Wednesday, March 25, 2020

လမ်းညွှန်ချက်များ တိကျစွာလိုက်နာကာကွယ်



အယ်ဒီတာ့အာဘော်
==============


တစ်ကမ္ဘာလုံးဖြစ်ပွားနေသည့် COVID -19 ရောဂါကြောင့် ကမ္ဘာ့ပြည်သူ အားလုံး ထိတ်လန့်တုန်လှုပ်ဖြစ်ကြမည်မှာ အမှန်ဖြစ်သည်။ အထူးသဖြင့် ရောဂါပြင်းထန်စွာကူးစက်ခံရသော၊ အများဆုံးဖြစ်ပွားသေဆုံးကြသော နိုင်ငံ ၁၀ နိုင်ငံမှ ပြည်သူများဖြစ်သည်။ နေ့စဉ်နေ့တိုင်း နိုင်ငံအများကူးစက် ပြန့်ပွားခဲ့ရာ ယခုအခါတွင် ကမ္ဘာ့နိုင်ငံများအားလုံးနီးပါး ကူးစက်ခံနေရပြီး မြန်မာနိုင်ငံသည် နိုင်ငံလက်ကျန်နောက်ဆုံးတွင်မှ ကူးစက်ခံရသူနှစ်ဦး ပေါ်ပေါက်ကြောင်း သိရှိလိုက်ရသည်။

COVID -19 ရောဂါဖြစ်ပွားသူ သို့မဟုတ် ရောဂါပိုးသက်ရောက်မှုကို ထိတွေ့မိရာမှ ရောဂါဖြစ်ပွားနေသူတစ်ယောက်မှအစ တစ်စတစ်စ ပျံ့နှံ့ ကူးစက်သွားခြင်းဖြစ်ရာ ယခုကူးစက်ခံရသူနှစ်ဦးကို သိလျှင်သိချင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဆေးဘက်ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများက ကူးစက်ခံရသူနှစ်ဦး၏ ရောဂါပျောက်ကင်းသက်သာ အောင်၊ အခြားသူများသို့ ကူးစက်ခြင်းမရှိအောင် အထူးကြပ်မတ်ကုသကာကွယ်စောင့်ရှောက်ပေးနေသည်ဟု သိရပါသည်။
ရောဂါဖြစ်သူ ရှိ၊ မရှိ ရှာဖွေစစ်ဆေးခြင်း၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်သူတွေ့ရှိလျှင်လည်း အမြန်ဆုံးထိန်းချုပ် ကုသကာကွယ်တားဆီးခြင်းတို့ကို ပြုလုပ်နိုင်အောင် မပြတ်သောသတိ၊ မလျှော့သောဇွဲလုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်နေကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးပညာရှင်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပါဝင်ဆောင်ရွက်ကြသူအားလုံးတို့ကို ကျေးဇူးတင်အသိအမှတ်ပြုရမည် ဖြစ်သည်။
မည်သည့်အရေးကိစ္စတွင်မဆို ပြည်သူသာလျှင်အဓိကဖြစ်၍ အဆိုပါ ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများ၏ စဉ်းစားချင့်ချိန်တတ်မှု၊ သက်ဆိုင်ရာ ဌာနများက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို လေးစားလိုက်နာ တတ်မှုတို့သည် ရောဂါဘယများကို ကျော်လွှားနိုင်မည့် အရေးကြီးသော အချက်များဖြစ်သည်။ အဆိုပါရောဂါသည် ကမ္ဘာ့လူဦးရေနှင့်နှိုင်းစာလျှင် သေဆုံးမှုနှုန်းသည် လေးရာခိုင်နှုန်းကျော်သာရှိ၍ လက်ရှိတွင် ဗဟိုချက်ဖြစ် နေသော အီတလီနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများအနေဖြင့် တစ်နေ့တွင် ရောဂါမှ ကျော်လွှားလွန်မြောက်နိုင်ပေမည်။
မြန်မာပြည်သူ ပြည်သားများအဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်အသိပေးထားသောအချက်များအတိုင်း တိကျစွာလိုက်နာ ကြရန်လိုအပ်ပြီး အလွန်အကျွံ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့် သတိမမူ အလေးမထား ပေါ့ပေါ့ဆဆ နေထိုင်ခြင်းဟူသည့် အစွန်းတရားနှစ်ပါးကို ရှောင်ရှားကြဖို့လိုမည် ဖြစ်သည်။ ယခုရောဂါကူးစက်မှုသည် သက်ကြီးရွယ်အို များနှင့် ရောဂါအခံရှိသူများအတွက် အထူးဂရုစိုက်ရန်လိုအပ်ပြီး ကိုယ်ခံအား ကောင်းသူများ၊ အရွယ်လတ်၊ အရွယ်ငယ်သူများအဖို့ ရောဂါကူးစက်ခံရသည် ဆိုသည့်တိုင် အသက်ရှင်သန်နိုင်သည့်အခွင့်အရေး ၉၉ ရာခိုင်နှုန်းကျော်ရှိ၍ အလွန်အကျွံစိုးရိမ်ပူပန်မှုဖြစ်ရန် လိုမည်မဟုတ်ပေ။ သို့သော် သက်ကြီးရွယ်အို များနှင့် ကိုယ်ခံအားမကောင်းသူများ၊ နာတာရှည်ရောဂါအခံရှိသူများအတွက် အထူးသတိထားကာ ဝိုင်းဝန်းစောင့်ရှောက်ပေးရမည် ဖြစ်သည်။

လက်ရှိတွင် အီတလီနိုင်ငံမှလွဲ၍ လူအသေအပျောက်ရှိသော၊ မရှိသော နိုင်ငံများအဖို့ ရောဂါကာကွယ်ရေးလုပ်ဆောင်မှုများမှာ အလုပ်ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် လက်ကိုသန့်ရှင်းစွာ စနစ်တကျဆေးကြော ခြင်းသည် ထိရောက်သောကာကွယ်မှုတစ်ခုဖြစ်ပြီး လက်မဆေးဘဲ မျက်နှာကို ထိတွေ့ကိုင်တွယ်ခြင်း၊ မည်သူနှင့်မဆို ထိတွေ့ဆက်ဆံခြင်း၊ လူစုလူဝေး များကို မရှောင်ကြဉ်ခြင်းတို့သည် ရောဂါကူးစက်နိုင်သောအချက်များ ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရက မတ်လ ၁၃ ရက်နေ့တွင် ရောဂါနှင့်ပတ်သက်၍ ပြည်သူသို့ပန်ကြားချက် ထုတ်ပြန်လိုက်သည့်အချိန်မှစ၍ လူစုလူဝေးများ၊ ပွဲလမ်းသဘင်၊ အခမ်းအနားများအား တားမြစ်လိုက်ခြင်းသည် တစ်တိုင်းပြည် လုံးရှိ ပြည်သူအားလုံးအကျိုးအတွက်ဖြစ်၍ လေးစားလိုက်နာကြရမည် ဖြစ်သည်။ မိမိအကျိုးစီးပွားကို မငဲ့ကွက် အများအကျိုးအတွက် နားလည်မှု ရှိစွာဖြင့် လိုက်ပါဆောင်ရွက်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဤရောဂါ စတင်တွေ့ရှိပြီဖြစ်၍ လူစုလူဝေးများနှင့် လူထူထပ်သောနေရာများ သို့ သွားရောက်ခြင်း၊ ဆက်ဆံခြင်းတို့အား လုံးဝရှောင်ကြဉ်ရမည့်အချိန်အခါ ဖြစ်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ COVID -19 ရောဂါကူးစက်ခံရသည့် ပြည်ပမှပြန်လာသူ မြန်မာနိုင်ငံသား နှစ်ဦးသည် ငယ်ရွယ်သူများဖြစ်ပြီး ရောဂါကူးစက်ခံရမှုမှာ ပုံမှန်ဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဌာန၏ လမ်းညွှန်မှာကြားချက် များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါဘေးမှကျော်လွှား လွန်မြောက်နိုင်မည်ဖြစ်ပြီး ရောဂါ၏နောက်ဆက်တွဲ ရိုက်ခတ်မှုများဖြစ်သည့် လူမှုစီးပွားထိခိုက်မှု နည်းနိုင်သမျှနည်းအောင်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment