Saturday, April 4, 2020

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကရင်ပြည်နယ်မှ ပါဝင်ဆောင်ရွက်နေသူများနှင့်တွေ့ဆုံ၍ လက




နေပြည်တော် ဧပြီ ၃
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ COVID -19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကရင် ပြည်နယ်မှ ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferencing စနစ် ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ လက်တွေ့အခြေအနေများအား အပြန်အလှန် ဆွေးနွေးသည်။

နှုတ်ခွန်းဆက်စကားပြောကြား

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်အရှေ့ရပ်ကွက် ပဒုမ္မာ လမ်းမှ ဒေါ်သူဇာဦး၊ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်မှ ရွှေ့ပြောင်းလုပ်သား စောင့်ကြည့်လေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်နှင့် မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ရဲစခန်းဝင်းနေ ရဲတပ်ကြပ်ကြီး မင်းဇော်ဝင်းတို့က မြန်မာအလုပ်သမား များ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ အများဆုံးပြန်လည်ဝင်ရောက်လာချိန်တွင် အကြီးမားဆုံးသော စိန်ခေါ်မှု၊ မြဝတီမြို့မှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်မြန်မာအလုပ်သမားများ၏ ကျန်းမာရေးဗဟုသုတနှင့် COVID-19 နှင့်ပတ်သက်၍ နားလည်လက်ခံမှုအခြေအနေ၊ မြန်မာအလုပ်သမားများ၏ ပူးပေါင်းဆောင်ရွက်မှု၊ နေရပ်ပြန်မြန်မာအလုပ်သမားများ၏ အနာဂတ် အလုပ်အကိုင်အတွက် စိုးရိမ်ပူပန်မှုအခြေအနေနှင့် တွေ့ကြုံနေရသည့် အခက် အခဲများ၊ Quarantine ကာလပြီးမြောက်ပါက ကျန်းမာရေးထောက်ခံချက် ထုတ်ပေးရေး၊ ယာဉ်မောင်းများအား ကျန်းမာရေးအသိပညာပေးရေးနှင့် ကျန်းမာရေးအကာအကွယ်ပေးရေး၊ နေရပ်ပြန်မြန်မာနိုင်ငံသားများ အန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို ဆွေးနွေး တင်ပြကြရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြား ရာတွင် ယခုကဲ့သို့ တွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ COVID-19 ဖြစ်ပွားနေချိန်၌ တစ်ဦးနှင့်တစ်ဦး စိတ်ပိုင်းဆိုင်ရာစုစည်းမှု ပိုမိုလိုအပ်နေချိန်တွင် ရုပ်ပိုင်းဆိုင်ရာကို ခွာနိုင်သမျှခွာ၍ နေထိုင်ရန်လိုအပ်ပါကြောင်း၊ ယခုစိန်ခေါ်မှုကို အကောင်းဆုံးကျော်လွှားနိုင်ရန် အခြေအနေအရ ကန့်သတ်ချက်များကို ညီညီ ညွတ်ညွတ်ဖြင့် အားလုံးက ပူးပေါင်းဆောင်ရွက်နိုင်မည်၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာနိုင်မည်ဆိုလျှင် COVID-19 ပြန့်ပွားမှုကို လုံးဝရပ်ဆိုင်း၍ မရသော်လည်း ထိန်းမနိုင်သိမ်းမရသည့်အဆင့်သို့ မရောက်ရှိအောင် မိမိတို့အနေဖြင့် ထိန်းသိမ်း သွားနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် တစ်ဦးချင်း တစ်ဦးချင်း တာဝန်သိစိတ်ဖြင့် ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်အသိုင်းအဝိုင်းအတွက်၊ ကိုယ့်နိုင်ငံအတွက် ဝိုင်းဝန်းကြိုးစားကြမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်


Friday, April 3, 2020

စည်းလုံးညီညာ အောင်ကြောင်းဖြာ

ကိုဗစ်- ၁၉ အသိပညာပေး ဆောင်းပါး
===========================


ဒေါက်တာမော်

ယနေ့ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ဟူသော ကပ်ရောဂါကြီး ဖြစ်လာခဲ့ချေပြီ။ ကပ်ရောဂါဆိုသည်ကို ကြားဖူးကြ သော်လည်း၊ ကပ်ရောဂါများဖြစ်လာနိုင်သည်ဟု ပညာရှင် များက အတန်တန် သတိပေးထားသော်လည်း၊ လူ့သမိုင်း မှာ ကပ်ရောဂါများကြုံခဲ့ဖူးသော်လည်း၊ ယနေ့ခေတ်ကဲ့သို့ စီးပွားရေး၊ ပညာရေး၊ လူနေမှုအဆင့်အတန်းများ တိုးတက်၍ ကပ်ရောဂါကို လူအများစုက မေ့နေချိန်ဝယ် အငိုက်မိကာ... ထိုကပ်ရောဂါကြီးမှာ ကမ္ဘာ့အရှေ့ခြမ်းမှ အနောက်ခြမ်း ကမ္ဘာတစ်ဝန်းသို့ အရှိန်အဟုန်ပြင်းစွာ ပြန့်ပွားသွားလေရာ နိုင်ငံအများစုမှာ ပြင်ဆင်ကာကွယ် ချိန် မရလိုက်ကြချေ။

လူမှန်သမျှကို ကူးစက်နိုင်

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကူးစက်ရောဂါတစ်ခု ဖြစ်၍ ထိုမြို့နေလူများ ဘဝပျက်ယောက်ယက်ခတ်နေ သည်ကို သိပ္ပံရုပ်ရှင်တစ်ခုအလား ထိုင်ကြည့်နေရာမှ မိမိ နောက်ကျောသို့ ချက်ချင်းရောက်လာပြီး မိမိတို့ပါ ဘဝ ပျက်ယောက်ယက်ခတ်နေရကြောင်း အီတလီနိုင်ငံသူ တစ်ဦးက ဆိုထားသည်။ တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားပြီး များမကြာမီကာလမှာပင် ကမ္ဘာ့နိုင်ငံ အားလုံးနီးပါးသို့ ဆင်းရဲချမ်းသာမရွေးပျံ့နှံ့ခဲ့လေပြီ။ ထိုရောဂါသည် အိမ်ရှေ့မင်းသား၊ ရုပ်ရှင်မင်းသားမခွဲခြားဘဲ လူမျိုး၊ ဘာသာ၊ နိုင်ငံ၊ ရာသီအသီးသီးမှာ လူမှန်သမျှကို ကူးစက်နိုင်ပါ သည်။
အစပထမတွင် ထိုကူးစက်ရောဂါမှာ မည်သို့သဘော သဘာဝရှိသည်ကို မည်သူကမျှ မသိခဲ့ချေ။ ဝူဟန်မြို့တွင် ရောဂါဖြစ်ပွားသူများ၊ ကူးစက်ပုံများကို လေ့လာရာမှအစ ပညာရှင်များက ဤသုံးလအတွင်း နေ့မအား၊ ညမနား သုတေသနပြုကြသဖြင့် ထိုရောဂါပိုး၏ သဘာဝကို တစ်စိတ်တစ်ပိုင်းသိရှိရပေပြီ။

မော်တို့နိုင်ငံ ကံကောင်းသည်မှာ အခြားနိုင်ငံများ ထက် သုံးလခန့်နောက်ကျပြီးမှ ထိုရောဂါ စတင်ဖြစ်သည် ဖြစ်သဖြင့် ရောဂါသဘာဝနှင့် ကာကွယ်နည်းများကို သူများနိုင်ငံများထက် တစ်ပန်းသာ သိရှိခွင့်ရနှင့်နေပြီဖြစ် သည်။ ထိုရောဂါ၏ သဘာဝကို မော်တို့ပြည်သူတွေ သိထားနားလည်မှသာ ကာကွယ်ရေးအကြံပေးချက်များကို ယုံယုံကြည်ကြည် လိုက်နာကြမည်ဖြစ်ပေသည်။

ထို့ကြောင့် ထိုရောဂါသဘာဝကို ဦးစွာရှင်းပြလိုပါ သည်။
ထိုကူးစက်ရောဂါဖြစ်ခါစတွင် ဗိုင်းရပ်စ်ပိုးတစ်ခု ကြောင့်ဖြစ်သည်ဟုသာသိခဲ့ပြီး ထိုဗိုင်းရပ်စ်ပိုးတွင် အမည် ပင်မရှိခဲ့ချေ။ ယနေ့တွင်ကား ထိုကူးစက်ရောဂါကို ၂၀၁၉ ခုနှစ်မှာဖြစ်သော ကိုရိုနာဗိုင်းရပ်စ် (coronavirus) ရောဂါ ဖြစ်သဖြင့် ကိုဗစ်-၁၉ ဟုခေါ်တွင်ပြီး ထိုဗိုင်းရပ်စ်ကို Severe Acute Respiratory Syndrome ဖြစ်စေသော coronavirus နှင့်တူသဖြင့် SARS-CoV-2 ဟု အမည်ပေး ထားပါသည်။

ထိုဗိုင်းရပ်စ်၏သဘာဝမှာ အောက်ပါအတိုင်းဖြစ်သည်-
(၁) ရောဂါရှိသူက ချောင်းဆိုး၊ နှာချေ၊ စကားပြောလိုက် ခြင်းဖြင့် ထွက်လာသော အရည်အမှုန်အမွှားလေးများတွင် ထိုဗိုင်းရပ်စ်ပိုးများပါလာသည်။

ထိုအမှုန်အမွှားလေးများသည် တစ်မီတာမှ နှစ်မီတာ အထိရောက်နိုင်သည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာ ခွာနေရမည်ဟု ညွှန်ကြားထားခြင်းဖြစ်သည်။ မြန်မာ နိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)၏ ညွှန်ကြားချက်နှင့်အညီ တစ်မီတာ (၃ ပေသာသာ) ခွာနေရမည်ဟု ပညာပေးထားပါ သည်။ CDC (Center for Disease Control and Prevention)က ထိုအမှုန်လေးများမှာ ၆ ပေ မှ ၁၀ ပေအထိရောက်နိုင်သည်ဟု ဆိုထားသည်။ မည်သို့ဆိုစေ မော်တို့ ပြည်သူများ အလွယ်တကူလိုက်နာစေနိုင်ရန် ခပ်ခွာခွာဆိုသည်မှာ လက်နှစ်ကမ်းခန့် ခွာနိုင်သမျှ ခွာနေ ကြရန် အကြံပေးလိုပါသည်။ ချောင်းဆိုး၊ နှာချေလျှင် ထိုအမှုန်လေးများတစ်မီတာမျှပင် မရောက်စေရန် တစ်ရှူး၊ အင်္ကျီလက်စသည်တို့ဖြင့် အုပ်ရပေမည်။ လက်ဖဝါးမှ တစ်ဆင့် တံခါးလက်ကိုင်စသော မိမိကိုင်သောပစ္စည်းများ သို့ ပြန့်နိုင်ပါသဖြင့် လက်ဖဝါးဖြင့် မအုပ်သင့်ပါ။

(၂) ထိုဗိုင်းရပ်စ်သည် အနီးရှိ စားပွဲ၊ တံခါးစသည့် မျက်နှာ ပြင်များပေါ်တွင် ကျနေနိုင်ပေသည်။

ထိုစားပွဲ၊ တံခါးလက်ကိုင် စသည်တို့ကို ကိုင်မိသည့် လက်ဖြင့် မျက်စိ၊ နှာခေါင်းပွတ်မိသည့်အခါ၊ အစား အသောက်ကိုင်စားသည့်အခါ ကူးစက်နိုင်ပါသည်။ ထို့ကြောင့် မကြာခဏလက်ဆေးရမည်၊ စားပွဲ၊ ကုလားထိုင် စသည့် လူတိုင်းထိကိုင်နိုင်သော မျက်နှာပြင်များကို မကြာ ခဏသုတ်သင်သန့်ရှင်းရမည်ဟု ညွှန်ကြားထားခြင်းဖြစ် ပေသည်။

(၃) ထိုဗိုင်းရပ်စ်သည် တံတွေးမှလည်း ကူးစက်နိုင်သည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်-၁၉ ရောဂါတွေ့သည့် နေ့၌ “မြန်မာပြည်မှာ ကိုဗစ်ရောဂါစတွေ့ပြီ၊ နေရာတကာ တံတွေးထွေးတတ်ကြသော မြန်မာတွေအတွက် စိတ်ပူမိ သည်”ဟု မြန်မာပြည် အခြေစိုက် နိုင်ငံခြားသတင်းသမား တစ်ဦးကပြောသည်ကို ရေဒီယိုမှာကြားလိုက်မိသောအခါ မော်မျက်လုံးပြူးသွားသည်။ ကိုယ့်လူတွေကိုတော့ သတိ ပေးမှဖြစ်ပေတော့မည်။ ထိုဗိုင်းရပ်စ်ပိုး တံတွေးမှာပါ/ မပါကို အရင်လေ့လာကြည့်သည်။ အမေရိကန် ကယ်လီ ဖိုးနီးယားပြည်နယ် ကူးစက်ရောဂါအထူးကု အတိုင်ပင်ခံ ဆရာဝန်ကြီးတစ်ယောက်ကို မေးကြည့်ရာ တံတွေးတွင် ထိုဗိုင်းရပ်စ်ပါနိုင်သည်ဟု အတည်ပြုပါ သည်။

ဟောင်ကောင်ယူနီဗာစီတီကလည်း ကိုဗစ်-၁၉ လူနာ ၁၂ ယောက်အနက် ၁၁ ယောက်၏ တံတွေး၌ ထိုဗိုင်းရပ်စ်ပိုးကိုတွေ့သည်ဟု ဂျာနယ်တစ်ခု (Clinical Infectious Diseases) တွင် ရေးသားထားသည်။ ဤကဲ့သို့ တံတွေးတွင် ထိုဗိုင်းရပ်စ်ပါနေခြင်းမှာ တံတွေးဂလင်းမှ လာနိုင်သည်ဖြစ်သလို လေပြွန်အပေါ်ဆုံးရှိ နှာခေါင်း အနောက်ဘက်နေရာ (nasopharynx) မှလာသည်လည်း ဖြစ်နိုင်သည်ဟု ဆက်လက်ဖော်ပြထားပါသည်။

ဆရာဝန်မဟုတ်သောသူအတွက် မိမိခပ်ထုတ်သော အချွဲများသည် တံတွေးလား၊ သလိပ်လားဟူသည်ကို ခွဲခြား သိရန်ခက်ခဲပေမည်။ ထို့ကြောင့် သူတစ်ပါးကို မကူးရန် “တံတွေးမထွေးပါနှင့်”ဟု မည်သည့်နိုင်ငံမှာမျှ ချမှတ်ထား ခြင်းမရှိသော စည်းကမ်းတစ်ခုကို မော်တို့ပြည်သူတွေ လိုက်နာရန် အကြံပြုလိုပါသည်။

“တံတွေးမထွေးရရင် မျိုချရမှာလား”ဟု မေးကြ သည်။ တံတွေးထွေးသည့်အကျင့်မရှိသူတွင် မျိုချရမည်၊ မမျိုချရမည်မှာ ပြဿနာမဟုတ်ပါ။ တံတွေးဆိုသည်မှာ စားသောက်နေချိန်၊ အစားအသောက်ကို စဉ်းစားနေချိန် တွေမှာသာ အစာချေရန် အများအပြားထွက်ခြင်းဖြစ်ပြီး ထွေးစရာမလိုပါ။ တံတွေးထွေးခြင်းသည် ကွမ်းစားခြင်း၊ အကျင့်ဖြစ်နေခြင်း၊ သလိပ်ထွက်ခြင်းတို့ကြောင့်သာဖြစ် သည်။ ထို့ကြောင့် ထိုအကျင့်ကိုပြင်ရမည်။ ကွမ်းစားခြင်းကို ရပ်ဆိုင်းရပေမည်။

(၄) ထိုဗိုင်းရပ်စ်သည် မစင်မှလည်း ကူးစက်နိုင်သည်။

ထိုဗိုင်းရပ်စ်ကို မစင်နှင့်မစင်အိမ်(rectum) များတွင် တွေ့ရသည်ဟု အချို့ဂျာနယ် (Journal of the American Medical Association, Nature Medicine Journal) များတွင် ဖော်ပြထားပြီး တရုတ်နိုင်ငံ၌ အချို့လူနာများ သည် ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း၊ အော့အန်ခြင်းများရှိခဲ့ သည်ဟု အချို့ဂျာနယ် (American Journal of Gastroenterology, New England Journal of Medicine)တို့တွင် ဖော်ပြထားသည်။ မစင်မှ ကူးစက်ခြင်း ကို ကာကွယ်ရန် နည်းလမ်းမှာလည်း စနစ်တကျ “လက်ဆေးခြင်း” သာပင်ဖြစ်ပေသည်။

(၅) ထိုဗိုင်းရပ်စ်သည် ကူးစက်နှုန်းမြန်၏။

ခပ်ခွာခွာမနေလျှင် ရောဂါပိုးရှိသူ တစ်ယောက်မှ နှစ်ယောက်၊ သုံးယောက်သို့ ငါးရက်အတွင်း ကူးစက်နိုင်ပြီး ရက်ပေါင်း ၃ဝ ခန့်အကြာတွင် လူပေါင်း ၄၀၀ ကျော်ကို ကူးစက်နိုင်သည်ဟု မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။ ထိုဗိုင်းရပ်စ်ပိုးသည် ရောဂါလက္ခဏာမပြမီကတည်းကပင် ကူးစက်နိုင်သဖြင့် ယနေ့ကမ္ဘာအခြေအနေအရ လူအားလုံးမှာ အချိန်မရွေး ထိုဗိုင်းရပ်စ်ပိုးရှိနိုင်သည်ဟုယူဆကာ တစ်ဦးမှတစ်ဦး မကူးစက်ရန် သတိကြီးစွာ ကာကွယ်ရပေမည်။

ထိုမျှမြန်ဆန်စွာ ကူးစက်နိုင်သော ကပ်ရောဂါကြီး အား ယနေ့အထိသိပ္ပံပညာရှင်များ လက်လှမ်းမီ သလောက်သိထားသော ကာကွယ်ရန်နည်းလမ်းများကိုသုံးသပ်ကြည့်လိုက်လျှင် (၁)ခပ်ခွာခွာနေခြင်းနှင့် (၂)သန့်ရှင်းစွာနေခြင်းဟူသော နည်းနှစ်ခုသာရှိပေသည်။ ထိုနည်းနှစ်ခုကို လူတိုင်းလူတိုင်း ကျင့်သုံးကြရင်း ကာကွယ်ဆေး၊ ကုသရန်ဆေးများပေါ်လာမည့် အချိန်ကို စောင့်စားကြပါက ဤကပ်ရောဂါကြီးကို အထိအရှအနည်း ဆုံးဖြင့် ကျော်လွှားနိုင်မည်ဖြစ်ပေသည်။

ခပ်ခွာခွာနေခြင်း

လူများနှင့် ထိုကဲ့သို့ ခပ်ခွာခွာနေခြင်းကို လူမှုရေးအရ ခပ်ခွာခွာနေခြင်း (social distancing)ဟု အစပိုင်းတွင် ခေါ်တွင်ခဲ့ကြသော်လည်း လူမှုကွန်ရက် (social media)များ ထွန်းကားနေသော ဤခေတ်အခါမှာ အထီးကျန်ဖြစ်စရာမရှိသည့်အတွက် စိတ်မခွာ လူသာခွာ နေခြင်း (physical distancing)ဟု ပြောင်းလဲခေါ်တွင် နေကြပါသည်။

အချို့သောသူများမှာ ခပ်ခွာခွာနေ၍ မဖြစ်နိုင်သောအခြေနေများရှိပါသည်။ သို့သော် ဖြစ်နိုင်သမျှ၊ ဖြစ်နိုင်သူ များက ခပ်ခွာခွာနေခြင်းဖြင့် မိမိကိုယ်ကိုလည်းကာကွယ်၊ သူတပါးကိုလည်း ကာကွယ်ရာ ရောက်ပါသည်။ မိမိအိမ် တွင်မိမိနေ၍ ခပ်ခွာခွာနေစဉ် ကိုယ်၏ကျန်းမာရေး၊ စိတ်၏ ချမ်းသာရေးအတွက် အိမ်တွင်းကိုယ်လက်လှုပ်ရှားမှု (လှေကားတက်ဆင်းခြင်း၊ အွန်လိုင်းဗီဒီယိုများ အကူအညီ ဖြင့် လှုပ်ရှားကခုန်ခြင်း)များ တစ်နေ့လျှင် တစ်နာရီခန့် ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ တရားနာခြင်း၊ စာပေများ ဖတ်ရှုခြင်း၊ အွန်လိုင်းအသုံးပြုကာ အလုပ်လုပ်ခြင်း၊ သူငယ် ချင်း ဆွေမျိုးများနှင့် အွန်လိုင်းမှာ တွေ့ဆုံစကားပြောခြင်း၊ တေးသီချင်းများနားထောင်ခြင်း၊ မအားမလပ်ခဲ့၍ တစ်ခါမျှ မရှင်းခဲ့ဖူးသော အခန်းလေးကို ရှင်းလင်းခြင်း၊ မိမိတွင် အကယ်၍သာ ထိုဗိုင်းရပ်စ်ပိုးရှိနေပါက သူများကိုမကူး စေချင်ဟု ကရုဏာထားခြင်း (ကရုဏာသည် ရောဂါပျောက် ကြောင်းဆေးတစ်ခွက်ပါ)၊ ကိုဗစ်-၁၉ သတင်းများကို တစ်နေ့နှစ်ကြိမ်ခန့်သာ ယုံကြည်စိတ်ချရသော သတင်း ဌာနများမှာကြည့်ရှုခြင်း စသည်တို့ဖြင့် ဤရေရှည်တိုက်ပွဲ ကြီးကို ကျန်းမာချမ်းသာစွာ ဖြတ်သန်းစေချင်ပါသည်။ (Ref: WHO daily media breifing on COVID-19)

သန့်ရှင်းစွာနေခြင်း

သန့်ရှင်းစွာနေခြင်းဟူသည်မှာ စနစ်တကျ လက်ဆေးခြင်း၊ မျက်နှာတွင် စိုစွတ်သော အမြှေးပါးလေး များရှိရာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်စသည်တို့အား မထိမိ စေခြင်း၊ စားပွဲ၊ တံခါးလက်ကိုင်စသော လူအများထိတွေ့ နိုင်သည့် မျက်နှာပြင်များကို သန့်ရှင်းအောင်ထားခြင်း၊ တံတွေးမထွေးခြင်းတို့ ပါဝင်ပါသည်။ လက်ဆေးရန်၊ မျက်နှာမထိရန် အသေးစိတ်အချက်များကို “ပြည်သူ တာဝန်မေတ္တာမွန်” ဆောင်းပါးတွင် ဖော်ပြထားပြီးဖြစ်ပါ သည်။

ထိုဗိုင်းရပ်စ်သည် လူသားတို့အတွက် ရန်သူအသစ် ဖြစ်သည်။ သူ့အကြောင်းသိရန်၊ သူ့အန္တရာယ်ကိုကာကွယ် ရန်လေ့လာကြိုးစားနေကြဆဲဖြစ်သည်။ ရန်သူ့အကြောင်း ပိုသိလာသည်နှင့်အမျှ လူသားတို့ လုပ်ဆောင်ရမည်များကို WHO၊ CDC၊ နိုင်ငံတော်အစိုးရတို့မှ သိပ္ပံနည်းကျ အထောက်အထားများအရ ညွှန်ကြားသွားမည်ဖြစ်သဖြင့် မျက်စိဖွင့်၊ နားဖွင့် ယုံယုံကြည်ကြည်လက်တွဲလိုက်နာကြ ရန်လိုပါသည်။
ကြက်သွန်ဖြူ၊ တမာရွက်၊ နနွင်းတက်နှင့် ဂျင်းမိတ် သလင်ကို အားကိုးခြင်းသည် အလေ့အကျင့်ပြောင်းခြင်း ထက် လွယ်ကူနေသဖြင့် ထင်ရာမြင်ရာ အလွယ်လမ်းကို မလိုက်စေလိုပါ။ ကိုဗစ်-၁၉ ရောဂါကြောင့်ဆေးရုံမရောက်ဘဲ ကြက်သွန်ဖြူအစားများသဖြင့် အာခေါင်ရောင်ပြီး ဆေးရုံ ရောက်ရကြောင်းကို The Straits Times သတင်းစာတွင် ဖတ်လိုက်ရသည်။ ကလိုရိုကွင်း (chloroquine)က ကိုဗစ်-၁၉ ရောဂါပျောက်စေသည်ဟုဆိုတိုင်း ဆရာဝန်နှင့် မတိုင်ပင်ဘဲ မသောက်သုံးသင့်ပါ။ ကလိုရိုကွင်းနှင့်မတည့် သူများ၊ ဘေးထွက်ဆိုးကျိုးများသည်ကို သတိပြုစေလိုပါ သည်။

ရန်သူမှာ ထိုဗိုင်းရပ်စ်ဖြစ်သည်။ လူသားအချင်းချင်း မဟုတ်ပါ။ မည်သူကမျှထိုရောဂါမဖြစ်ချင်ပါ။ ရောဂါရှိသူ၊ ရောဂါရှိသည်ဟုဖြစ်နိုင်ခြေရှိသူများကို မကောင်းဆိုးဝါး များကဲ့သို့ မဆက်ဆံသင့်ပါ။ ထိုကဲ့သို့ ဆက်ဆံပါက ရောဂါရှိသည်ဟုဖြစ်နိုင်ခြေရှိသူများအနေဖြင့် အသိဉာဏ် စေတနာရှိ၍ သက်ဆိုင်ရာကို အကြောင်းကြားလိုလျှင်ပင် ထွက်လာရဲမည်မဟုတ်တော့ပေ။ တစ်ဦးအပေါ်တစ်ဦး ကရုဏာထားခြင်းသည် အောင်မြင်ရာလမ်းစဖြစ်သည်။

ညွှန်ကြားချက်များကို လိုက်နာ

ထိုသို့မဟုတ်ပါက ဖမ်းဟယ်၊ ဆီးဟယ်၊ အော်ဟစ် ရိုက်ပုတ်ဟယ် စသည့် အနိဋ္ဌာရုံများနှင့် ရင်ဆိုင်ရပါမည်။ ရောဂါရှိသူ၊ ရောဂါရှိသည်ဟု ဖြစ်နိုင်ခြေရှိသူများကလည်း အများကို မကူးစက်စေရန် ထိုကပ်ရောဂါကြီး၏ အတိမ် အနက်သဘောကိုသိထားပြီး အသိစိတ်ရှိရှိ လူ့တာဝန်သိသိ ဖြင့် ကုသမှုများ၊ ညွှန်ကြားချက်များကို လိုက်နာရပေမည်။
လူသားအချင်းချင်းဆိုသည်မှာ တစ်နိုင်ငံထဲရှိ ရောဂါ ရှိသူ၊ မရှိသူများသာမက နိုင်ငံအသီးသီးသည်လည်း ရန်သူဗိုင်းရပ်စ်အကြောင်းသုတေသနများကို စုပေါင်းပြု လုပ်လေ့လာခြင်း၊ ကုသရန်ဆေးများ၊ ကာကွယ်ဆေးများကို စုပေါင်းတီထွင်စမ်းသပ်ခြင်း၊ သိရှိထားသော အချက် အလက်တို့အား မျှဝေခြင်းများကို စည်းလုံးညီညွတ်စွာပြုကြ မှသာလျှင် ဘုံရန်သူကို တိုက်နိုင်မည်ဟု WHO ညွှန်ကြား ရေးမှူးချုပ်က နေ့စဉ်သတင်းစာရှင်းလင်းပွဲများ၏ ကနဦး နေ့များကတည်းက တိုက်တွန်းထားပေသည်။

ကိုဗစ်က လူသားများ၏ စည်းလုံးမှုစွမ်းအားကို စမ်းသပ်နေလေပြီ။ စိတ်အေးအေးထားပြီး အသိပညာရှိရှိ ဖြင့် ယုံယုံကြည်ကြည်လက်တွဲကာကွယ်ကြလျှင် အထိ အရှ အနည်းဆုံးဖြင့် ဤကပ်ရောဂါကြီးကို ကျော်လွန်နိုင် ပေမည်။ ဗိုင်းရပ်စ်ကို လိုသလို မဟုတ်မမှန် အမည်တပ် မနေဘဲ လူမှန်လျှင် တိုက်ခိုက်မည်ဖြစ်သော ထိုဗိုင်းရပ်စ် ကို အမိကမ္ဘာမြေပေါ်မှာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ တစ်ဦး နှင့်တစ်ဦး အပြန်အလှန်အကျိုးပြုကာ လက်တွဲ ရှင်သန် တိုးတက်လာကြသော လူသားများက အသိရှိရှိ သတိရှိရှိ ဖြင့် ညီညာစွာစုပေါင်းတိုက်ပွဲဝင်ကြပါစို့။ ။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၁၄) နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေး



မောင်စာဂ
----------------

ရွေးကောက်ပွဲတစ်ခုကျင်းပတော့မည်ဆိုလျှင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ခွင့် ရရှိစေရေးသည် အဓိကအချက်ဖြစ်သည်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် နိုင်ငံပြင်ပတွင်လည်း ရှိနေတတ်ကြသည်။ ဤသို့ဆိုလျှင် နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရရှိရေး ဥပဒေကမည်သို့ ပြဋ္ဌာန်းထားသနည်း။ ယခင်ရွေးကောက်ပွဲအသီးသီးတွင် မည်သို့မည်ပုံ ဆန္ဒမဲပေးခဲ့ကြသနည်း။ စောကြောမိသည်။ အနှစ်ချုပ်မျှဝေပါရစေ။

ဥပဒေပြဋ္ဌာန်းချက်

ရွေးကောက်ပွဲကျင်းပသည့်အချိန်၌ နိုင်ငံပြင်ပ တွင်ရောက်ရှိနေသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သံအဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ သံရုံးအဖွဲ့ဝင်များ နှင့်အိမ်ထောင်စုဝင်များ၊ ပညာတော်သင်များနှင့် အိမ်ထောင်စုဝင်များ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိမ်ထောင်စုဝင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများနှင့် အိမ်ထောင်စုဝင်များက သက်ဆိုင်ရာမဲဆန္ဒနယ်များ အတွက် ကြိုတင်၍ဆန္ဒမဲပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စီစဉ်ပေးရသည်။[လွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏
ပုဒ်မ ၄၇ ( က ) ]

နိုင်ငံပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့်ရှိ သူများက ကြိုတင်၍ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံခြား ရေးဝန်ကြီးဌာနက တာဝန်ယူဆက်သွယ်ဆောင်ရွက်ပေး ရသည်။ [ လွှတ်တော် ရွေးကောက်ပွဲဥပဒေ
များ၏ပုဒ်မ ၄၇ (ခ ) ]

လက်တွေ့ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်

နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲကျင်းပသည့် နေ့ရက်ကိုမကြေညာမီ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထံ ဖြန့်ဖြူးနိုင်ရေး အတွက် ပုံစံ (၁၅) (မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ ဖြည့်သွင်းရန်ပုံစံ) များကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ကြိုတင်ပေးပို့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယင်း ပုံစံ (၁၅) များကို အချိန်မီဖြန့်ဖြူးနိုင်ရေးအတွက် သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများထံသို့ ဆက်လက်ပေးပို့သည်။ သက်ဆိုင်ရာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးအကြီးအမှူး သည် ယင်းပုံစံ (၁၅) များကို ဖြန့်ဖြူးသည့်အခါ မိမိထံ သို့ မည်သည့်နေ့ရက်အရောက် ဖြည့်စွက်ပေးပို့ရမည် ဖြစ်ကြောင်းကိုပါ တစ်ပါတည်းအကြောင်းကြားရ သည်။

အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများသည် လက်ခံရ ရှိသော ပုံစံ (၁၅) များတွင်ဖြည့်သွင်း၍ သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး အကြီးအမှူးထံသို့ အချိန်မီပေးပို့ရသည်။ သက်ဆိုင်ရာ အကြီးအမှူးသည် ယင်းပုံစံများကိုစိစစ်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယင်းသို့ပြန်လည်ပေးပို့ သည့် ပုံစံ (၁၅) များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လွှဲအပ်ပေးရသည်။ ကော်မရှင်သည် ယင်း ပုံစံများကိုစိစစ်၍ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများထံသို့ ပေးပို့ရသည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲသို့ ဆက်လက်ပေးပို့သည်။ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက ယင်းပုံစံ များကို စိစစ်၍ မဲဆန္ဒနယ်ပြင်ပရောက် (ပြည်ပ) ကြိုတင် ဆန္ဒမဲပေးသူများစာရင်းပုံစံ ( ၁ - ၃ ) တွင် သီးခြားရေးမှတ် ပြုစုရသည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည် စာရင်းကို ကြေညာပြီးသည့်အခါ သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသည် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံ ပြင်ပတွင်ရောက်ရှိနေသူ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့် ပတ်သက်၍ ကြိုတင်ဆန္ဒမဲလက်မှတ်များကို
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရသည်။ ကော်မရှင်က ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ပေးပို့ရပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းကြိုတင် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးအသီးသီးသို့ ဆက်လက်ပေးပို့ရသည်။

သက်ဆိုင်ရာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးအကြီးအမှူးသည် ကြိုတင်ဆန္ဒမဲ လက်မှတ်များနှင့် စာအိတ်များကိုရရှိသည့်အခါ ကြိုတင် ဆန္ဒမဲပေးမည့်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ပေး ရသည်။ ထိုသို့ စီစဉ်ပေးရာ၌ ပထမအချက်အနေဖြင့် သံရုံး သို့မဟုတ် အမြဲတမ်းကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ လာရောက်နိုင်သမျှ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများကို စုရုံးပြီး ကြိုတင်ဆန္ဒမဲပေးရန်နေရာကို သတ်မှတ်ပေးရသည်။

ဒုတိယအချက်အနေဖြင့် သံရုံး သို့မဟုတ် အမြဲတမ်း ကိုယ်စားလှယ်ရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွင် စုရုံး ရောက်ရှိလာသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များကို ဖြန့်ဖြူးကာ လျှို့ဝှက် ဆန္ဒမဲပေးခြင်းဖြင့် ဆန္ဒပြုစေပြီး သက်ဆိုင်ရာ စာအိတ် အသီးသီးသို့ထည့်သွင်း၍ လုံခြုံစွာပိတ်ရသည်။ထို့နောက် ယင်းစာအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ဆက်လက်ပေးပို့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပေးပို့လာ သည့် စာအိတ်များပါ မဲဆန္ဒနယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအမည်နှင့် မဲရုံအမှတ်များကိုစိစစ်၍ သက်ဆိုင်ရာမြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက် ပေးပို့သည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက မဲပေးသည့်နေ့ ညနေ ၄ နာရီ ထိုးသည်နှင့်တစ်ပြိုင်နက် သတ်မှတ်ထား သည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ယင်းဆန္ဒမဲ လက်မှတ်များကို ရေတွက်ရသည်။ ညနေ ၄ နာရီ ထိုးပြီးမှ ရောက်ရှိလာသည့် ဆန္ဒမဲလက်မှတ်များကို လက်ခံ ရေတွက်ခြင်းမပြုရပါ။

ဤသို့သောလုပ်ငန်းစဉ်များဖြင့် အစိုးရ၏ခွင့်ပြုချက် ဖြင့် နိုင်ငံပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ထံမှ ကြိုတင်မဲများရယူရသည်။ [သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ နည်းဥပဒေ ၅၇၊ ၅၉၊ ၆၁၊ ၆၃ တို့ပါ ပြဋ္ဌာန်းချက်များ]

ယခင်ရွေးကောက်ပွဲများတွင်
ဆန္ဒမဲပေးနိုင်ခဲ့သည့်အခြေအနေ

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်စပ်လျဉ်း၍ ပုံစံ (၁၅) ဖြင့် လျှောက်ထားသူ ခြောက်ထောင်ကျော်ခန့်ရှိခဲ့ပြီး သံရုံးအသီးသီးသို့ လာရောက်ကြိုတင်ဆန္ဒမဲပေးသူများသည်လည်း ခြောက်ထောင်ကျော်ရှိခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံပြင်ပ ရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်စပ်လျဉ်း၍ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲပေးနိုင်ရန်လျှောက်ထားသူ သုံးသောင်း ကျော်ရှိခဲ့သည်။ သံရုံးစုစုပေါင်း ၄၄ ရုံးဖြစ်သည်။ ကြိုတင် ဆန္ဒမဲ လာရောက်ပေးသူ နှစ်သောင်းကျော်ရှိခဲ့သည်။

ဆန္ဒမဲပေးသူနည်းပါးလျက်ရှိနေသည်

သာဓကအားဖြင့် အိမ်နီးချင်းထိုင်းနိုင်ငံရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနက် သက်ဆိုင်ရာ သံရုံးတွင် လာရောက်ဆန္ဒမဲပေးခဲ့သူ ထောင်ဂဏန်းပင် မပြည့်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် သွားရောက်လုပ်ကိုင်နေသော အလုပ် သမားများ သန်းနှင့် ချီ၍ရှိသည်။ နိုင်ငံနယ်စပ်ဒေသမြို့များဖြစ်သော မဲဆောက်မြို့၊ မဲဆိုင်မြို့၊ ရနောင်းမြို့များ တွင် အလုပ်သွားရောက်လုပ်ကိုင်နေကြသော အလုပ် သမားသောင်းဂဏန်းချီ၍ ရှိနေသည်။ ထိုရွှေ့ပြောင်း အလုပ်သမားများသည် ပြည်ပနိုင်ငံကိုသွားသည်ဆို ကတည်းက (Passport for Job ) စာအုပ်ကိုင်သူများပါရှိ သည်။ နောက်တစ်ခုက ( Certificate of Identity ) ကတ်ကိုင်ဆောင်သူများရှိသည်။ ယင်းတို့ကို အစိုးရ ဝန်ကြီးဌာနတစ်ခုဖြစ်သည့် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အိမ်ထောင်စုစာရင်း ( သန်းခေါင်စာရင်း ) နှင့် နိုင်ငံသား မှတ်ပုံတင်ရှိမှ ထုတ်ပေးသည်။ ယင်းနှစ်ချက်အပြင် အခြား Passport, Visa အမျိုးမျိုးဖြင့် သွားရောက် လုပ်ကိုင်နေသူများလည်း ပါရှိသည်။ ထိုသူများသည် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် သွားရောက် လုပ်ကိုင်နေသူများဖြစ်၍ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ကြသည်။

၎င်းတို့သည် ဆန္ဒမဲပေးခွင့်ရှိကြသူများဖြစ်ပြီး ဆန္ဒမဲ ပေးလိုကြသော်လည်း အခက်အခဲများကြောင့် ပြီးခဲ့ သောရွေးကောက်ပွဲများ၌ ဘန်ကောက်ရှိသံရုံးသို့သွား ရောက်၍ ကြိုတင်ဆန္ဒမဲ မပေးနိုင်ခဲ့ကြပါ။ ထို့ကြောင့် ဆန္ဒမဲပေးသူ လွန်စွာနည်းပါးခဲ့ရသည်။ အလားတူ အိမ်နီးချင်းနိုင်ငံများအပါအဝင် စင်ကာပူ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ သြစတြေးလျ၊ အမေရိကန်၊ အင်္ဂလန်စသည့် ပြည်ပနိုင်ငံအသီးသီးတွင် တရားဝင် သွားရောက်နေထိုင် အလုပ်လုပ်နေသူ အချို့အချို့မှာ လည်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးကို ပေးသာပေး၍ မရဖြစ်နေသည်။
အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသွားရောက်နေထိုင်လုပ်ကိုင်နေကြသော မဲဆန္ဒရှင်များ ရွေးကောက်ပွဲ တွင် ကြိုတင်ဆန္ဒမဲပေးမှုနည်းပါးနေရခြင်း၏ အခြေခံ အကြောင်းအရင်းမှာ သက်ဆိုင်ရာသံရုံး၊ ကောင်စစ်ဝန်ရုံး စသည်တို့သို့သွားရောက်ရန် ခရီးလမ်းပန်းဆက်သွယ်မှု ဝေးကွာ၍ အခက်အခဲဖြစ်ရခြင်းနှင့် ငွေကြေးကုန်ကျမှု အခက်အခဲဖြစ်ရခြင်း နှစ်ချက်ကိုတွေ့ရသည်။ မြန်မာ ရွေးကောက်ပွဲစနစ်အရ စာတိုက်ဖြင့်ပို့ခြင်း၊ အွန်းလိုင်းဖြင့် ပေးပို့ခြင်းတို့ကိုလည်း ခွင့်ပြုပြဋ္ဌာန်းထားခြင်း မရှိပါ။
ယင်းသို့သောအခြေအနေတွင် အဆိုပါအခက်အခဲများ ကိုကျော်လွှားပြီး အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေထိုင် အလုပ်လုပ်နေသူများအားလုံး ဆန္ဒမဲ ပေးပိုင်ခွင့်ရရှိရေးအတွက် ဥပဒေပြဋ္ဌာန်းချက်မူဘောင် အတွင်းမှ မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် နှီးနွှယ်ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ ညှိနှိုင်း ဆွေးနွေးပြီး အကောင်းဆုံးသော နည်းလမ်းများကို သတ်မှတ်နိုင်ကြပါမည်။ နိုင်ငံပြင်ပရောက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအတွက် နိုင်ငံသားတို့ ၏အခွင့်အရေးကို အပြည့်အဝရရှိနိုင်ကြပါမည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့် ရရှိကြစေလို ကြောင်းပါ။

ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး ဆန္ဒမဲပေးနိုင်ကြပါစေ၊

နိုင်ငံပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူ အားလုံး အဆင်ပြေပြေ ဆန္ဒမဲပေးနိုင်ကြပါစေ၊

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး ချောမောအောင်မြင်စွာ ကျင်းပနိုင်ပါစေ။ ။

အသိတရားဖြင့် ကြည်ကြည်ဖြူဖြူလက်ခံ



အယ်ဒီတာ့အာဘော်
===============

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၊ ပြည်သူလူထု ရောဂါကင်းဝေး စေရန် အသိပေးခြင်း၊ လိုက်နာဆောင်ရွက်စေခြင်းတို့ကို မကြာခဏ ပြောကြားလျက်ရှိသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧပြီလ ၁ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေ သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ရာ ယခုအခါ တစ်ကမ္ဘာလုံး၌ တစ်ဦးချင်းစီက မိမိကိုယ်တိုင် ကာကွယ်ထိန်းသိမ်းရေးနှင့် တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ် မနေထိုင်ရေးသည် အရေးကြီးကြောင်း၊ Quarantine ၁၄ ရက်ကာလကို ကြည်ကြည်ဖြူဖြူ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ Quarantine ၁၄ ရက်ကာလသည် များစွာကြန့်ကြာသည့် ကာလ မဟုတ်ကြောင်း၊ Quarantine ၁၄ ရက်ကာလကို အခက်အခဲဟုရှုမြင်ပြီး ညွှန်ကြားချက်များကို မလိုက်နာပါက ယခု ကိုဗစ် - ၁၉ ကပ်ရောဂါကို မည်သို့မျှ ကျော်လွှား နိုင်မည် မဟုတ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ယခုအခါ ပြည်သူလူထုအားလုံးတို့သည် ကပ်ရောဂါဘေးမှ ကင်းဝေး စေရေးအတွက် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အား လိုက်နာဆောင်ရွက် နေကြသည်ကို တွေ့ရသည်။ သို့သော် အချို့သောပြည်သူများမှာ အသိအမြင် ဗဟုသုတနည်းပါး၍လည်းကောင်း၊ ညွှန်ကြားချက်များကို အလေးမထား သဖြင့်လည်းကောင်း လုပ်မြဲ၊ ကိုင်မြဲ၊ နေမြဲ ရှိနေကြသေးသည်။ အထူးသဖြင့် တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ်နေထိုင်မှုများ ရှိနေဆဲဖြစ်ပြီး ပြည်ပမှရောက်ရှိ လာသူများ၊ စောင့်ကြည့်ရမည့်သူများ သံသယရှိသူအချို့သည် Quarantine ၁၄ ရက်ကာလကို ကြည်ကြည်ဖြူဖြူ မလိုက်နာမှုလည်း ရှိနေသည်။

ယခုအခါ ရောဂါတွေ့ရှိသူ ၁၆ ဦးတွင် လွန်ခဲ့သော ၁၄ ရက်အတွင်း ခရီးသွားရာဇဝင် မရှိသောသူများလည်း ပါဝင်လာသည်ကို တွေ့ရသည်။ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းနေသူတို့၌ ရောဂါတွေ့ရှိခြင်းသည် စိုးရိမ် ဖွယ်ရာ အခြေအနေဖြစ်လာနိုင်သည်။ ထို့ကြောင့် ရောဂါကာကွယ်ရေးအတွက် သက်ဆိုင်ရာတို့က နေ့စဉ်အသိပေးလျက်ရှိသည့် ညွှန်ကြားချက်များကို အတိအကျလိုက်နာကြရန် လိုအပ်ပေသည်။ မိမိတို့၏ စိတ်အလိုကိုလိုက်၍ ရောဂါဖြစ်နိုင်သည်တို့ကို မျက်ကွယ်ပြုလိုက်ပါက ရောဂါကူးစက်နိုင်သည်ကို သတိချပ်ရမည် ဖြစ်သည်။
ယခုကဲ့သို့ အချိန်အခါမျိုးတွင် စိတ်ဓာတ်ခိုင်မာရမည်ဖြစ်ကြောင်း၊ ထိန်းမနိုင်သိမ်းမရအခြေအနေအထိ မဖြစ်ပွားအောင် ထိန်းချုပ်ထားနိုင်မည် ဆိုလျှင် စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အတူတကွ လက်တွဲ ရင်ဆိုင်ရုန်းကန်ရင်း ညီအစ်ကိုမောင်နှမစိတ်ဓာတ်များ ပိုမိုခိုင်မာလာမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်နေသူများအနေဖြင့် ပြည်သူလူထုကိုသည်းခံပြီး ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို ၎င်းတို့ရှင်းလင်းစွာ နားလည်သည် အထိ ထပ်တလဲလဲ ရှင်းပြရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အခြား နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် လူထုပါဝင်မှုမြင့်မားကြောင်း၊ တတ်နိုင်သမျှ ကူညီကြခြင်းသည် လွန်စွာတန်ဖိုးရှိသည့် အလေ့အထဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးပြောကြားထားသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် စွန့်စွန့် စားစား အနစ်နာခံဆောင်ရွက်နေကြသော ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများအား ကျေးဇူးတင်အသိအမှတ် ပြုရမည်ဖြစ်သလို ပါဝင်ဆောင်ရွက်နေကြသည့် ပြည်သူလူထုကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသားများ၏ အခြေ အနေကို နားလည်သိရှိသဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ကိုင်ရာတွင် စိတ်ရှည်သည်းခံပြီး ဆောင်ရွက်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာကြားချက်များသည် ပြည်သူလူထုအပေါ်ထားရှိသည့် စေတနာမေတ္တာ ဖြစ်သည်။

ထို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် ကိုဗစ်-၁၉ ရောဂါ လျော့ပါးကင်းဝေးရေးအတွက် နိုင်ငံတော်အစိုးရနှင့် စေတနာ့ဝန်ထမ်း ပြည်သူအပေါင်းတို့က အမျိုးသားရေးအသိဖြင့် အလေးထားဆောင်ရွက် ပေးနေချိန်တွင် ကိုဗစ်-၁၉ ရောဂါကင်းဝေးစေရန် အသိတရားဖြင့် ကြည်ကြည်ဖြူဖြူ နားလည်လက်ခံကြရန် တိုက်တွန်းအပ်ပါသည်။ ။





Wednesday, April 1, 2020

ကိုယ့်တိုင်းပြည် ကိုယ်ချစ်




ယုဝတီခင်ဦး


“ကြီးကြီးမေရေ.. လူတစ်ယောက် ကျန်းမာသန်စွမ်းအောင် ဘယ်လိုစားသောက် နေထိုင်မလဲ။ အတိုချုံးပြီး နားလည် အောင် ပြောပြစမ်းပါနော်” တူမလေး နွယ်နီသည် ခေါင်းလျှော်ပြီးစ နက်မှောင်သောဆံပင်ကို ဖားလျားချ၍ ကိုယ်လုံးနွဲ့နှောင်း ပါးဖောင်းဖောင်းတွင် သနပ်ခါး အဖွေးသားနှင့် အမွှေးနံ့စုံစွာဖြင့် နံနက်ခင်းတွင် ရောက်လာရင်း မေးသည်။

“အတိုချုံးပြောရမယ်ဆိုရင်တော့ လူတစ်ယောက် က အာဟာရပြည့်ဝအောင် ထမင်းနဲ့ဟင်းကို မျှတအောင် စားရမှာပေါ့..”
“ဟင်.. ကြီးကြီးမေကလည်း အဲဒီလိုပြောတာ မဟုတ်ဘူးလေ။ ထမင်းမှာ ဘာဓာတ်တွေပါတယ်။ ဟင်းကို ဘယ်လိုအသီးအရွက်၊ အသားငါးနဲ့စားရင် အားရှိမလဲဆိုတာတွေပေါ့” ဟု မျက်စောင်းလေးခဲပြီး မျက်တောင်ကော့ကော့ကို တဖျပ်ဖျပ်ခတ်၍ပြောတော့မှ ကျွန်မသိရက်သားနှင့် စလိုက်သည့်အတွက် ပြန်ချော့မော့၍ ထမင်းဟင်းအကြောင်း သိကောင်းစရာများကို ပြန်ပြော ခဲ့ပါသည်။

“နွယ်နီရေ.. ထမင်းဟင်းဆိုတာ ဆန်က ဖြစ်တာ လေ။ ရှေးတုန်းကဆိုရင် ရှေးလူကြီးလယ်သမားကြီး တွေကို စပါးကိုဆန်ဖြစ်အောင် ဆန်ထောင်းရတယ် တူမရဲ့။ အဲဒီဆန်ကို မောင်းထောင်းဆန်လို့ ခေါ်တယ်။ အဲဒီဆန်က ထောင်းရတဲ့ ဆန်ဖြစ်တဲ့အတွက် စပါးခွံတွေ ကွာသွားပေမယ့် ဆန်က မဖြူဘူးလေ။ ဆန်အမြှေးမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်ခေါ်တဲ့ ဘီဝမ်းဓာတ်တို့၊ သက်စောင့်ဓာတ်တို့၊ ပရိုတင်းဓာတ်ပါဝင်တဲ့ ကြီးထွား ဓာတ်၊ Starch ခေါ်တဲ့ အင်အားဓာတ်တို့ ဆန်လုံးတွေ ထဲမှာ ကျန်ခဲ့တယ်။ အဲဒီဆန်ကို လုံးတီးဆန်လို့လည်း ခေါ်တယ်။ ဆန်လုံးညိုလို့လည်း ခေါ်တယ်”

“ဒါဖြင့် ထမင်းချက်တဲ့အခါ ထမင်းရည်သွန်ပစ်တော့ အဲဒီဓာတ်တွေ ထွက်ပါသွားတော့မှာပေါ့ ကြီးကြီးမေ”
“ဟုတ်တယ်လေ နွယ်နီ။ သာလွန်မင်းတရားကြီး တိုင်းခန်းလှည့်တဲ့အခါမှာ သူဆင်းရဲအမျိုးသမီးတစ်ဦး ထမင်းချက်ပြီး ထမင်းရည်တွေ အိုးထဲကငှဲ့ကာ သွန်ချ နေတာတွေ့မြင်တော့ ဘုရင်ကြီးက ဒီထမင်းရည် တွေထဲမှာ အာဟာရဓာတ်တွေ ပါသွားကုန်ပြီ။ အဲဒီ ထမင်း ရည်တွေကို ကိုယ့်ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ တိုက်ပါကျွေးပါလားလို့ အပြစ်တင် ဆုံးမတော်မူ ခဲ့တယ်”

နွယ်နီသည် စားပွဲပေါ်တင်ထားသော မာလကာသီး လေးကို လှမ်းယူပြီး တမြုံ့မြုံ့ဝါးရင်း ခေါင်းညိတ်နေသည်။

“ဆန်ထဲမှာ အသက်ကိုစောင့်တဲ့ ဘီဝမ်းဓာတ်တို့ ဗီတာမင်ဓာတ်တွေ၊ လူကိုကြီးထွားစေတဲ့ ပရိုတင်းဓာတ် တွေ၊ အင်အားရှိစေတဲ့ ဂလူးကို့(စ်)ဓာတ်တွေ အနည်း အများ ပါဝင်နေတယ်။ ဒါကြောင့် ငါးပိရည်ထဲက ပရိုတင်းဓာတ်နဲ့ ကန်စွန်းရွက်ပြုတ်ထဲက ဗီတာမင်သက်စောင့်ဓာတ်၊ ဆန်လုံးတီးကရတဲ့ အင်အားဓာတ်တွေရပြီးတော့ ကန်စွန်း ရွက်မှာလည်း သံဓာတ်တွေပါသေးတော့ ရှေးလူကြီးသူမ၊ လယ်သမားတွေက အရပ်လည်းမြင့် ထွားထွားကျိုင်းကျိုင်းနဲ့ အားလည်းရှိ၊ အသက်လည်း ရှည်ကြတယ်လေ”

“အာဟာရဖြစ်အောင် စားတာတော့ ဟုတ်ပါပြီ ကြီးကြီးမေ။ ကိုယ်လက်လှုပ်ရှားအားကစားမပါဝင်ဘဲနဲ့ရော ကျန်းမာနိုင်ပါ့မလား” နွယ်နီသည် မာလကာသီး တစ်လုံးကို အားရပါးရစားပြီး ရေတစ်ခွက်ထပ်သောက်ရင်း မေးပြန်သည်။

“ဟုတ်တာပေါ့။ မှန်တယ်လေ။ လယ်သမားကြီး တွေက နွားနဲ့ထွန်တိုက်၊ စပါးစိုက်၊ စပါးရိတ်၊ လယ်သူမကြီးတွေက ကောက်စိုက်၊ ပျိုးနုတ်၊ ဆန်ထောင်း၊ ဆန်ဖွပ်၊ ကလေးတွေက နွားကျောင်း၊ လှည်းမောင်းနဲ့ ကိုယ်လက်လှုပ်ရှားနေကြတော့ ကျန်းမာရေးက ကောင်းခဲ့တာပေါ့”

“အခုခေတ်ကျတော့ရော ကြီးကြီးမေ”
“အခုခေတ်ကျတော့…” ကျွန်မသည် နည်းနည်း စဉ်းစားလိုက်ပါသည်။
“အားလုံးက အဆင်သင့်ကြီးပဲလေ၊ ကိုယ်က သတိ၊ ဝီရိယနှင့် ဂရုစိုက်ပြီး ကြိုးစားရမှာက အစားအစာကို အာဟာရဖြစ်အောင်စား၊ ကိုယ်လက်လှုပ်ရှား အားကစား လုပ်၊ ကျန်းမာသန့်ရှင်းအောင် တစ်ကိုယ်ရေ သန့်ရှင်း အောင်၊ ပတ်ဝန်းကျင် သန့်ရှင်းအောင်နေ၊ တယ်လီဖုန်း တွေလည်း အကြာကြီးမပွတ်နဲ့၊ ကိုယ့်တိုင်းပြည် ကိုယ်ချစ်။”