Saturday, February 28, 2015

ပျဉ်းမနားမြို့ လောကမာရဇိန်ဘုရား တပေါင်းပွဲတော်ကြီး စည်ကားစွာကျင်းပမည်



ပျဉ်းမနား ဖေဖော်ဝါရီ ၂၇


 နေပြည်တော် ပျဉ်းမနားမြို့ မြို့ကျက်သရေဆောင် ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်မြတ်ကြီး (၁၄၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သည်။
လောကမာရဇိန် ဘုရားပွဲတော်ကြီးကို ရှေးယခင်အဆက်ဆက်မှ ဒေသအစဉ်အလာ ရိုးရာအတိုင်း တပေါင်းလတွင် နှစ်စဉ်ကျင်းပလာခဲ့ရာယခု (၁၄၂)ကြိမ် ရောက်ရှိခဲ့ပြီး ပျဉ်းမနားမြို့၏ အစည်ကားဆုံး ဘုရားပွဲတော်ကြီးဖြစ်သည်။
ယခုနှစ် ဘုရားပွဲတော်ကြီးကို အထူးစည်ကားစွာ ကျင်းပမည်ဖြစ်ရာ ဈေးဆိုင်ခန်းများကို တိုးချဲ့ဆောက်လုပ်ပေးထားပြီး ဒေသအသီးသီးမှ ထွက်ကုန်ပစ္စည်း ရောင်းချမည့်ဆိုင်ခန်းများ၊ ကြွေထည်၊ မြေထည်၊ သောက်ရေအိုး၊စဥ့်အိုးဆိုင်များ၊ အညာဒေသ ထွက်ကုန်ဆိုင်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်ဖျာဆိုင်ကြီးများ၊ အဝတ်အထည်ဆိုင်များ၊ လက်မှုပစ္စည်း၊ လက်ယာသုံးပစ္စည်းဆိုင်များနှင့် မြန်မာ့ရိုးရာမုန့်ဆိုင်များ၊ (၁၂)ပွဲဈေးသည်များ စုံလင်စွာဖြင့် လာရောက်ရောင်းချကြမည်ဟု သိရသည်။
ဘုရားပွဲတော် ကျင်းပရာအနီးရှိ ကျေးရွာနေပြည်သူတစ်ဦးက ယခုကျင်းပသည့် ပွဲတော်ကြီးသည် ပျဉ်းမနားမြို့၏ အစည်ကားဆုံးပွဲတော် ကြီးဖြစ်ပြီး ပျဉ်းမနားမြို့ ဒေသခံများ၊ မြို့အရှေ့ဘက် မိုင်ပေါင်း ၄ဝ ကျော် ဝေးသောတောင်ပေါ်ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများနှင့် အနီးဝန်းကျင်မြို့များ၊ကျေးရွာများမှ ပြည်သူများ စောင့်မျှော်အားထားကြသည့် ဘုရားပွဲဖြစ် ကြောင်း၊ ကျေးရွာနေပြည်သူများမှာ တစ်နှစ်တစ်ခါကျင်းပမြဲ ဘုရားပွဲတော်ကြီးရောက်မှ မိမိအိမ်တွင် လိုအပ်သောပစ္စည်းများကို ဝယ်ယူကြသည့်ဒေသ အစဉ်အလာဓလေ့ကို ယနေ့တိုင် ကျင့်သုံးနေကြောင်း၊ တောင်သူလယ်သမားမိသားစုများက လယ်ယာသုံးပစ္စည်းများကို ယခုလိုပွဲတော်ကြီး အချိန်ရောက်မှသာလျှင် ဝယ်ယူလေ့ရှိကြောင်း ပြောကြားသည်။
လောကမာရဇိန် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၁၁ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ တေးသရုပ်ဖော်ပွဲများ၊ မျက်လှည့်၊ ကလေးအားကစားကွင်း၊ ချားရဟတ်များ၊ ဇာတ်ပွဲများ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ လောင်းကစားဝိုင်း၊ လောင်းကစားဆန်သော ကစားနည်းမျိုးစုံ၊ လောင်းကစားဟု ယူဆရသော ကစားနည်းမျိုးစုံနှင့်ဥပဒေအရ ခွင့်မပြုသော လုပ်ငန်းအားလုံးကို စေတီတော်ဝတ္တကမြေနှင့် ပွဲတော်ကွင်းနေရာအသီးသီး၌ ရောင်းချသုံးစွဲပြုလုပ်ခြင်း မပြုလုပ်ကြရန် တပေါင်းပွဲတော်ကျင်းပရေးကော်မတီက အထူးပင်တားမြစ်ထားကြောင်းသိရသည်။
သတင်း-မျိုးဇေယျာ(ပျဉ်းမနား)
ဓာတ်ပုံ-စိုးမိုး(မူဆယ်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုက်ပွဲရှောင်ဒုက္ခသည်များအား တွေ့ဆုံအားပေးစကားပြောကြား


 

 နေပြည်တော် ဖေဖော်ဝါရီ ၂၇

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးရဲထွဋ်၊ ဒေါက်တာသန်းအောင်၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ရှမ်းပြည်နယ် လားရှိုးမြို့သို့ ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လောက်ကိုင်ဒေသတိုက်ပွဲများ၌ နိုင်ငံတော်အတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ကာကွယ်ခဲ့ရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မတော်သားအရာရှိ၊ စစ်သည်များ နှင့် မိသားစုဝင်များအား လားရှိုးတပ်နယ် တပ်မတော်ဆေးရုံ၌ သွား ရောက်တွေ့ဆုံပြီး တစ်ဦးချင်းစီ တွေ့ဆုံအားပေးကာ ဂုဏ်ပြုငွေကျပ် သိန်း၁ဝဝနှင့်လက်ဆောင်ပစ္စည်း၊ စားသောက်ဖွယ်ရာများကို ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တပ်မတော်ဆေးရုံရှိ တပ်မှူးခန်းမ၌ ကျဆုံးစစ်သည်များ၏ မိသားစုဝင်များအား တွေ့ဆုံပြီး ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ပေးအပ်ကာ အားပေးစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကိုးကန့်သောင်းကျန်းသူများက အရပ်ဘက်ယာဉ်တန်းများအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အရပ်သားများနှင့် ပညာရေး ဝန်ထမ်းများအား ကြည့်ရှုအားပေးပြီး
ထောက်ပံ့ငွေ၊ လက်ဆောင်ပစ္စည်း၊ စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ ပြည်နယ် အထွေထွေဆေးရုံကြီးသို့ ရောက်ရှိကြပြီး ကိုးကန့်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဆေးရုံကြီး၌ တက်ရောက်ဆေးဝါးကုသမှု ခံယူနေသည့် ကြက်ခြေနီဝန်ထမ်းများ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အရပ်သားများအား ထောက်ပံ့ငွေ၊လက်ဆောင်ပစ္စည်း၊စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တပုညနန္ဒနှင့်အတူ တိုက်ပွဲရှောင် ဒုက္ခသည်များအား တွေ့ဆုံ အားပေးစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မန်ဆူကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး တိုက်ပွဲရှောင်ဒုက္ခသည်များအတွက် အလှူငွေကျပ် ၃၂၅ သိန်း၊ ဆန်အိတ် ၁ဝဝ၊ ဆီပိဿာ ၁ဝဝနှင့် ဆား၊ ငရုတ်၊ ကြက်သွန်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တိုက်ပွဲရှောင် ဒုက္ခသည်များအား ထောက်ပံ့ပစ္စည်း များကိုပေးအပ်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)

တုတ်ဖြင့်ရိုက်၍ သေနတ်လုရန်ကြိုးစားသူအား ခုခံပစ်ခတ်ရာမှ ထိမှန်သေဆုံး


 'တုတ်ဖြင့်ရိုက်၍ သေနတ်လုရန်ကြိုးစားသူအား ခုခံပစ်ခတ်ရာမှ ထိမှန်သေဆုံး

နေပြည်တော်  ဖေဖော်ဝါရီ  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ မြို့နယ် နမ့်ဆလပ်-သိန်းနီကားလမ်းတွင်  သောင်းကျန်းသူအဖွဲ့များက  နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ဆောင်ရွက်လေ့ရှိသဖြင့် ကားလမ်းလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ ရက်   နံနက် ၅ နာရီခွဲခန့်က နမ့်ဆလပ်မြို့၏   အနောက်ဘက် သုံးမိုင်ခွဲခန့်အကွာ ကားလမ်း၏  မြောက်ဘက်ခြမ်း၌ နယ်မြေရှင်းလင်းဆောင်ရွက်နေစဉ် ရော်ဘာခြံရှိ တဲအတွင်းမှ အသက် (၃၂)နှစ်ခန့်ရှိ  အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ပြေးထွက်လာပြီး ရှေ့ဆုံးမှ လှည့်ကင်းဆောင်ရွက်နေသော စစ်သည်အား တုတ်ဖြင့် ရိုက်နှက်၍ သေနတ်အား လုယူရန် ကြိုးစားခဲ့သည်။ 

ထို့ကြောင့် ၎င်းစစ်သည်က သေနတ်လုယူရန် ကြိုးစားသူအား ပြန်လည်ခုခံ၍ ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် တစ်ချက်ပစ်ခဲ့ရာ အဆိုပါအမျိုးသား၏ ရင်ဘတ်သို့ ထိမှန်သေဆုံးခဲ့သည်။ သေဆုံးသူ နေထိုင်ရာ တဲအတွင်းမှ  ဒုံးပစ်လောင်ချာပို့ကျည်တစ်တောင့် တွေ့ရှိရပြီး  ဖြစ်စဉ်နေရာနှင့်  အနီးဆုံးဖြစ်သော တန့်ဆော်ရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူကြီးများနှင့် ရွာသားများအား မေးမြန်းစိစစ်ချက်အရ အဆိုပါအမျိုးသားသည် ၎င်းတို့ရွာသားမဟုတ်ကြောင်း၊ အနီးပတ်ဝန်းကျင်၌လည်း ဆွေမျိုးတော်စပ်သူ  မရှိကြောင်း၊ ယခင်ကလည်း ၎င်းအား မြင်တွေ့ဖူး ခြင်းမရှိကြောင်းနှင့် ၎င်းရော်ဘာခြံရှိ လူမနေသောအစောင့်တဲသို့ လွန်ခဲ့သော သုံးရက်ခန့်က မြောက်ဘက်အရပ်မှ လာရောက်နေထိုင်သည်ကို တွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။ 

ထို့နောက် သေဆုံးသူအမျိုးသားအား ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီး၌ ရပ်ရွာဓလေ့ထုံးစံနှင့်အညီ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သတင်းရရှိသည်။

(မြဝတီ)'


နေပြည်တော် ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီ မြို့နယ် နမ့်ဆလပ်-သိန်းနီကားလမ်းတွင် သောင်းကျန်းသူအဖွဲ့များက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ဆောင်ရွက်လေ့ရှိသဖြင့် ကားလမ်းလုံခြုံရေးအတွက် လှည့်ကင်းဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၅ နာရီခွဲခန့်က နမ့်ဆလပ်မြို့၏ အနောက်ဘက် သုံးမိုင်ခွဲခန့်အကွာ ကားလမ်း၏ မြောက်ဘက်ခြမ်း၌ နယ်မြေရှင်းလင်းဆောင်ရွက်နေစဉ် ရော်ဘာခြံရှိ တဲအတွင်းမှ အသက် (၃၂)နှစ်ခန့်ရှိ အရပ်ဝတ်ဖြင့် အမျိုးသားတစ်ဦး ပြေးထွက်လာပြီး ရှေ့ဆုံးမှ လှည့်ကင်းဆောင်ရွက်နေသော စစ်သည်အား တုတ်ဖြင့် ရိုက်နှက်၍ သေနတ်အား လုယူရန် ကြိုးစားခဲ့သည်။
ထို့ကြောင့် ၎င်းစစ်သည်က သေနတ်လုယူရန် ကြိုးစားသူအား ပြန်လည်ခုခံ၍ ၎င်းကိုင်ဆောင်သည့် သေနတ်ဖြင့် တစ်ချက်ပစ်ခဲ့ရာ အဆိုပါအမျိုးသား၏ ရင်ဘတ်သို့ ထိမှန်သေဆုံးခဲ့သည်။ သေဆုံးသူ နေထိုင်ရာ တဲအတွင်းမှ ဒုံးပစ်လောင်ချာပို့ကျည်တစ်တောင့် တွေ့ရှိရပြီး ဖြစ်စဉ်နေရာနှင့် အနီးဆုံးဖြစ်သော တန့်ဆော်ရွာအပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ရွာသူကြီးများနှင့် ရွာသားများအား မေးမြန်းစိစစ်ချက်အရ အဆိုပါအမျိုးသားသည် ၎င်းတို့ရွာသားမဟုတ်ကြောင်း၊ အနီးပတ်ဝန်းကျင်၌လည်း ဆွေမျိုးတော်စပ်သူ မရှိကြောင်း၊ ယခင်ကလည်း ၎င်းအား မြင်တွေ့ဖူး ခြင်းမရှိကြောင်းနှင့် ၎င်းရော်ဘာခြံရှိ လူမနေသောအစောင့်တဲသို့ လွန်ခဲ့သော သုံးရက်ခန့်က မြောက်ဘက်အရပ်မှ လာရောက်နေထိုင်သည်ကို တွေ့ရှိရကြောင်း စုံစမ်းသိရှိရသည်။
ထို့နောက် သေဆုံးသူအမျိုးသားအား ဖြစ်စဉ်ဖြစ်ပွားသည့်နေရာအနီး၌ ရပ်ရွာဓလေ့ထုံးစံနှင့်အညီ ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း သတင်းရရှိသည်။
(မြဝတီ)

ကောင်းမွန်မှန်ကန်သော တင်ဒါစနစ်ကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် ဘဏ္ဍာငွေများ မှန်ကန်စွာအသုံးပြုနိုင်မည်

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး


 နေပြည်တော် ဖေဖော်ဝါရီ ၂၇

 ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂ဝ) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင်ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ကိုရီးယားသမ္မတနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ သွားရောက်ခဲ့သည့် ပြည်ပခရီးစဉ်များကို လွှတ်တော်က မှတ်တမ်းတင်ဆောင်ရွက်သည်။
ထို့နောက် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။
ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအောင်သန်းက ကျန်းမာရေးဘတ်ဂျက်များ ပိုမိုချထားပေးသည်နှင့်အမျှ ဆေးရုံ၊ ဆေးခန်း၊ ဌာနသစ်များရရှိလာပါကြောင်း၊ တိုးပွားလာသည့်ဌာနသစ်၊ အဆောင်သစ်များနှင့်အတူ ဝန်ထမ်းများကိုလည်း စနစ်တကျ စီမံကိန်းများရေးဆွဲပြီး တိုးချဲ့ခန့်အပ် ရမည်ဖြစ်ပါကြောင်း၊ရှိပြီးသားဝန်ထမ်းများကိုလည်း သူ့နေရာနှင့်သူ ချထားပေးရန်လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံသားများသည် ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်တွင် ညီမျှသည့်ကျန်းမာ ရေးဝန်ဆောင်မှုများ ရရှိမည်ဖြစ်ပါကြောင်း၊ မြို့နယ်အလိုက်ရေးဆွဲထားသည့်စီမံချက်များအပေါ်တွင် အခြေခံပြီးရေးဆွဲမည်ဆိုပါက ကျန်းမာရေးလိုအပ်ချက်များ တစ်မြို့နယ်နှင့် တစ်မြို့နယ် မျှတလုံလောက်နိုင်မည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ထန်းတပင်မဲဆန္ဒနယ်မှ ဦးသိန်းရီ က လက်ရှိကျင့်သုံးနေသော ပညာရေး အခြေခံမူသဘောအရ အခြေခံပညာ မူလတန်းကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းနှင့် အခြေခံ ပညာအထက်တန်းကျောင်းများတိုးချဲ့ခြင်း၊အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် လမ်းပန်းဆက် သွယ်ရေး ခက်ခဲရမည်။ မူလတန်းကျောင်းဆိုလျှင် ကျောင်းသားအင်အား ၁ဝဝ ရှိရမည်။ အထက်တန်း ကျောင်းဆိုလျှင် ကျောင်းသားအင်အား ၁ဝဝဝ ရှိရမည်။ ကျောင်းဆောင်ရှိရမည်။ ပရိဘောဂရှိရမည်ဆိုသော အခြေခံမူများ သတ်မှတ်ဆောင်ရွက်လုပ်ကိုင်ခြင်းကြောင့် မူလတန်းကျောင်း(ခွဲ)များ တိုးချဲ့မှု လျော့နည်းခဲ့ပါကြောင်း၊ အလယ်တန်းကျောင်း(ခွဲ)နှင့် အထက်တန်းကျောင်း (ခွဲ) အဆင့်မြှင့်တင်မှုများလည်း နည်းခဲ့ပါကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကျောင်းသားများ ကျောင်းမတက်နိုင်ဘဲ ကျောင်းထွက်နှုန်း မြင့်မားပါကြောင်း၊ လမ်းပန်းဆက် သွယ်ရေးခက်ခဲမှုကြောင့် အလယ်တန်း၊ အထက်တန်းကူးပြောင်းနှုန်းများလည်း လျော့နည်းနေသည်ကို တွေ့ရှိရပါကြောင်းဖြင့် ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဇော်မြင့်ဖေက ဘဏ်များ၏ငွေပေးချေမှု စနစ်တိုးတက်ကောင်းမွန်အောင် ပြုပြင် အားပေးပြီးပြည်သူများဘဏ်အသုံးချမှုတိုးပွားလာအောင် ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ဌာနများ၏အသုံးစရိတ်ကို လုပ်ငန်းများထပ်မနေစေရန် စိစစ်သွားရမည်ဖြစ်ပါကြောင်း၊ သာမန် သုံးငွေနှင့် ငွေလုံးငွေရင်းအသုံးစရိတ်များကို တင်းကျပ်စွာထိန်းချုပ်သုံးစွဲသွားရမည်ဖြစ်ပါကြောင်း၊ ခေါင်းစဉ်ပြောင်းသုံးစွဲခြင်းမျိုး ကွယ်ပျောက်သွားရန် တိတိကျကျစနစ်ချပြီး စိစစ်ရမည်ဖြစ်ပြီး နိုင်ငံခြားချေးငွေများကို ယခုထက်ပိုမို၍ အဆင့်ဆင့်တင်းကြပ် စိစစ်သင့်ပါကြောင်းဖြင့် ဆွေးနွေး သည်။
ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဒေါက်တာ နေလင်းက အဓိကလူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေးကဏ္ဍတွင် ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမ စသည့် လူသားအရင်းအမြစ်များကို ပိုမိုမွေး ထုတ်ရန် လိုအပ်နေသည့်အတွက် လူသားအရင်းအမြစ်မွေးထုတ်ရေးစီမံကိန်းများကို ဦးစားပေးဆောင်ရွက် ပေးရန်အကြံပြုလိုပါကြောင်း၊ လုပ်ငန်းစီမံကိန်းများသတ်မှတ်ရာတွင် နေရာဒေသအကျယ်အဝန်း၊ လူဦးရေ ထူထပ်မှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနှင့်ဝေးလံခေါင်းပါးမှုများကို အခြေမခံသင့်ပါကြောင်း၊ တူညီသော ရည်မှန်းချက်ပန်းတိုင်ကို တည်ဆောက်သည့်နေရာတွင် ပြည်သူလူထု ၏ယုံကြည်မှုရရှိရန် လိုအပ်ပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊လူတိုင်းသက်တမ်းစေ့ နေနိုင်ပြီး ရောဂါဘယကင်းဝေးရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်စေရေးအတွက် ဆောင်ရွက်ကြရာတွင် ကောင်းမွန်သည့် မူဝါဒ၊မျှတသည့်စီမံကိန်း၊ တာဝန်ယူ၊ တာဝန်ခံ၊ တာဝန်သိမှုတို့ဖြင့် အားလုံးပေါင်းစည်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါက်တာမြတ်ဉာဏစိုးက ဝန်ထမ်းဖွဲ့စည်းပုံများကို ကျစ်လျစ်စွာ ခန့်ထားဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း၊ သို့မှသာ ဝန်ထမ်းများကို တိကျသည့် လစာတစ်ရပ်တိုးမြှင့်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ ကျစ်လစ်သည့် ဝန်ထမ်းဖွဲ့စည်းပုံဖြင့် သွားမှသာ ထိုက်တန်သည့် လုပ်ခလစာ (သို့ မဟုတ်) မိမိဘာသာရပ်တည်နိုင်သည့် အနေအထားကိုပေးနိုင်မည် ဖြစ်ပါ ကြောင်း၊ ထိုက်တန်သည့်လစာပေးနိုင်မှသာ quality ကို ရရှိမည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနန္ဒကျော်စွာက ပါတီစုံ ဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်သည့်အချိန်ကာလတွင် တင်ဒါစနစ်များကို စနစ်တကျစီမံခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်းနှင့်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ပါက ပြည်သူ့ငွေများကို အလေအလွင့် မရှိ သုံးစွဲနိုင်မည် ဖြစ်သည့်အပြင် ဈေးကွက်အရလည်း ကောင်းမွန်သော ယှဉ်ပြိုင်မှုများကို ဖြစ်ထွန်းလာစေပြီး အရည်အသွေးပါ ပိုမိုမြင့်လာစေမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုအစိုးရက စီမံကိန်းလုပ်ငန်းများ ခွင့်ပြုဆောင်ရွက်ရာတွင် အမှန်တကယ် လိုအပ်၊ မလိုအပ်နှင့် အမှန်တကယ်လိုအပ်ခဲ့လျှင် အမှန်တကယ်သုံး၊ မသုံး စိစစ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကောင်းမွန်မှန်ကန်သော တင်ဒါစနစ်ကို လက်တွေ့ကျကျ စနစ်တကျဆောင်ရွက်ခြင်းဖြင့် ပြည်သူနှင့်နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာငွေများကို မှန်ကန်စွာ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးသည်။
ယင်းဥပဒေကြမ်း၏ မူနှင့်အခြေခံ သဘောအပါအဝင် စီမံကိန်းလုပ်ငန်း များနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်း ပြီးဆုံးကြောင်းနှင့်ကိုယ်စားလှယ်များ ၏ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်များ ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းကို မတ်လ ၅ ရက်နှင့် ၆ ရက်တွင် ဆက်လက်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

(သတင်းစဉ်)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာအိုနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ



 နေပြည်တော် ဖေဖော်ဝါရီ ၂၇

မြန်မာ-လာအို နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အကြားရှည်လျား သောသမိုင်းကြောင်းနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့၍ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာလိုင်ရင်း ဆိုင်ညဇန်အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီး များ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာလိုင်ရင်း ဆိုင်ညဇန်နှင့်အတူ စစ်သံမှူး Colonel Daokai Lertlivanhနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာ၊လာအို၊ ထိုင်းသုံးနိုင်ငံနယ်နိမိတ် ဆက်စပ်ရာ ရွှေတြိဂံနယ်မြေအတွင်း မူးယစ်ဆေးဝါးပြဿနာအချို့ ရှိသဖြင့် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများနှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းတားဆီးကာကွယ်သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အတွက် နယ်စပ်ဒေသတိုင်းရင်းသား ဓလေ့စရိုက် တူညီမှုများရှိသဖြင့် ပြည်သူများ အပြန်အလှန် လည်ပတ်နိုင်ရေး လမ်းဖွင့်ပေးစေလိုပါကြောင်း၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးကဏ္ဍမြှင့်တင် ဆောင်ရွက်ရေးနှင့်နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး အကြံပြုလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

ဧည့်သည်တော်သံအမတ်ကြီးက မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် (၆ဝ) ပြည့် အထိမ်းအမှတ်အဖြစ် တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့်ဘောလုံးအားကစားအဖွဲ့များကို စေလွှတ်သွားလိုပါကြောင်း၊ ရွှေတြိဂံဒေသ မူးယစ်ဆေးဝါးပြဿနာမှာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးသောကိစ္စဖြစ်၍ ပူးပေါင်းတိုက်ဖျက် သွားမည်ဖြစ်ကြောင်း၊ကုန်သွယ်မှု မြှင့်တင်ခြင်းဖြင့် ဆက်ဆံရေးတိုးတက်မှုသာမက နှစ်နိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် တပ်မတော်နှစ်ရပ် အကြား နှစ်နိုင်ငံဘာသာစကား အပြန်အလှန် စေလွှတ်သင်ကြားရေး၊ နယ်စပ်တည်ငြိမ် လုံခြုံရေးနှင့်ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးပြောကြားသည်။

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ တို့သည် ၁၉၅၅ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပြီး ရန်ကုန်မြို့၌ လာအိုနိုင်ငံသံရုံးကို ၁၉၅၆ ခုနှစ် သြဂုတ် ၉ ရက်တွင် စတင်ဖွင့်လှစ်ကာ မြန်မာသံရုံးကို လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ ၁၉၆၇ ခုနှစ် ဧပြီ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
(မြဝတီ)

ရင်ချင်းဆက်အမြွှာ ခွဲစိတ်မှုအောင်မြင်မှုမှတ်တိုင်သစ်


မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

မြန်မာ့ဆေးပညာရှင်များ လောကတွင် အောင်မြင်စွာကုသ နိုင်မှုတစ်ရပ်မှာ အမြွှာကလေးများ ခွဲစိတ်ပေးနိုင်မှုပင်ဖြစ်ပါသည်။ရင်ချင်းဆက်၊ တင်ချင်းဆက်အမြွှာကလေးများကို အောင်မြင်စွာ ခွဲစိတ်ပေးလျက်ရှိပါသည်။ ဤသည်မှာ မြန်မာနိုင်ငံနှင့် မြန်မာ့ဆေးပညာရှင်များအတွက် ဂုဏ်ယူစရာပင်ဖြစ်ပါသည်။ကလေးအမြွှာများကို ပြည်ပနိုင်ငံများသို့ သွားရောက်ခွဲစိတ်ကုသစရာမလိုဘဲ မြန်မာနိုင်ငံအတွင်း၌ပင် ခွဲစိတ်ကုသပေးနိုင်ခြင်းသည် မြန်မာ့ဆေးပညာလောက၏ တိုးတက်မှုသမိုင်းမှတ်တိုင်သစ်ပင် ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန ရန်ကုန်ကလေးဆေးရုံကြီး၌ ဖေဖော်ဝါရီ ၂၄ ရက်တွင် အသက် တစ်နှစ်နှင့် ခုနစ်လအရွယ်ရှိ (ဘေဘီမိုးသူဇာ ၁နှင့် ၂)တို့ကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ရင်ချင်းဆက်အမြွှာညီအစ်မအား ရန်ကုန်ကလေးဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန် ပါမောက္ခ ဒေါက်တာဦးထူးဟန်၊ ရန်ကင်းကလေးဆေးရုံကြီးမှ ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်အေးအေး၊ ကလေးကျန်းမာရေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာဦးရဲမြင့်ကျော်၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ မေ့ဆေးအထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါ်ကြည်ကြည်စန်းနှင့် မေ့ဆေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြစိုးတို့ ဦးဆောင်သော ဆရာဝန်ဆရာမများက အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ခန္ဓာကိုယ်ချင်းဆက်အမြွှာခွဲစိတ်မှုကို ၁၉၇၁ ခုနှစ်က မနန်းစိုး၊ မနန်းစံရင်ချင်းဆက် အမြွှာအား ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ထို့နောက် ၁၉၉၃ ခုနှစ်တွင် အေးအေးငြိမ်း၊ အိအိငြိမ်းရင်ချင်းဆက်အမြွှာကို ရန်ကုန်ကလေးဆေးရုံကြီး၌ပင် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။ ထို့အပြင် ၂ဝဝ၂ ခုနှစ်တွင် မိုးမမအောင်၊ မိုးပပအောင် တင်ချင်းဆက်အမြွှာကို မန္တလေး ကလေးဆေးရုံကြီး၌ အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

၂ဝဝ၉ ခုနှစ်တွင် စိုပြေလင်း၊ စိုပြေဝင်း ရင်ချင်းဆက်အမြွှာ၊ ၂ဝ၁၁ ခုနှစ်တွင် အင်ကြင်းခိုင်၊အင်ကြင်းလှိုင် ရင်ချင်းဆက်အမြွှာနှင့်ရန်ကင်း၊ ရန်ရှင်း ရင်ချင်းဆက်အမြွှာ၊၂ဝ၁၂ ခုနှစ်တွင် ဘေဘီချိုချိုဝင်း ရင်ချင်းဆက်အမြွှာတို့ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ရာ မြန်မာ့ဆေးလောက၏ ရင်ချင်းဆက်အမြွှာခွဲစိတ်မှု ကိုးကြိမ်ရှိသည့်အနက် ယခုခွဲစိတ်မှုသည် ရန်ကုန် ကလေးဆေးရုံကြီး၌ ခွဲစိတ်မှုသည် သတ္တမမြောက် ရင်ချင်းဆက် အမြွှာခွဲစိတ်မှုပင်ဖြစ်ပါသည်။

ဤသို့အားဖြင့် မြန်မာ့ဆေးပညာလောက၏ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရမည်ဖြစ်ပါသည်။မျိုးဆက်သစ်လူငယ်ဆရာဝန်များအား ခွဲစိတ်အတတ်ပညာများ ဖြန့်ဝေပေးနိုင်ရမည်ဖြစ်ပါသည်။ ဤကဲ့သို့ ရင်ချင်းဆက်အမြွှာခွဲစိတ်မှု သာမက အခြားအခြားသော ရောဂါများ၊ ခွဲစိတ်ကုသမှုများကိုလည်း ပြည်ပတိုင်းပြည်များသို့ သွားရောက်ကုသစရာမလိုဘဲ မြန်မာနိုင်ငံအတွင်း၌ အောင်မြင်စွာ ကုသနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါသည်။ မြန်မာ့ဆေးပညာလောက တိုးတက်အဆင့်မြင့်မားလာသည်နှင့်အမျှ ပြည်သူများ၏ ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းသည်လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း။ ။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း လာအို၊သြစတြေးလျနိုင်ငံ သံအမတ်ကြီးတို့အား လက်ခံတွေ့ဆုံ



 နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာလိုင်ရင်း ဆိုင်ညဇန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။ 

အလားတူ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြစတြေးလျနိုင်ငံသံအမတ်ကြီး မစ္စတာနီကိုးလတ် ကော့ပယ်လ် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲများသို့ ပြည်ထောင်စုလွှတ်တော်နာယကနှင့်အတူ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့်ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)