Wednesday, April 15, 2020

ပိတ်ရက်ရှည်ကို စိတ်ချမ်းမြေ့စွာဖြတ်သန်း



အယ်ဒီတာ့အာဘော်
==================

မြန်မာသက္ကရာဇ် ၁၃၈၁  ခုနှစ်  မြန်မာတို့၏  ရိုးရာအစဉ်အလာနှစ်သစ်ကူးသင်္ကြန်ကို  ကိုဗစ် - ၁၉ ရောဂါကြောင့် ရေသဘင်ပွဲဆင်နွှဲခြင်းမပြုလုပ်ဘဲ ပြည်သူအားလုံး အသိတရားဖြင့်   မိမိတို့နေအိမ်တွင် နေထိုင်ကြကာ ရောဂါ ဘေးမှ ကျော်လွှားလွန်မြောက်နိုင်အောင် ကြိုးပမ်းအားထုတ်နေကြရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူအားလုံး ကျန်းမာရေး၊ ကပ်ရောဂါကင်းဝေး ရေးအတွက် အချိန်ပြည့် အလေးထားဆောင်ရွက်ပေးနေသည်။
နှစ်သစ်ကူးသင်္ကြန်   အများပြည်သူအလုပ်ပိတ်ရက်ကာလအတွင်း သင်္ကြန်ရေသဘင်မဆင်နွှဲရသော်လည်း မိမိတို့နေအိမ်တွင်ပင်   ကောင်းသော အမှုတို့ကို  ပြုလုပ်ခြင်းဖြင့်  သင်္ကြန်ကာလကို  အဓိပ္ပာယ်ရှိစွာ   ဖြတ်သန်း နေပြီဖြစ်သည်။ ယခုအချိန်အခါတွင် ဧပြီလ ၁၄ ရက်နေ့အထိ ကိုဗစ် - ၁၉ ရောဂါအတည်ပြုလူနာ  ၆၃  ဦးတွေ့ရှိခဲ့၍  အရေးကြီးသောအချိန်ကာလ ဖြစ်သည်။ အရေးကြီးသော  သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ရောဂါဖြစ်ပွား မှု၊ ကူးစက်သေဆုံးမှုနည်းပါးရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အသိပေးတိုက်တွန်းမှုများနှင့်အညီ   နေထိုင်သွားလာ  လုပ်ကိုင်ဆောင်ရွက် ကြရမည်ဖြစ်သည်။
ကိုဗစ် - ၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးနှင့်ပတ်သက်၍ သတ်မှတ်သောနေရာများ၌ ၂၁ ရက်တာ နေထိုင်ရသူများနှင့် ပြည်သူ အားလုံး မိမိတို့နေအိမ်တွင်ပင်  နေထိုင်ကြရသောကာလမှာ ကျန်းမာရေး၊ အလုပ်အကိုင်နှင့်      ရှေ့ရေးတို့အတွက်     တွေးတောပူပင်စိုးရိမ်သောက ရောက်ခြင်းမပြုဘဲ  သင်္ကြန်ရာသီကာလ  မြန်မာတို့၏ ကောင်းသောအစဉ် အလာများ   ပြုလုပ်ကြခြင်းဖြင့်   စိတ်ရွှင်လန်းချမ်းမြေ့အောင်   ဖြတ်သန်း ကြရမည်ဖြစ်သည်။ 
ယခုကဲ့သို့ သီးခြား၊  သီးသန့်နေထိုင်ရသောကာလတွင် အထီးကျန်သလို ခံစားရခြင်း၊ ငြီးငွေ့ခြင်း၊ စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အကူအညီမဲ့ သလိုခံစားရခြင်း စသည့်လွန်ကဲသော စိတ်ခံစားမှုများ ဖြစ်လာနိုင်ပါသည်။  ယင်းသို့ဖြစ်လာလျှင် တရားဘာဝနာအားထုတ်ခြင်းသည် အကောင်းဆုံးသော စိတ်တည်ငြိမ်မှုကို ဖြစ်စေသည်ဆိုသော်လည်း သာမန်ပုထုဇဉ်လူသားများအဖို့ မိမိတို့နေ့စဉ် လူမှုဘဝပြုဖွယ်ကိစ္စများကို  တစ်မျိုးမဟုတ်တစ်မျိုး ပြုလုပ်ကြ ခြင်းဖြင့်        သင်္ကြန်ပိတ်ရက်ကာလကို     အကောင်းဆုံးဖြတ်သန်းကြရမည် ဖြစ်သည်။
သီးသန့်နေထိုင်ရသောကာလအတွင်း မိမိတို့စိတ်ခံစားချက်များကို လျော့ပါးသက်သာစေရန် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် လူမှုရေး ခံစားချက်များ၊ လိုအပ်ချက်များကို  မျိုသိပ်မထားဘဲ  ဖွင့်ဟဆွေးနွေးတိုင်ပင် ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ မိမိတို့လူမှုအသိုင်းအဝိုင်းမှ မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ၊  ချစ်သူခင်သူများနှင့် ဖုန်း၊ အီးမေးလ်၊ အင်တာနက် လူမှုကွန်ရက်တို့မှတစ်ဆင့် အဆက်အသွယ်ပြုလုပ်သင့်ပါသည်။ စာပေ၊ အနုပညာဖတ်ရှုခံစားလိုသူများအနေဖြင့်      စာအုပ်စာပေများဖတ်ရှုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းများကြည့်ရှုခြင်းဖြင့် ဗဟုသုတလည်းရ စိတ်ရွှင်လန်း အပန်းပြေခြင်းလည်း ပြုလုပ်နိုင်ပါသည်။
နေ့စဉ်နေအိမ်တွင်ရှိနေစဉ်         လုပ်ဆောင်နေကြအလုပ်များထဲမှ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိမည့် သူတစ်ပါးအား မထိခိုက်နိုင်သော မိမိတို့ဝါသနာပါရာ    အလုပ်များကိုလုပ်ကိုင်နိုင်ပါသည်။  ကိုယ်၊ စိတ်ဖိစီးမှု လျော့ကျစေပြီး  ကျန်းမာရေးနှင့်ညီညွတ်သည့်   လေ့ကျင့်မှုများ၊  ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်နိုင်ပါသည်။ ရောဂါနှင့်သက်ဆိုင် သည့်  သတင်းအချက်အလက်များဖြင့်သာ  အချိန်ကုန်နေခြင်းသည်  စိုးရိမ် စိတ်နှင့်  စိတ်ဖိစီးမှုများ   တိုးပွားစေသဖြင့်    ဆင်ခြင်လေ့လာကြည့်ရှုရမည် ဖြစ်သည်။  ထို့အပြင်  ကောလာဟလသတင်းများကို  အထူးသတိပြုရှောင်ကြဉ် ပြီး   တရားဝင်ထုတ်ပြန်သော   သတင်းအရင်းအမြစ်များကိုသာ  လေ့လာ မှတ်သားသင့်ပါသည်။
သို့ဖြစ်ရာ ပျော်ရွှင်ဖွယ်ကောင်းသော သင်္ကြန်ကာလကို မဖြတ်သန်း လိုက်ရဘဲ သတ်မှတ်သောနေရာများတွင်သာ သီးသန့်နေထိုင်ရသည်ကို စိတ်ပျက်အားငယ်ခြင်းမပြုဘဲ  မိမိတို့၏   နေ့စဉ်လူမှုဘဝ  စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို      အထောက်အကူပြုသော      နေ့စဉ် လုပ်ဆောင်မှုအမျိုးမျိုးတို့ကို   တစ်ခုမဟုတ်တစ်ခု     လုပ်ဆောင်ခြင်းဖြင့် သင်္ကြန်ရုံးပိတ်ရက်ကာလများကို အဓိပ္ပာယ်ရှိစွာဖြတ်သန်းကြကာ ရောဂါ ဘေးမှကင်းဝေးနိုင်အောင် အားထုတ်ကြရမည် ဖြစ်ပါကြောင်း။          ။

No comments:

Post a Comment