Wednesday, April 1, 2020

ကိုယ့်တိုင်းပြည် ကိုယ်ချစ်




ယုဝတီခင်ဦး


“ကြီးကြီးမေရေ.. လူတစ်ယောက် ကျန်းမာသန်စွမ်းအောင် ဘယ်လိုစားသောက် နေထိုင်မလဲ။ အတိုချုံးပြီး နားလည် အောင် ပြောပြစမ်းပါနော်” တူမလေး နွယ်နီသည် ခေါင်းလျှော်ပြီးစ နက်မှောင်သောဆံပင်ကို ဖားလျားချ၍ ကိုယ်လုံးနွဲ့နှောင်း ပါးဖောင်းဖောင်းတွင် သနပ်ခါး အဖွေးသားနှင့် အမွှေးနံ့စုံစွာဖြင့် နံနက်ခင်းတွင် ရောက်လာရင်း မေးသည်။

“အတိုချုံးပြောရမယ်ဆိုရင်တော့ လူတစ်ယောက် က အာဟာရပြည့်ဝအောင် ထမင်းနဲ့ဟင်းကို မျှတအောင် စားရမှာပေါ့..”
“ဟင်.. ကြီးကြီးမေကလည်း အဲဒီလိုပြောတာ မဟုတ်ဘူးလေ။ ထမင်းမှာ ဘာဓာတ်တွေပါတယ်။ ဟင်းကို ဘယ်လိုအသီးအရွက်၊ အသားငါးနဲ့စားရင် အားရှိမလဲဆိုတာတွေပေါ့” ဟု မျက်စောင်းလေးခဲပြီး မျက်တောင်ကော့ကော့ကို တဖျပ်ဖျပ်ခတ်၍ပြောတော့မှ ကျွန်မသိရက်သားနှင့် စလိုက်သည့်အတွက် ပြန်ချော့မော့၍ ထမင်းဟင်းအကြောင်း သိကောင်းစရာများကို ပြန်ပြော ခဲ့ပါသည်။

“နွယ်နီရေ.. ထမင်းဟင်းဆိုတာ ဆန်က ဖြစ်တာ လေ။ ရှေးတုန်းကဆိုရင် ရှေးလူကြီးလယ်သမားကြီး တွေကို စပါးကိုဆန်ဖြစ်အောင် ဆန်ထောင်းရတယ် တူမရဲ့။ အဲဒီဆန်ကို မောင်းထောင်းဆန်လို့ ခေါ်တယ်။ အဲဒီဆန်က ထောင်းရတဲ့ ဆန်ဖြစ်တဲ့အတွက် စပါးခွံတွေ ကွာသွားပေမယ့် ဆန်က မဖြူဘူးလေ။ ဆန်အမြှေးမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်ခေါ်တဲ့ ဘီဝမ်းဓာတ်တို့၊ သက်စောင့်ဓာတ်တို့၊ ပရိုတင်းဓာတ်ပါဝင်တဲ့ ကြီးထွား ဓာတ်၊ Starch ခေါ်တဲ့ အင်အားဓာတ်တို့ ဆန်လုံးတွေ ထဲမှာ ကျန်ခဲ့တယ်။ အဲဒီဆန်ကို လုံးတီးဆန်လို့လည်း ခေါ်တယ်။ ဆန်လုံးညိုလို့လည်း ခေါ်တယ်”

“ဒါဖြင့် ထမင်းချက်တဲ့အခါ ထမင်းရည်သွန်ပစ်တော့ အဲဒီဓာတ်တွေ ထွက်ပါသွားတော့မှာပေါ့ ကြီးကြီးမေ”
“ဟုတ်တယ်လေ နွယ်နီ။ သာလွန်မင်းတရားကြီး တိုင်းခန်းလှည့်တဲ့အခါမှာ သူဆင်းရဲအမျိုးသမီးတစ်ဦး ထမင်းချက်ပြီး ထမင်းရည်တွေ အိုးထဲကငှဲ့ကာ သွန်ချ နေတာတွေ့မြင်တော့ ဘုရင်ကြီးက ဒီထမင်းရည် တွေထဲမှာ အာဟာရဓာတ်တွေ ပါသွားကုန်ပြီ။ အဲဒီ ထမင်း ရည်တွေကို ကိုယ့်ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေ တိုက်ပါကျွေးပါလားလို့ အပြစ်တင် ဆုံးမတော်မူ ခဲ့တယ်”

နွယ်နီသည် စားပွဲပေါ်တင်ထားသော မာလကာသီး လေးကို လှမ်းယူပြီး တမြုံ့မြုံ့ဝါးရင်း ခေါင်းညိတ်နေသည်။

“ဆန်ထဲမှာ အသက်ကိုစောင့်တဲ့ ဘီဝမ်းဓာတ်တို့ ဗီတာမင်ဓာတ်တွေ၊ လူကိုကြီးထွားစေတဲ့ ပရိုတင်းဓာတ် တွေ၊ အင်အားရှိစေတဲ့ ဂလူးကို့(စ်)ဓာတ်တွေ အနည်း အများ ပါဝင်နေတယ်။ ဒါကြောင့် ငါးပိရည်ထဲက ပရိုတင်းဓာတ်နဲ့ ကန်စွန်းရွက်ပြုတ်ထဲက ဗီတာမင်သက်စောင့်ဓာတ်၊ ဆန်လုံးတီးကရတဲ့ အင်အားဓာတ်တွေရပြီးတော့ ကန်စွန်း ရွက်မှာလည်း သံဓာတ်တွေပါသေးတော့ ရှေးလူကြီးသူမ၊ လယ်သမားတွေက အရပ်လည်းမြင့် ထွားထွားကျိုင်းကျိုင်းနဲ့ အားလည်းရှိ၊ အသက်လည်း ရှည်ကြတယ်လေ”

“အာဟာရဖြစ်အောင် စားတာတော့ ဟုတ်ပါပြီ ကြီးကြီးမေ။ ကိုယ်လက်လှုပ်ရှားအားကစားမပါဝင်ဘဲနဲ့ရော ကျန်းမာနိုင်ပါ့မလား” နွယ်နီသည် မာလကာသီး တစ်လုံးကို အားရပါးရစားပြီး ရေတစ်ခွက်ထပ်သောက်ရင်း မေးပြန်သည်။

“ဟုတ်တာပေါ့။ မှန်တယ်လေ။ လယ်သမားကြီး တွေက နွားနဲ့ထွန်တိုက်၊ စပါးစိုက်၊ စပါးရိတ်၊ လယ်သူမကြီးတွေက ကောက်စိုက်၊ ပျိုးနုတ်၊ ဆန်ထောင်း၊ ဆန်ဖွပ်၊ ကလေးတွေက နွားကျောင်း၊ လှည်းမောင်းနဲ့ ကိုယ်လက်လှုပ်ရှားနေကြတော့ ကျန်းမာရေးက ကောင်းခဲ့တာပေါ့”

“အခုခေတ်ကျတော့ရော ကြီးကြီးမေ”
“အခုခေတ်ကျတော့…” ကျွန်မသည် နည်းနည်း စဉ်းစားလိုက်ပါသည်။
“အားလုံးက အဆင်သင့်ကြီးပဲလေ၊ ကိုယ်က သတိ၊ ဝီရိယနှင့် ဂရုစိုက်ပြီး ကြိုးစားရမှာက အစားအစာကို အာဟာရဖြစ်အောင်စား၊ ကိုယ်လက်လှုပ်ရှား အားကစား လုပ်၊ ကျန်းမာသန့်ရှင်းအောင် တစ်ကိုယ်ရေ သန့်ရှင်း အောင်၊ ပတ်ဝန်းကျင် သန့်ရှင်းအောင်နေ၊ တယ်လီဖုန်း တွေလည်း အကြာကြီးမပွတ်နဲ့၊ ကိုယ့်တိုင်းပြည် ကိုယ်ချစ်။”

No comments:

Post a Comment