Saturday, February 28, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုက်ပွဲရှောင်ဒုက္ခသည်များအား တွေ့ဆုံအားပေးစကားပြောကြား


 

 နေပြည်တော် ဖေဖော်ဝါရီ ၂၇

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးလှထွန်း၊ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးဝင်းမြင့်၊ ဦးရဲထွဋ်၊ ဒေါက်တာသန်းအောင်၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ရှမ်းပြည်နယ် လားရှိုးမြို့သို့ ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လောက်ကိုင်ဒေသတိုက်ပွဲများ၌ နိုင်ငံတော်အတွက် ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ကာကွယ်ခဲ့ရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မတော်သားအရာရှိ၊ စစ်သည်များ နှင့် မိသားစုဝင်များအား လားရှိုးတပ်နယ် တပ်မတော်ဆေးရုံ၌ သွား ရောက်တွေ့ဆုံပြီး တစ်ဦးချင်းစီ တွေ့ဆုံအားပေးကာ ဂုဏ်ပြုငွေကျပ် သိန်း၁ဝဝနှင့်လက်ဆောင်ပစ္စည်း၊ စားသောက်ဖွယ်ရာများကို ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တပ်မတော်ဆေးရုံရှိ တပ်မှူးခန်းမ၌ ကျဆုံးစစ်သည်များ၏ မိသားစုဝင်များအား တွေ့ဆုံပြီး ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ပေးအပ်ကာ အားပေးစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကိုးကန့်သောင်းကျန်းသူများက အရပ်ဘက်ယာဉ်တန်းများအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် အရပ်သားများနှင့် ပညာရေး ဝန်ထမ်းများအား ကြည့်ရှုအားပေးပြီး
ထောက်ပံ့ငွေ၊ လက်ဆောင်ပစ္စည်း၊ စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ ပြည်နယ် အထွေထွေဆေးရုံကြီးသို့ ရောက်ရှိကြပြီး ကိုးကန့်သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ဆေးရုံကြီး၌ တက်ရောက်ဆေးဝါးကုသမှု ခံယူနေသည့် ကြက်ခြေနီဝန်ထမ်းများ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် အရပ်သားများအား ထောက်ပံ့ငွေ၊လက်ဆောင်ပစ္စည်း၊စားသောက်ဖွယ်ရာများကို ပေးအပ်သည်။
ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်သို့ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တပုညနန္ဒနှင့်အတူ တိုက်ပွဲရှောင် ဒုက္ခသည်များအား တွေ့ဆုံ အားပေးစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မန်ဆူကျောင်း ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး တိုက်ပွဲရှောင်ဒုက္ခသည်များအတွက် အလှူငွေကျပ် ၃၂၅ သိန်း၊ ဆန်အိတ် ၁ဝဝ၊ ဆီပိဿာ ၁ဝဝနှင့် ဆား၊ ငရုတ်၊ ကြက်သွန်တို့ကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တိုက်ပွဲရှောင် ဒုက္ခသည်များအား ထောက်ပံ့ပစ္စည်း များကိုပေးအပ်ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် လားရှိုးမြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့ကြရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)

No comments:

Post a Comment