ရှားပေးနိုင်ခဲ့သည့် သမိုင်း ကြောင်း အစဉ်အလာကောင်းများရှိခဲ့သလို ယနေ့ထက်တိုင်အောင်လည်း ထိုအစဉ်အလာကောင်းများကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် စိန်ရတုတပ်မတော်နေ့တွင် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကို COVID-19 ရောဂါဂယက်ကြောင့် မကျင်းပနိုင်သော်လည်း ၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဦးတည်ချက်များနှင့်အညီ ဆောင်ရွက်နိုင်လိမ့်မည်။

၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေး မူဝါဒအဖြစ် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးတာဝန် ထမ်းဆောင်ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်ရန် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူလူထုအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့ အတွက် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီတပ်မတော် တည်ဆောက်ရေး၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် အမျိုးသားနိုင်ငံရေး တာဝန်များကို ခေတ်အဆက်ဆက် ကျေပွန်စွာထမ်းဆောင်ခဲ့သည့် တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရေးဟူသည့် ဦးတည်ချက် (၄) ရပ် ချမှတ်ထားသည်။

မျက်မှောက်ကာလတွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်များ၊ အမျိုးသားနိုင်ငံရေးတာဝန်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းများ ထမ်းဆောင်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် ငြိမ်းချမ်းရေးသည် တိုင်းပြည်နှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် အရေးကြီးဆုံးကဏ္ဍများဖြစ်၍ ယင်းတာဝန်များကို တပ်မတော်သည် အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ တပ်မတော်နှင့် ပြည်သူသည် တစ်သားတည်းဖြစ်၍ တပ်မတော်သည် တိုင်းပြည်နှင့် ပြည်သူ လူထုအကျိုးကို အစဉ်ရှေးရှုကာ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်ပါသည်။

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်သည် (၇၅) နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်၏ ထွန်းပြောင်သော သမိုင်းကြောင်းနှင့် မြင့်မားသောဂုဏ်ဒြပ်တို့သည် နိုင်ငံတော်နှင့် ပြည်သူကို အစဉ်ဦးထိပ်ပန်ဆင် ကာကွယ်စောင့်ရှောက်နေသည်ဖြစ်၍ ထူးခြားသည့်စိန်ရတုတပ်မတော်နေ့တွင် တပ်မတော်ကို ဂုဏ်ပြုလိုက်ပါသည်။ ။



Wednesday, March 25, 2020

Cloud စနစ် ဆိုသည်မှာ








ယခုအချိန်အခါတွင် IT နည်းပညာ တိုးတက်လာသည်နှင့် အမျှ အဖွဲ့အစည်းအသီးသီးက အကျိုးအမြတ် များများ ရရှိရန်၊ လုံခြုံစိတ်ချမှုရှိစေရန်နှင့် IT ပိုင်းဆိုင်ရာအတွက် ကုန်ကျစရိတ်များ သက်သာလာစေရန် ခေတ်နှင့်အညီ Cloud နည်းပညာကို အားထားလာကြပါသည်။ Cloud Computing နည်းပညာများ စတင်ခေတ်စားလာသည်မှာ ၂၀ ရာစုနောက်ပိုင်းကာလများတွင်ဖြစ်ပြီး IBM၊ Amazon၊ Google၊ Microsoft အစရှိသည့် ကုမ္ပဏီများက စတင် လာခဲ့ကြောင်း သိရသည်။ Cloud Computing နည်းပညာ သည် အင်တာနက်အသုံးပြု၍ မိမိတို့၏ အချက်အလက် ဒေတာများ သိမ်းဆည်းထားပြီး လိုအပ်သည့်အချိန်တွင် အလွယ်တကူ ပြန်လည်ထုတ်ယူအသုံးပြုနိုင်ခြင်း၊ Application များ အသုံးပြုမည်ဆိုပါကလည်း Cloud-based Application များစွာကိုလည်း လွယ်လင့်တကူ အသုံးပြုနိုင်ခြင်းနှင့် ထိုအချက်အလက် ဒေတာများ၊ Application များကို အင်တာနက်ရရုံဖြင့် နေရာတိုင်းမှ ရယူအသုံးပြုနိုင်ခြင်းဟု အကြမ်းဖျင်း သတ်မှတ်နိုင်ပါ သည်။ အသုံးပြုသူများအနေဖြင့် အင်တာနက် နက်ဝက်ဘ်မှ တစ်ဆင့် servers၊ storage and applications စသည့် services များကို အချိန်မရွေး၊ နေရာမရွေး အသုံးပြုနိုင် သည့် Internet-based computing ဖြစ်သည်။

Cloud Computing စနစ် လုပ်ဆောင်မှု

Cloud Computing System သည် အသုံးပြုသူ၏ အချက်အလက်များကို အသုံးပြုသူ၏ ကွန်ပျူတာများ တွင် မသိမ်းဆည်းဘဲ internet servers များပေါ်တွင် သိမ်းဆည်းသည်။ အသုံးပြုသူအနေဖြင့် browser ကဲ့သို့သော tools များကို အသုံးပြုကာ မိမိတို့၏ အချက် အလက်များကို ရယူအသုံးပြုခြင်း၊ ပြင်ဆင်ခြင်း၊ သိမ်းဆည်းခြင်းတို့ ပြုလုပ်နိုင်သည်။ ထိုသို့အသုံးပြုခြင်း အားဖြင့် Client device များအတွက် storage၊ computing စသည့် လိုအပ်ချက်များကို လျှော့ချနိုင်သည်။ Cloud storage ဆိုသည်မှာ ဒေတာများကို သိမ်းဆည်းရာတွင် logical storage pools တည်ဆောက်သိမ်းဆည်းသည့် computer data storage ဖြစ်သည့်အပြင် Web Based၊ Application Based များအဖြစ်လည်း အသုံးပြုနိုင်သည့် အတွက် အဆိုပါ Cloud များပေါ်တွင် ကွန်ပျူတာတစ်လုံး၊ Application ကဲ့သို့ အသုံးပြုနေနိုင်ခြင်းပင် ဖြစ်ပါသည်။

Cloud တည်ဆောက်ခြင်း

Cloud Computing တည်ဆောက်ရန် အဓိက လိုအပ်ချက်အနေဖြင့် Storage၊ Computing နှင့် Networking ဟူသည့် သုံးချက်ကို အခြေခံစဉ်းစားရန် လိုသည်။

Storage

အသုံးပြုသူများအနေဖြင့် မိမိတို့အသုံးပြုသိမ်းဆည်း လိုသည့် အချက်အလက်များကို အင်တာနက် နက်ဝက်ဘ်မှတစ်ဆင့် Cloud service ၏ remote server များတွင် သိမ်းဆည်းနိုင်ရန်အတွက် Storage ပိုင်းသည် အရေးကြီးသည်။

Computing

အဓိကအားဖြင့် အင်တာနက်ကိုအသုံးပြုပြီး hardware နှင့် software များကို share ခြင်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် Computing သည်လည်း ထည့်သွင်း စဉ်းစားရမည့်အချက်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် မည်သည့်မြန်နှုန်းဖြင့်အသုံးပြုမည်၊ မည်သည့် device ကို အသုံးပြုမည်၊ မည်သည့် application ကို အသုံးပြုမည် စသည်တို့သည် Computing ကဏ္ဍအောက်တွင် ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

Networking

Networking သည် Cloud Computing အတွက် မဖြစ်မနေလိုအပ်သော အခြေခံအချက်ဖြစ်ကြောင်း မြင်သာ နိုင်ပါသည်။ အင်တာနက်ကဲ့သို့သော online service များ အတွက်သာမက cloud provider များအတွက် မတူညီသော device များ၊ application များကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ဆောင်မှုပေးရန်အတွက် Networking infrastructure သည် မဖြစ်မနေလိုအပ်သည့် အခြေခံလိုအပ်ချက် ဖြစ်သည်။

Cloud ဝန်ဆောင်မှုများ

Cloud Technology အနေဖြင့် IaaS (Infrastructure as a Service)၊ PaaS (Platform as a Service)၊ SaaS (Software as a Service) အဓိကဝန်ဆောင်မှုပုံစံ သုံးမျိုး တွေ့နိုင်သည်။

IaaS (Infrastructure as a Service) model တွင် သုံးစွဲသူများ အင်တာနက်ချိတ်ဆက်မှုရှိရုံဖြင့် မိမိလုပ်ငန်းနှင့် ကိုက်ညီမည့် အချက်အလက်သိမ်းဆည်းနိုင်မည့်နေရာ (storage location) များ၊ network ကွန်ရက်များကို ကိုယ်ပိုင် Hardware များ၊ Network device များ တည် ဆောက်ရန် မလိုအပ်ဘဲ မိမိတို့၏ ကိုယ်ပိုင် Infrastructure များကဲ့သို့ လိုအပ်သလောက်ကို စိတ်ကြိုက် သုံးစွဲနိုင်မည် ဖြစ်ပါသည်။
PaaS (Platform as a Service) သည် သုံးစွဲသည့် ဖုန်းအမျိုးအစား၊ ကွန်ပျူတာအမျိုးအစား ဥပမာ (Andriod, ios) စသည့် platform များ ကွဲပြားနေသော်လည်း အလွယ်တကူ မိမိလိုအပ်သောပုံစံ ပြောင်းယူနိုင်သည့် အခြေခံ platform တစ်ခုကို တည်ဆောက်ပေးထားခြင်း ဖြစ်ပါသည်။ Operating system များမတူဘဲ သုံးစွဲသူ အမျိုး မျိုး အဆင်ပြေကာ ဈေးကွက်ကို မြန်မြန်ထိုးဖောက်နိုင်မည့် Web development ကဲ့သို့သော service များကို PaaS အရောင်းသမားတွေက တာဝန်ယူဆောင်ရွက်ပါသည်။ PaaS (Platform as a Service) model တွင် VMware သည် ထင်ရှားကျော်ကြားသော cloud technology ဖြစ်ပါ သည်။ မတူညီသည့် electronic device များကို သုံးစွဲပြီး တူညီသည့်အလုပ်တစ်ခုကို အတူတကွ လုပ်ကိုင်လာ နိုင်ကြပါသည်။ တစ်ဦးက PC ဖြင့် ရုံးမှာ ထိုင်နေပြီး တခြား တစ်ဦးက လမ်းလျှောက်ရင်း၊ mobile phone အသုံးပြုကာ နှစ်ဦးစလုံးဆက်သွယ်ရင်း လုပ်ငန်းကိစ္စများကို ပြောဆို ဆွေးနွေးလာနိုင်ခြင်းဖြစ်သည်။

SaaS (Software as a Service) model သည် အသုံးပြုသူများ အလွယ်တကူသုံးစွဲနိုင်ရန် ဖန်တီးထားသော application များအဖြစ် ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။ အဆိုပါ ဝန်ဆောင်မှုပုံစံမှ တိုးတက်လာပြီး ဖေ့စ်ဘွတ်၊ ဂျီမေးလ် အစရှိသည့် social media များ တိုးတက်များပြား လာမှုနှင့်အတူ SaaS မှ CaaS (Communication as a Service) အဖြစ် တိုးတက်ခေါ်ဆိုလာကြကြောင်း သိရှိရပါ သည်။ SaaS model တွင် အလကားသုံးနိုင်သော ဝန်ဆောင်မှုများဖြင့် သုံးစွဲသူများကို ဆွဲဆောင်ပြီး နှစ်သက် ပါက ပိုမိုသည့် ဝန်ဆောင်မှုများကို အခကြေးငွေပေးချေကာ ထပ်မံဝယ်ယူနိုင်ပါသည်။ ဥပမာ Google service တွင် google account တစ်ခုရှိရုံဖြင့် Google ဝန်ဆောင်မှု အမျိုးမျိုးကို သုံးစွဲနိုင်ရန် ဖန်တီးထားသည်ကို တွေ့ရှိရပါ သည်။
Cloud စနစ်၏ Deployment Model အောက်တွင် Public cloud၊ Private cloud နှင့် Hybridge cloud ဟူ၍ သတ်မှတ်ထားသည်။

Public Cloud

Public cloud သည် cloud အသုံးပြုသူ customers များအတွက် လိုအပ်သည့် cloud service များကို cloud provider မှ အားလုံးတာဝန်ယူဆောင်ရွက်ပေးရသော အမျိုးအစားဖြစ်သည်။ Public cloud ဆိုသည်မှာ Cloud Service ပေးသူ Provider က ပြုလုပ်ထားသည့် Network၊ Application၊ Storage အစရှိသည့် Resources များကို အားလုံးအသုံးပြုနိုင်ရန် ပြုလုပ်ပေးထားသည့်ပုံစံ ဖြစ်ပါ သည်။ မည်သူမဆိုအသုံးပြုနိုင်သည်။ အထင်ရှားဆုံးမှာ Google apps များဖြစ်ပြီး Gmail၊ Google drive အစရှိ သည်တို့ပင် ဖြစ်ပါသည်။ Public cloud အားနည်းချက်မှာ Cloud Provider နှင့် Cloud user များအကြား လုံခြုံရေးနှင့်ပတ်သက်သည့် policy and standard များ မတူညီမှုပင် ဖြစ်သည်။ ထို့ကြောင့် နာမည်ကြီး Company များ၊ အစိုးရအဖွဲ့အစည်းများနှင့် လုံခြုံရေးဦးစားပေး အဖွဲ့အစည်းများအနေဖြင့် အသုံးပြုလေ့မရှိကြပေ။

Private Cloud

Private cloud ဟူသည်မှာ အဖွဲ့အစည်းတစ်ခုမှ ကိုယ်ပိုင် IT infrastructure တည်ဆောက်ကာ IT services များ ဆောင်ရွက်သည့် cloud computing model ဖြစ်သည်။ အရင်းအမြစ်များကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲလေ့ရှိကြသည်။ Virtual Private Cloud (VPC) ဟုလည်း ခေါ်ဆိုကြသည်။ private cloud သည် အခြားမည်သည့် အဖွဲ့အစည်းနှင့်မျှ share အသုံးပြုခြင်း မရှိဘဲ မိမိတစ်ဦးတည်း အသုံးပြုရန် ရည်ရွယ်တည်ဆောက် ထားပြီး cloud service အတွက် လိုအပ်သည်တို့ကို မိမိတို့ကိုယ်တိုင် စီမံခန့်ခွဲလေ့ရှိကြသည့် cloud အမျိုး အစားဖြစ်သည်။ မိမိတို့ဌာန၊ အဖွဲ့အစည်းက ကိုယ်ပိုင် အချက်အလက် သိုလှောင်ရာ data array နှင့် ကိုယ်ပိုင် လုပ်ဆောင်မှု Server များကို မိမိတို့၏ Data Center များတွင်ထားရှိ ကိုယ်တိုင်တည်ဆောက်ထားသော Cloud အမျိုးအစား ဖြစ်သည်။ VMware၊ Microsoft ၊ IBM တို့သည် နာမည်ကျော် private cloud provider များ ဖြစ်ပါသည်။

Hybrid Cloud

Hybrid cloud ဆိုသည်မှာ အထက်ဖော်ပြပါ Public Cloud နှင့် Private Cloud ကို ပေါင်းစပ်အသုံးပြုထားပြီး ပြုပြင်လွယ်၍ လုံခြုံမှုအဆင့်အတန်းရှိသည့်အတွက် သုံးစွဲသူများအကြား အကြိုက်တွေ့သည့် Cloud ဖြစ် သည်။


ခြားနားမှု
အချုပ်အနေဖြင့် Cloud Service ၏ အားသာချက်များ နှင့် အားနည်းချက်များကို တင်ပြပါမည်။


အားသာချက်များ

၁။ နေရာတိုင်းမှ အချိန်မရွေး မိမိဒေတာများကို အင်တာနက်အသုံးပြု၍ ဆောင်ရွက်လာနိုင်ခြင်း။

၂။ အချက်အလက်များ၊ ဒေတာများ သိမ်းဆည်း ထားရန် Storage ပမာဏ များစွာရရှိခြင်း။

၃။ Service များကို လွယ်ကူမြန်ဆန်စွာ Set-up ပြုလုပ်နိုင်ခြင်း။

၄။ Update များပြုလုပ်ရန်အတွက်လည်း Auto စနစ်ကြောင့် အချိန်ကုန်သက်သာလာခြင်း။

၅။ Cloud-based Application များကို အသုံးပြု ခြင်းဖြင့် ကုန်ကျစရိတ်များလျှော့ချနိုင် ခြင်း။

၆။ လူအင်အားနှင့် အခြေခံအဆောက်အဦများ တည်ဆောက်ရန်မလိုအပ်ခြင်း။

၇။ ငွေကြေးကုန်ကျမှုသက်သာခြင်း။

အားနည်းချက်များ

၁။ Cloud များစွာနှင့်ချိတ်ဆက်ထားခြင်းကြောင့် Virus၊ Malware နှင့် Spam များ ဝင်ရောက် လာနိုင်ခြင်း။

၂။ Unauthorized User များလည်း ဝင်ရောက် လာနိုင်ခြင်း။

၃။ ထိန်းချုပ်စီမံခန့်ခွဲမှုများအား Provider များ သာရရှိခြင်း။

၄။ Privacy ပိုင်း အားနည်းမှုရှိခြင်း။

အသုံးပြုသင့်သည့် Cloud
Cloud အသုံးပြုမှုကို သေချာစွာရွေးချယ် အသုံးပြုသင့်သည်။ လက်ရှိအချိန်ကာလတွင် နည်းပညာ ခေတ်ဖြစ်လာသည်နှင့်အညီ အဖွဲ့အစည်းများသည် Cloud နည်းပညာများ အသုံးချလာသည့်အပြင် ၎င်းတို့ ဖန်တီး တည်ဆောက်ထားသော Cloud နည်းပညာများကို အသုံးပြုရန် အဆိုပြုလာကြပါသည်။ ထို့ကြောင့် Cloud နည်းပညာများကို အသုံးပြုမည်ဆိုက ရှေးဦးစွာ မိမိတို့ လိုအပ်ချက်ကို ဦးစွာသိရှိရန်လိုအပ်ပြီး လုပ်ငန်းလိုအပ် ချက်၊ ဘတ်ဂျက်ပမာဏ၊ နည်းပညာအရင်းအမြစ် စသည် တို့အပေါ် အခြေခံ၍ cloud အမျိုးအစားကို သေချာစွာ ရွေးချယ်၍ အသုံးပြုသင့်ပါကြောင်း သုံးသပ်ရေးသား လိုက်ရပါသည်။ ။

နေခန့်နိုင် (TT)

အိမ်ပြင်မထွက် အသက်ရှည်စေ



ဆောင်းပါး
=========


ပါမောက္ခ‌‌ဒေါက်တာမောင်
-----------------------------

COVID-19 ကူးစက်ခံရသူ လူငယ်တစ်ဦး၏ နေ့စဉ်မှတ်တမ်း
ကမ္ဘာနှင့် တစ်ဝန်းတွင် COVID-19 ရောဂါ ပျံ့နှံ့ လျက်ရှိသည်။
လူငယ်များသည် COVID-19 ကူးစက်ခံရမည်ကို အလွန်အမင်းထိတ်လန့်မှု မရှိကြချေ။ အချက်အလက်များ အရ ကူးစက်ခံရသူများတွင် ၂၉ ရာခိုင်နှုန်းသည် အသက် ၂၀ - ၄၀ အရွယ်လူငယ်များဖြစ်ကြပြီး ကြပ်မတ်ကုသ ဆောင် (ICU) တွင် ကုသနေသော လူနာများ၏ လေးရာခိုင်နှုန်းသည် လူငယ်များဖြစ်ကြသည်။ အရေးကြီး သောအချက်မှာ ထိုအသက်အရွယ်အပိုင်းသည် တက်ကြွ လှုပ်ရှားသော အရွယ်ပိုင်းဖြစ်သဖြင့် ကူးစက်ခံရလွယ်ပြီး ကူးစက်ခံရလျှင်လည်း ရောဂါကိုအလွယ်တကူ ပျံ့နှံ့နိုင် စေခြင်း ဖြစ်သည်။

COVID-19 ကူးစက်ခံရသူ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးက အသက်နှင့်ရင်း၍ ရရှိခဲ့သော အတွေ့ အကြုံကို ဤသို့ပြန်လည်ပြောပြခဲ့သည်။

ပထမနေ့။ ချောင်းခြောက် စဆိုးလာပါတယ်၊ လည်ချောင်းလည်းနာလာပါတယ်။ သတိထားမိတာက တစ်ကိုယ်လုံးနုံးခွေပြီး မလှုပ်မရှားချင် ဖြစ်လာတာပါပဲ။

ဒုတိယနေ့။ ခေါင်းကိုက်လာပါတယ်။ ချောင်းဆိုး တိုင်း ခေါင်းကိုတက်ဆောင့်သလို ခံစားရပါတယ်။ မလှုပ် နိုင်အောင် နုံးခွေပြီး တစ်ချိန်လုံး အိပ်ရာထဲမှာ လှဲနေ ရပါတယ်။

တတိယနေ့။ ချမ်းတုန်ပြီး အဖျားတက်လာပါတယ်။ ခေါင်းကိုက်တာလည်း ပိုဆိုးလာပါတယ်။ လူလည်း အလွန်နုံးနေပါတယ်။ ဆေးခန်းသွားပြပါတယ်။ ဆရာဝန် က ပိုးသတ်ဆေး၊ အကိုက်အခဲပျောက်ဆေးနဲ့ အားဆေး တွေ ပေးလိုက်ပါတယ်။ အိမ်ထဲမှာပဲနေဖို့နဲ့ ရေများများ သောက်ဖို့မှာလိုက်ပါတယ်။

စတုတ္ထနေ့။ အဖျားကျလာပါတယ်။ ဒါပေမယ့် အသက်ရှူကျပ်ပြီး မောလာပါတယ်။ ရင်ဘတ်ပေါ်မှာ အလေးတစ်ခုခုနဲ့ ဖိထားသလို ခံစားရပါတယ်။ ဖေ့စ်ဘွတ် ထဲမှာပါတဲ့အတိုင်း အသက်အောင့်ပြီး တစ်မှတစ်ဆယ် ရေတွက်ကြည့်မိပါတယ်။ ကောင်းစွာရေတွက်နိုင်ပါတယ်။ COVID-19 စစ်ကြည့်ရင် ကောင်းမယ်လို့ တွေးမိပါတယ်။ အိမ်ထဲမှာပဲနေပြီး ရေများများဆက်သောက်ပါတယ်။

ပဉ္စမနေ့။ ပြခဲ့တဲ့ဆရာဝန်ဆီ ထပ်သွားပါတယ်။ COVID-19 စစ်ပေးဖို့ ပြောပြပါတယ်။ ဓာတ်မှန်လည်း ရိုက်ကြည့်ပါတယ်။ ဓာတ်မှန်မှာတော့ ဆိုးဆိုးရွားရွား ဘာမှ မတွေ့ရပါဘူး။ ဆရာဝန်က အိမ်ထဲမှာပဲဆက်နေဖို့ ပြောပါ တယ်။ အဖြေရဖို့ ငါးရက်၊ ခြောက်ရက်ကြာမယ်လို့ ပြောပါ တယ်။
ဆဋ္ဌမနေ့။ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေး တွေ ဆက်သောက်နေရပါတယ်။ ချောင်းဆိုးပြီး အသက်ရှူမဝ ဖြစ်နေတုန်းပါပဲ။ အဖျားလည်း မကျသေးပါဘူး။ ဒါပေမယ့် သိပ်ပြီး နုံးခွေမနေတော့ပါဘူး။
သတ္တမနေ့။ နည်းနည်း သက်သာလာပါတယ်။ လူလည်း နည်းနည်းတော့ လန်းလာပါတယ်။

အဋ္ဌမနေ့။ ပိုပြီးသက်သာလာပါတယ်။

နဝမနေ့။ ချောင်းကတော့ ဆိုးနေတုန်းပါပဲ။ လူကတော့ နေကောင်းလာသလိုပါပဲ။

ဒသမနေ့။ COVID-19 စစ်ထားတဲ့ အဖြေထွက်လာပါ တယ်။ ရောဂါပိုးရှိတယ်ဆိုတဲ့ အဖြေဖြစ်ပါတယ်။ ဒါပေမယ့် နေကောင်းလာလို့ ဝမ်းသာမိပါတယ်။ ဆရာဝန်က ကံကောင်းတယ်လို့ပြောပါတယ်။ နောက်ထပ် လေးပတ် လောက် အိမ်ထဲမှာပဲနေဖို့ အကြံပေးပါတယ်။
ပြောပြချင်တာလေးတွေ ရှိနေပါတယ်။

ဖေ့စ်ဘွတ်ထဲက သတင်းအချက်အလက်တွေကို အမှန်တွေလို့ တထစ်ချမယုံကြပါနဲ့။ စဖျားပြီး သုံးရက် အတွင်း ခံစားရတာအတော်ဆိုးပါတယ်။ စိုးရိမ်စိတ်၊ ကြောက်စိတ်နဲ့ အားငယ်စိတ်တွေရဲ့ ဖိစီးမှုတွေဟာ အတော် ကြောက်စရာကောင်းပါတယ်။ ဖြစ်ခဲ့ဖူးတဲ့ နှာစေး၊ ချောင်းဆိုးတွေနဲ့ လုံးဝမတူပါဘူး။

ဘယ်ကဘယ်လို ကူးစက်ခံခဲ့ရတယ်ဆိုတာ စဉ်းစား ကြည့်မိပါတယ်။ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ လေးရက်စလုံး သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်တွေနဲ့ ကလပ်တွေမှာ ဆုံဖြစ်ပါတယ်။ အရင်ကလည်း ဆုံနေကြ ပါပဲ။ တနင်္ဂနွေနေ့မှာစပြီး နေမကောင်းဖြစ်ပါတယ်။
COVID-19 ဖြစ်နေတယ်ဆိုတာသိပေမယ့် ကိုယ့်ကို တော့ မကူးနိုင်ဘူးလို့ ထင်မိပါတယ်။ လူစုလူဝေးကို ရှောင်သင့်တယ်ဆိုတာနဲ့ အိမ်ထဲမှာပဲနေသင့်တယ်ဆိုတဲ့ ညွှန်ကြားချက်ကိုလည်း ဂရုမစိုက်မိပါဘူး။ အခုတော့ လူစု လူဝေးကို ရှောင်သင့်တယ်ဆိုတာနဲ့ အိမ်ထဲမှာပဲနေသင့်တယ် ဆိုတာ အခုအချိန်မှာ အရေးကြီးမှန်း အသက်ကိုရင်းပြီး သိလိုက်ရပါပြီ။

စိတ်မကောင်းဖြစ်မိတာက မိမိထံမှ ဘယ်နှယောက် ရောဂါကူးစက်ခံရသွားသလဲဆိုတာကို တွေးမိနေတာပါပဲ။

ပြုလုပ်နိုင်သော အိမ်တွင်းအလုပ်များ

ရှေးဦးစွာ ထိတ်လန့်ခြင်းမဖြစ်ရန် လိုအပ်ပါသည်။ ကပ်‌ရောဂါများအားလုံးသည် လူသားများ၏ မြင့်မားသော အသိဉာဏ်နှင့် ညီညွတ်သောအင်အားအောက်တွင် ပျောက်ကွယ်ကုန်ကြသည်ချည်းဖြစ်သည်။
ဘုရားရှိခိုး ပုတီးစိပ် မေတ္တာပို့ အမျှဝေခြင်းသည် မိမိကိုယ်တိုင်၏ စိတ်ဓာတ်အင်အားကို ပြည့်ဝနေစေသည်။

အိမ်တွင်းသန့်ရှင်းရေးကို နေ့စဉ်ပြုလုပ်နိုင်သည်။ မီးဖိုခန်း၊ ထမင်းစားပွဲ၊ ရေချိုးခန်း၊ အိမ်သာ၊ ဖိနပ်စင်တို့၏ သန့်ရှင်းရေးသည် ယခုအချိန်တွင် အရေးကြီးလာသည်။

အွန်လိုင်းမှတစ်ဆင့် နေ့စဉ်သတင်းအချက်များ ရယူနိုင်သည်။ ဆွေမျိုးများ၊ မိတ်ဆွေများနှင့်ဖလှယ်နိုင် သည်။ အွန်လိုင်းမှ ဂိမ်းများသည် အချိန်ဖြုန်းရာတွင် အကောင်းဆုံးနည်းလမ်းများ ဖြစ်ကြသည်။ အွန်လိုင်းတွင် တစ်ကမ္ဘာလုံးမှ ကစားသမားများနှင့် စစ်တုရင်ကစား နိုင်သည်။

နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်နိုင်သည်။ နေရာကျဉ်းပြီး ထိရောက်မှုရှိသော လေ့ကျင့်ခန်းမှာ စင်္ကြံလျှောက်ခြင်း ဖြစ်သည်။ အလျား ၁၀ ပေခန့် နေရာ ရှိလျှင် ခြေလှမ်းများကို အာရုံစိုက်၍ ခေါက်တုံ့ခေါက်ပြန် လျှောက်ခြင်းသည် အိမ်တွင်းတွင် ပြုလုပ်နိုင်သော လေ့ကျင့်ခန်း ဖြစ်သည်။


အိမ်ပြင်မထွက် အသက်ရှည်စေ

ကမ္ဘာတစ်ဝန်းတွင် ကြားနေရသော ကူးစက်ခံရမှု ကိန်းဂဏန်းသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ COVID -19 သည် ရုတ်ခြည်းဆိုသလို အချိန်မရွေး မိမိ အနားသို့ ရောက်လာနိုင်သည်။ ကျန်းမာနေသော မည်သူ မဆို အိမ်တွင်းအောင်း မနေလိုကြချေ။ သို့ရာတွင် မိမိ ဘယ်အချိန်က ကူးစက်ခံလိုက်ရမှန်း မသိလိုက်ခြင်းနှင့် မိမိသည် ရောဂါဖြန့်ဖြူးနေသော သူတစ်‌ယောက် ဖြစ်နေ မှန်းမသိခြင်းသည် လူစုလူဝေးများနှင့် ထိတွေ့ခြင်းမှ စတင်ခဲ့သည်။ ထို့ကြောင့် အိမ်တွင်းမှာပဲ နေထိုင်ခြင်းသည် ယခုအချိန်တွင် အရေးကြီးသော ကာကွယ်ရေးနည်းလမ်း တစ်ခုဖြစ်လာသည်။ မိမိကိုယ်တိုင်ကူးစက်မခံရအောင် လည်းကောင်း၊ မိမိသည် ရောဂါဖြန့်ဖြူးသူတစ်ယောက် ဖြစ်မလာရန်လည်းကောင်း ပြုလုပ်ရမည့် တာဝန်တစ်ရပ် ဖြစ်လာသည်။
ယခုအချိန်တွင် အိမ်ပြင်မထွက်ခြင်းသည် အသက် ရှည်စေခြင်း နည်းလမ်းကောင်းတစ်ခုဖြစ်ကြောင်း တင်ပြ လိုက်ပါသည်။ ။

ရည်ညွှန်း
1. 22 Year-Old Who Tested Positive for Coronavirus. https://newswav.com
2. Stay Home, Save Lives. https://www.stayhomesavelives.us.com

လမ်းညွှန်ချက်များ တိကျစွာလိုက်နာကာကွယ်



အယ်ဒီတာ့အာဘော်
==============


တစ်ကမ္ဘာလုံးဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် ကမ္ဘာ့ပြည်သူ အားလုံး ထိတ်လန့်တုန်လှုပ်ဖြစ်ကြမည်မှာ အမှန်ဖြစ်သည်။ အထူးသဖြင့် ရောဂါပြင်းထန်စွာကူးစက်ခံရသော၊ အများဆုံးဖြစ်ပွားသေဆုံးကြသော နိုင်ငံ ၁၀ နိုင်ငံမှ ပြည်သူများဖြစ်သည်။ နေ့စဉ်နေ့တိုင်း နိုင်ငံအများကူးစက် ပြန့်ပွားခဲ့ရာ ယခုအခါတွင် ကမ္ဘာ့နိုင်ငံများအားလုံးနီးပါး ကူးစက်ခံနေရပြီး မြန်မာနိုင်ငံသည် နိုင်ငံလက်ကျန်နောက်ဆုံးတွင်မှ ကူးစက်ခံရသူနှစ်ဦး ပေါ်ပေါက်ကြောင်း သိရှိလိုက်ရသည်။

COVID -19 ရောဂါဖြစ်ပွားသူ သို့မဟုတ် ရောဂါပိုးသက်ရောက်မှုကို ထိတွေ့မိရာမှ ရောဂါဖြစ်ပွားနေသူတစ်ယောက်မှအစ တစ်စတစ်စ ပျံ့နှံ့ ကူးစက်သွားခြင်းဖြစ်ရာ ယခုကူးစက်ခံရသူနှစ်ဦးကို သိလျှင်သိချင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများက ကူးစက်ခံရသူနှစ်ဦး၏ ရောဂါပျောက်ကင်းသက်သာ အောင်၊ အခြားသူများသို့ ကူးစက်ခြင်းမရှိအောင် အထူးကြပ်မတ်ကုသကာကွယ်စောင့်ရှောက်ပေးနေသည်ဟု သိရပါသည်။
ရောဂါဖြစ်သူ ရှိ၊ မရှိ ရှာဖွေစစ်ဆေးခြင်း၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်သူတွေ့ရှိလျှင်လည်း အမြန်ဆုံးထိန်းချုပ် ကုသကာကွယ်တားဆီးခြင်းတို့ကို ပြုလုပ်နိုင်အောင် မပြတ်သောသတိ၊ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးပညာရှင်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပါဝင်ဆောင်ရွက်ကြသူအားလုံးတို့ကို ကျေးဇူးတင်အသိအမှတ်ပြုရမည် ဖြစ်သည်။
မည်သည့်အရေးကိစ္စတွင်မဆို ပြည်သူသာလျှင်အဓိကဖြစ်၍ အဆိုပါ ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများ၏ စဉ်းစားချင့်ချိန်တတ်မှု၊ သက်ဆိုင်ရာ ဌာနများက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လေးစားလိုက်နာ တတ်မှုတို့သည် ရောဂါဘယများကို ကျော်လွှားနိုင်မည့် အရေးကြီးသော အချက်များဖြစ်သည်။ အဆိုပါရောဂါသည် ကမ္ဘာ့လူဦးရေနှင့်နှိုင်းစာလျှင် သေဆုံးမှုနှုန်းသည် လေးရာခိုင်နှုန်းကျော်သာရှိ၍ လက်ရှိတွင် ဗဟိုချက်ဖြစ် နေသော အီတလီနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများအနေဖြင့် တစ်နေ့တွင် ရောဂါမှ ကျော်လွှားလွန်မြောက်နိုင်ပေမည်။
မြန်မာပြည်သူ ပြည်သားများအဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်အသိပေးထားသောအချက်များအတိုင်း တိကျစွာလိုက်နာ ကြရန်လိုအပ်ပြီး အလွန်အကျွံ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့် သတိမမူ အလေးမထား ပေါ့ပေါ့ဆဆ နေထိုင်ခြင်းဟူသည့် အစွန်းတရားနှစ်ပါးကို ရှောင်ရှားကြဖို့လိုမည် ဖြစ်သည်။ ယခုရောဂါကူးစက်မှုသည် သက်ကြီးရွယ်အို များနှင့် ရောဂါအခံရှိသူများအတွက် အထူးဂရုစိုက်ရန်လိုအပ်ပြီး ကိုယ်ခံအား ကောင်းသူများ၊ အရွယ်လတ်၊ အရွယ်ငယ်သူများအဖို့ ရောဂါကူးစက်ခံရသည် ဆိုသည့်တိုင် အသက်ရှင်သန်နိုင်သည့်အခွင့်အရေး ၉၉ ရာခိုင်နှုန်းကျော်ရှိ၍ အလွန်အကျွံစိုးရိမ်ပူပန်မှုဖြစ်ရန် လိုမည်မဟုတ်ပေ။ သို့သော် သက်ကြီးရွယ်အို များနှင့် ကိုယ်ခံအားမကောင်းသူများ၊ နာတာရှည်ရောဂါအခံရှိသူများအတွက် အထူးသတိထားကာ ဝိုင်းဝန်းစောင့်ရှောက်ပေးရမည် ဖြစ်သည်။

လက်ရှိတွင် အီတလီနိုင်ငံမှလွဲ၍ လူအသေအပျောက်ရှိသော၊ မရှိသော နိုင်ငံများအဖို့ ရောဂါကာကွယ်ရေးလုပ်ဆောင်မှုများမှာ အလုပ်ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် လက်ကိုသန့်ရှင်းစွာ စနစ်တကျဆေးကြော ခြင်းသည် ထိရောက်သောကာကွယ်မှုတစ်ခုဖြစ်ပြီး လက်မဆေးဘဲ မျက်နှာကို ထိတွေ့ကိုင်တွယ်ခြင်း၊ မည်သူနှင့်မဆို ထိတွေ့ဆက်ဆံခြင်း၊ လူစုလူဝေး များကို မရှောင်ကြဉ်ခြင်းတို့သည် ရောဂါကူးစက်နိုင်သောအချက်များ ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရက မတ်လ ၁၃ ရက်နေ့တွင် ရောဂါနှင့်ပတ်သက်၍ ပြည်သူသို့ပန်ကြားချက် ထုတ်ပြန်လိုက်သည့်အချိန်မှစ၍ လူစုလူဝေးများ၊ ပွဲလမ်းသဘင်၊ အခမ်းအနားများအား တားမြစ်လိုက်ခြင်းသည် တစ်တိုင်းပြည် လုံးရှိ ပြည်သူအားလုံးအကျိုးအတွက်ဖြစ်၍ လေးစားလိုက်နာကြရမည် ဖြစ်သည်။ မိမိအကျိုးစီးပွားကို မငဲ့ကွက် အများအကျိုးအတွက် နားလည်မှု ရှိစွာဖြင့် လိုက်ပါဆောင်ရွက်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဤရောဂါ စတင်တွေ့ရှိပြီဖြစ်၍ လူစုလူဝေးများနှင့် လူထူထပ်သောနေရာများ သို့ သွားရောက်ခြင်း၊ ဆက်ဆံခြင်းတို့အား လုံးဝရှောင်ကြဉ်ရမည့်အချိန်အခါ ဖြစ်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ COVID -19 ရောဂါကူးစက်ခံရသည့် ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးသည် ငယ်ရွယ်သူများဖြစ်ပြီး ရောဂါကူးစက်ခံရမှုမှာ ပုံမှန်ဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်မှာကြားချက် များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါဘေးမှကျော်လွှား လွန်မြောက်နိုင်မည်ဖြစ်ပြီး ရောဂါ၏နောက်ဆက်တွဲ ရိုက်ခတ်မှုများဖြစ်သည့် လူမှုစီးပွားထိခိုက်မှု နည်းနိုင်သမျှနည်းအောင်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

Tuesday, March 24, 2020

အယ်ဒီတာ့ အာဘော်
===========
Image may contain: text that says 'The Mirror Daily Established in 1957'
ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော COVID-19 ကို ကမ္ဘာ့ပြည်သူများ ရင်ဆိုင် နေရသည်။ ထိုရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်းမရှိသေးဘဲ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက် နေကြသည်။ COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပြီး ထိတွေ့မှုများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အသက်ရှူမှုနှင့်ပတ်သက်၍ လေထုသန့်ရှင်းရေးတို့ကို သတိထားရမည် ဖြစ်သည်။
လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါကူးစက်ဖြစ်ပွားသည့် နိုင်ငံ ၁၈၅ နိုင်ငံအထိ ဖြစ်ပွားလာသော်လည်း မြန်မာနိုင်ငံ၌ ကူးစက်ဖြစ်ပွားမှု မရှိသေးသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ သို့သော် အခြားရောဂါဝေဒနာ များကြောင့် စောင့်ကြည့်လူနာများအနက် အသက်သေဆုံးမှုအချို့ဖြစ်ပွား သည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်တွင် COVID-19 ရောဂါ ကူးစက်ခြင်းမရှိအောင် ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သလို နာတာရှည်ရောဂါဖြစ်ပွားစေနိုင်သော အခြားအချက်များကိုလည်း သတိပြုဆင်ခြင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ယခုကာလတွင် လူဦးရေထူထပ်သော ရန်ကုန်၊ မန္တလေးကဲ့သို့ မြို့ကြီး များတွင် တိုင်းတာရေးစက်များဖြင့် ရှာဖွေဖော်ထုတ်မှုအရ လေထုညစ်ညမ်းမှု များ ဖြစ်ပေါ်နေသည်ဟု ကြားသိရသည်။ လေထုညစ်ညမ်းမှုသည် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုကို အားပေးသည့်အပြင် နာတာရှည် ရောဂါများကို ဖြစ်ပေါ်စေသည့် အကြောင်းအချက်များဖြစ်သည်ကို သတိပြု ရမည်ဖြစ်သည်။ ယခုနောက်ပိုင်းတွင် စီးပွားရေးမြို့တော်၌ လေထုအရည် အသွေးအညွှန်းကိန်းများ မြင့်တက်နေသည်ကိုတွေ့ရသည်။
လေထုအရည်အသွေး အညွှန်းကိန်းအဆင့်သတ်မှတ်ရာတွင် ရလဒ် ဝ မှ ၅၀ အထိသည် ကောင်းမွန်သည့် (အစိမ်းရောင်)အခြေအနေ၊ ၅၁ မှ ၁၀၀ အထိသည် အလယ်အလတ်အဆင့်(အဝါရောင်)အခြေအနေ၊ ၁၀၁ မှ ၁၅၀ အထိသည် ထိလွယ်ရှလွယ်သည့်ပုဂ္ဂိုလ်များတွင် ကျန်းမာရေးသတိထားရမည့် (လိမ္မော်ရောင်)အခြေအနေ၊ ၁၅၁ မှ ၂၀၀ အထိသည် ကျန်းမာရေးနှင့်မညီညွတ် သည့် (အနီရောင်) အခြေအ‌နေ၊ ၂၀၁ မှ ၃၀၀ အထိသည် အလွန်ဆိုးရွားသည့် အဆင့် (ခရမ်းရောင်) အခြေအနေ၊ ၃၀၁ မှ ၅၀၀ အထိသည် အန္တရာယ်များသည့် အဆင့် (အနီရင့်ရောင်)အခြေအနေဟု ခြောက်ဆင့်သတ်မှတ်ထားသည်။
လေထုအရည်အသွေးတိုင်းတာခြင်းကို မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့ကတိုင်းတာပြီး ယခုနောက်ပိုင်း ရန်ကုန်မြို့၏ နေရာအချို့တွင် လေထုအရည်အသွေးအဆင့် တက်လာသည်ကိုတွေ့ရသည်။ အထူးသဖြင့် ရန်ကုန်မြို့၌ ယာဉ်အသုံးပြုချိန်များသည့် ရုံးတက်၊ ရုံးဆင်းချိန် နံနက်ပိုင်းနှင့် ညဦးပိုင်းတွင် လေထုညစ်ညမ်းမှု အဆိုးဆုံးဖြစ်သည်။ ယခု ကာလတွင် အညွှန်းကိန်းမှာ အဝါရောင်အဆင့်မှ လိမ္မော်ရောင်အဆင့်ဖြစ်ပြီး ရံဖန်ရံခါ အနီရောင်အဆင့်သို့ရောက်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။
လေထုညစ်ညမ်းမှုဖြစ်ပွားရခြင်းမှာ စက်မှုလုပ်ငန်းနှင့် ယာဉ်သုံးစွဲမှု များပြားလာခြင်း၊ အမှိုက်နှင့်ပလတ်စတစ်များမီးရှို့ခြင်း၊ မြို့ပြဧရိယာ ချဲ့ထွင်လာခြင်း၊ ရုပ်ကြွင်းလောင်စာသုံးစွဲမှုများပြားခြင်း၊ သစ်ပင်များ လျော့နည်းလာခြင်း၊ ကွန်ကရစ်လမ်းများခင်းခြင်း၊ အညှော်နံ့များထွက်ခြင်း၊ လုပ်ငန်းခွင်များမှ အမှုန်အမွှားများထွက်ရှိခြင်း စသည်တို့ကြောင့်ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။ ထို့အပြင် လုပ်ငန်းခွင်မှထွက်သော အမှုန် အမွှားဓာတ်များကို ကြာရှည်ရှူရှိုက်ရပါက ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများနှင့် နှလုံး၊ သွေးတိုး၊ ဆီးချို ရောဂါများ ပိုမိုဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။
သို့ဖြစ်ရာ ပြည်သူတစ်ဦးချင်းအနေဖြင့် ယခုလက်ရှိတွင် အရေးတကြီး ကာကွယ်နေရသော COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်၍ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေသော လေထုညစ်ညမ်းမှု ကိုပါ သတိပြုရမည်ဖြစ်သည်။ လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း၊ လူစုလူဝေးနေရာများကို ရှောင်ရှားခြင်းအပြင် နှာခေါင်းစည်းများ တပ်ဆင် ခြင်းစသည့် ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များကို အလေးထားလိုက်နာ ရမည်ဖြစ်ပါကြောင်း။ ။