Friday, March 27, 2020

စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုပါသည်




အယ်ဒီတာ့အာဘော်
===============

ယနေ့သည် ၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဖြစ်သည်။ တပ်မတော်နေ့ကို နှစ်စဉ်နှစ်တိုင်း မတ်လ ၂၇ ရက်နေ့တွင် အစဉ်အလာမပျက် ခမ်းခမ်းနားနား ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော COVID-19 ရောဂါကြောင့် အများပြည်သူ ကျန်းမာရေးကိုရှေးရှု၍ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထားခဲ့သည်။

စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ဆိုင်းငံ့ထားသည် ဆိုသော်လည်း တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းများနှင့် တပ်မတော်၏ဂုဏ်ရောင် ထွန်းပြောင်သည့် သမိုင်းမှတ်တိုင်စိုက်ထူသော ဤနေ့ကို စိတ်နှလုံးသားမှ အလေးအမြတ်ထား အသိအမှတ်ပြုရမည်ဖြစ်သည်။ ၁၉၄၇ ခုနှစ် မတ် ၂၇ ရက်နေ့ နယ်ချဲ့ဖက်ဆစ်တို့ကို တော်လှန်သောနေ့တွင် တပ်မတော်သည် ပြည်သူလူထုနှင့်အတူ တိုင်းပြည်နှင့် လူမျိုးကို ကာကွယ် စောင့်ရှောက်ရန်အတွက် ရွပ်ရွပ်ချွံချွံ စွန့်လွှတ်စွန့်စား ထမ်းဆောင်ခဲ့ကြ သည်မှာ မမေ့အပ်ပေ။ ယင်းကို အသိအမှတ်ပြုအပ်သဖြင့် နှစ်စဉ် နှစ်တိုင်း ဂုဏ်ပြုကျင်းပခဲ့သည်။ ထို့နောက် တပ်မတော်ကို ဂုဏ်ပြုသောအားဖြင့် ၁၉၅၄ ခုနှစ် မတ်လ ၂၇ ရက်နေ့မှအစပြု၍ တော်လှန်ရေးနေ့ကို တပ်မတော် နေ့ဟု ပြောင်းလဲကျင်းပခဲ့သည်။

တပ်မတော်သည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန် အဓိက ကျသော လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံတော်အား ပြည်တွင်း ပြည်ပအန္တရာယ်ရန်စွယ်များမှ တွန်းလှန်ဖယ်ရှားပေးနိုင်ခဲ့သည့် သမိုင်း ကြောင်း အစဉ်အလာကောင်းများရှိခဲ့သလို ယနေ့ထက်တိုင်အောင်လည်း ထိုအစဉ်အလာကောင်းများကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် စိန်ရတုတပ်မတော်နေ့တွင် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကို COVID-19 ရောဂါဂယက်ကြောင့် မကျင်းပနိုင်သော်လည်း ၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဦးတည်ချက်များနှင့်အညီ ဆောင်ရွက်နိုင်လိမ့်မည်။

၂၀၂၀ ပြည့်နှစ် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ကို ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေး မူဝါဒအဖြစ် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးတာဝန် ထမ်းဆောင်ရေး၊ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နိုင်ရန် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ပြည်သူလူထုအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးတို့ အတွက် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီတပ်မတော် တည်ဆောက်ရေး၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်နှင့် အမျိုးသားနိုင်ငံရေး တာဝန်များကို ခေတ်အဆက်ဆက် ကျေပွန်စွာထမ်းဆောင်ခဲ့သည့် တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းရေးဟူသည့် ဦးတည်ချက် (၄) ရပ် ချမှတ်ထားသည်။

မျက်မှောက်ကာလတွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်များ၊ အမျိုးသားနိုင်ငံရေးတာဝန်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းများ ထမ်းဆောင်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့် ငြိမ်းချမ်းရေးသည် တိုင်းပြည်နှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် အရေးကြီးဆုံးကဏ္ဍများဖြစ်၍ ယင်းတာဝန်များကို တပ်မတော်သည် အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ တပ်မတော်နှင့် ပြည်သူသည် တစ်သားတည်းဖြစ်၍ တပ်မတော်သည် တိုင်းပြည်နှင့် ပြည်သူ လူထုအကျိုးကို အစဉ်ရှေးရှုကာ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်ပါသည်။

သို့ဖြစ်ရာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်သည် (၇၅) နှစ်မြောက် စိန်ရတုတိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်၏ ထွန်းပြောင်သော သမိုင်းကြောင်းနှင့် မြင့်မားသောဂုဏ်ဒြပ်တို့သည် နိုင်ငံတော်နှင့် ပြည်သူကို အစဉ်ဦးထိပ်ပန်ဆင် ကာကွယ်စောင့်ရှောက်နေသည်ဖြစ်၍ ထူးခြားသည့်စိန်ရတုတပ်မတော်နေ့တွင် တပ်မတော်ကို ဂုဏ်ပြုလိုက်ပါသည်။ ။



No comments:

Post a Comment