Wednesday, April 15, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် COVID-19 ကူးစက်ရောဂါဆိုင်ရာအာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံအပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးတို့သို့ ပါဝင်တက်ရောက်





နေပြည်တော် ဧပြီ ၁၄

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Video Conferencing စနစ်ဖြင့် ယနေ့နံနက် ၇ နာရီခွဲတွင် ကျင်းပသည့် COVID-19 ကူးစက် ရောဂါဆိုင်ရာ အာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပသည့် COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံအပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးတို့သို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့သည်။
အာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံ အပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးတို့တွင် ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင်ရွက်သည်။ အာဆီယံအထူးထိပ်သီးအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ပြီး အာဆီယံ အပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးသို့ အာဆီယံ ခေါင်းဆောင်များနှင့် အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများမှ ခေါင်းဆောင် များအပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြ သည်။

ဆွေးနွေးဖလှယ်

အာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံ အပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးတို့တွင် နိုင်ငံ့ ခေါင်းဆောင်များက COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မိမိတို့နိုင်ငံအလိုက်ဆောင်ရွက် နေကြသည့် အစီအမံများ၊ အတွေ့အကြုံများနှင့် အလေ့ အကျင့်ကောင်းများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံ့ခေါင်းဆောင်များက COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ပြည်သူများအား အသိပညာပေးမှုနှင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုတိုးမြှင့်ရေး၊ COVID-19 ကူးစက်ရောဂါဆိုင်ရာ မြေပြင်သတင်းအချက်အလက်နှင့် နိုင်ငံအလိုက် ဆောင်ရွက်သည့် အစီအမံများ ပုံမှန်ဖလှယ် ခြင်းကို ပိုမိုခိုင်မာစေရေး၊ အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံ (သို့မဟုတ်) တတိယနိုင်ငံ၌ ရောက်ရှိနေသည့် ကူးစက် ရောဂါခံစားနေရသော အာဆီယံနိုင်ငံသားများကို သင့်လျော် သည့် အကူအညီနှင့် အထောက်အပံ့များပေးအပ်ရေး၊ COVID-19 ကူးစက်ရောဂါတုံ့ပြန်မှုဆိုင်ရာ အာဆီယံရန်ပုံ ငွေတစ်ရပ် ထူထောင်ရေး၊ ကူးစက်ရောဂါဆိုင်ရာ ပူးတွဲ သုတေသနပြုခြင်းနှင့် ကာကွယ်ဆေးများထုတ်လုပ်ခြင်း တို့တွင် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် စွမ်းဆောင်ရည်တို့ကို မြှင့်တင်ရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ဘေးကင်း လုံခြုံမှုကို အကာအကွယ်ပေးရေး၊ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် လုံလောက်သည့် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ မရှိမဖြစ်ပစ္စည်းများနှင့် အသုံး အဆောင်များ ကူညီပံ့ပိုးနိုင်ရန်အတွက် ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး၊ ဒေသအတွင်း၌ ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုအစီအမံများ ပိုမိုခိုင်မာစေရေး၊ ကမ္ဘာ့ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် လူမှုရေးနှင့် စီးပွား ရေးထိခိုက်နစ်နာမှုများ ဖြေရှင်းရာတွင် ပူးပေါင်းဆောင် ရွက်မှုပိုမိုတိုးမြှင့်ရေး၊ အကျပ်အတည်းကာလတွင် အရေး ကြီးသည့် ကုန်ပစ္စည်းများ၊ အထူးသဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်အထောက်အကူပြုပစ္စည်းများ အဆင်ပြေချော မွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများ အကြား အပြန်အလှန် ကူညီပံ့ပိုးရေးနှင့် COVID-19 အလွန် ကာလအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ရေးဆွဲရေး စသည့်ကိစ္စရပ်များတွင် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပါဝင်ဆွေးနွေး

အာဆီယံအထူးထိပ်သီးအစည်းအဝေးနှင့် အာဆီယံ အပေါင်းသုံး အထူးထိပ်သီးအစည်းအဝေးများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပါဝင်ဆွေးနွေးခဲ့ရာ၌ COVID-19 ရောဂါကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးတို့တွင် မြန်မာအစိုးရက ဆောင်ရွက်နေသည့် အစီအမံများ၊ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာ မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရအဖွဲ့တစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် တုံ့ပြန်ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် အစိုးရအနေဖြင့် ပြည်သူ့ အင်အားကို စုစည်းရယူ၍ ပြည်သူများ၏ပူးပေါင်းပါဝင်မှု ရယူခြင်းနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့၏အတွေ့အကြုံ အရ P (၄)လုံးဖြစ်သည့် နိုင်ငံရေးဦးဆောင်မှု (Political leadership)၊ ကြိုတင်ကာကွယ်ရေးအစီအမံ (Preventive measures)၊ ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှု (Peoples’ participation) နှင့် မိတ်ဖက်များ (Partners) ၏ ကူညီပံ့ပိုးမှုတို့ကို အလေးထားဆောင်ရွက်ခြင်းသည် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် လူမှု-စီးပွားထိခိုက်နစ်နာမှု လျှော့ချရေးတို့အတွက် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံ၏ COVID-19 ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးတို့တွင် အကူအညီပေးကြသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ အပေါင်းသုံးနိုင်ငံများနှင့် အခြားမိတ်ဖက်နိုင်ငံများ အားလုံးအပေါ်တွင် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်း ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ္ဘာ့ကူးစက်ရောဂါ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း ကြရာတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရယူနိုင်သည့် အရင်း အမြစ်များနှင့် လက်ရှိပူးပေါင်းဆောင်ရွက်မှုယန္တရားများကို အပြည့်အဝအသုံးချရေး၊ အဖွဲ့ဝင်နိုင်ငံများရှိ ကျန်းမာရေး စနစ်များ၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုစွမ်းဆောင် ရည်များ တိုးတက်ခိုင်မာစေရေး၊ COVID-19 ကြောင့် ဖြစ်ပေါ်လာမည့် လူမှု-စီးပွားဆိုင်ရာ ထိခိုက်နစ်နာမှုများကို လျော့နည်းသက်သာစေရန်အတွက် ပူးပေါင်းဆောင်ရွက် ရေး၊ ပြည်သူများ၏ ကျန်းမာရေးနှင့် သာယာဝပြောရေး အတွက် အရေးကြီးသည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ မရှိမဖြစ် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်ရေး၊ အကျပ် အတည်းကာလတွင် ဒေသအတွင်းရှိ ရွှေ့ပြောင်းအလုပ် သမားများ၏ ကျန်းမာရေး၊ သာယာဝပြောရေးနှင့် ဘေးကင်းလုံခြုံစွာ သွားလာနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာအိမ်ရှင်နိုင်ငံများက လုံလောက်သည့် အကူ အညီများနှင့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက် များ ကူညီပံ့ပိုးပေးရေး၊ COVID-19 ဖြစ်ပွားနေသည့်ကာလ တွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒစ်ဂျစ်တယ်ဘဏ္ဍာရေး လုပ်ငန်းများ ဖွံ့ဖြိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရေး၊ COVID-19 ၏ စိန်ခေါ်မှုများ ရှိနေစေကာမူ အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးကြိုးပမ်းမှုကို ပိုမိုခိုင်မာစေရေး စသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရန်လိုအပ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ သည်။

အတည်ပြုထုတ်ပြန်

အာဆီယံအထူးထိပ်သီး အစည်းအဝေးတွင် COVID-19 ကူးစက်ရောဂါဆိုင်ရာ အာဆီယံ အထူးထိပ်သီး အစည်းအဝေး၏ ကြေညာစာတမ်း (Declaration of the Special ASEAN Summit on Coronavirus Disease 2019) ကို လည်းကောင်း၊ အာဆီယံအပေါင်းသုံး အထူး ထိပ်သီးအစည်းအဝေးတွင် COVID-19 ကူးစက်ရောဂါ ဆိုင်ရာ အာဆီယံအပေါင်းသုံး အထူးထိပ်သီးအစည်းအဝေး ၏ ပူးတွဲထုတ်ပြန်ချက် (Joint Statement of the Special ASEAN Plus Three (APT) Summit on Coronavirus Disease 2019) ကို လည်းကောင်း အသီးသီးအတည်ပြု ထုတ်ပြန်ခဲ့သည်။

အာဆီယံအထူးထိပ်သီးအစည်းအဝေး၏ ကြေညာ စာတမ်းတွင် အာဆီယံခေါင်းဆောင်များက COVID-19 ထိန်းချုပ်ရေးနှင့် ပြည်သူများကို အကာအကွယ်ပေးရေး အတွက် သတင်းအချက်အလက်များနှင့် တုံ့ပြန်ရေး အစီအမံများ အချိန်မီဖလှယ်ခြင်း၊ အတွေ့အကြုံနှင့် အလေ့ အကျင့်ကောင်းများ မျှဝေခြင်း စသည်တို့မှတစ်ဆင့် ပြည်သူ့ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှု အစီအမံများ တိုးတက်ခိုင်မာစေရန်၊ ရောဂါစမ်းသပ်ကိရိယာများနှင့် အကာအကွယ်ပစ္စည်းများအပါအဝင် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ အရေးပေါ်ပစ္စည်းများနှင့် အသုံးအဆောင် များ ကူညီပံ့ပိုးရေးတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသ၏ ကူးစက်ရောဂါ ကြိုတင် ပြင်ဆင်မှုနှင့် တုံ့ပြန်မှုစွမ်းရည်ကို တိုးမြှင့်ရန်၊ COVID-19 စုပေါင်းတိုက်ဖျက်ရာတွင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံ (သို့မဟုတ်) တတိယနိုင်ငံတွင် ရောက်ရှိနေသော အာဆီယံ နိုင်ငံသားများကို သင့်လျော်သည့် အကူအညီနှင့် အထောက် အပံ့များ ပေးအပ်သွားရန်၊ COVID-19 ကြောင့် ဖြစ်ပေါ်လာ မည့် လူမှု-စီးပွားထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာ စေရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အာဆီယံ၏ဈေးကွက်ကို ဖွင့်ထား ပြီး စားနပ်ရိက္ခာ၊ ကုန်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ မရှိမဖြစ်ပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရန်အတွက် ဒေသတွင်းထောက်ပံ့မှုလမ်းကြောင်း ထိန်းသိမ်းထားရှိ ရေးကို ဆက်လက်ကတိပြုကြရန် ဆုံးဖြတ်ကြောင်း ဖော်ပြ ထားသည်။

အပြန်အလှန်အကူအညီပေး

အလားတူ အာဆီယံအပေါင်းသုံး အထူးထိပ်သီး အစည်းအဝေး၏ ပူးတွဲထုတ်ပြန်ချက်တွင် အာဆီယံ အပေါင်းသုံး ခေါင်းဆောင်များက သတင်းအချက်အလက် များနှင့် တုံ့ပြန်မှုအစီအမံများ အချိန်မီဖလှယ်ခြင်း၊ အတွေ့အကြုံနှင့် အလေ့အကျင့်ကောင်းများ မျှဝေခြင်း နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် နည်းပညာအကူအညီများ အပြန်အလှန်ပေးအပ်ခြင်းတို့ ကို တိုးတက်ခိုင်မာစေရန်၊ အမျိုးသားအဆင့်နှင့် ဒေသ ဆိုင်ရာ၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုစွမ်းဆောင်ရည် မြှင့်တင်ရန်၊ ကူးစက်ရောဂါနှင့် သက်ဆိုင်သည့် သုတေသန လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်ခိုင်မာ စေရန်၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ၏ စွမ်းရည်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား အပြန်အလှန် အကူအညီပေးရေးကို အားပေးရန်၊ အခြားအဖွဲ့ဝင်နိုင်ငံများ တွင် ရောက်ရှိနေသည့် အာဆီယံအပေါင်းသုံးအဖွဲ့ဝင် နိုင်ငံသားများကို သင့်လျော်သည့် အကူအညီနှင့် အထောက် အပံ့များ ပေးအပ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း ဖော်ပြထားသည်။

ပါဝင်တက်ရောက်

အဆိုပါ ထိပ်သီးအစည်းအဝေးများသို့ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ ပါဝင် တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်



No comments:

Post a Comment