Friday, April 17, 2020

နှစ်သစ်မင်္ဂလာ ရောဂါဘေးကင်းဝေးချမ်းသာ



အယ်ဒီတာ့အာဘော်
================


ယနေ့သည် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ် လွန်မြောက်၍ ၁၃၈၂ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းရောက်ရှိသည့် နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သည်။ အစဉ်အလာမပျက် မြန်မာနှစ်သစ်ကူးမင်္ဂလာနေ့ရက်မှစ၍ မြန်မာပြည်သူ ပြည်သားများအားလုံး ဘေးဘယာဝေးကွာလျက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ကြေးမုံမှ ဆုတောင်းမေတ္တာ ပို့သအပ် ပါသည်။

နှစ်သစ်ကူးပြောင်းသည့် သင်္ကြန်အခါကာလတွင် နှစ်ဟောင်းမှ အညစ် အကြေးများကို သင်္ကြန်ရေဖြင့် ဆေးကြောသန့်စင်ခြင်း မပြုလုပ်လိုက်ရ သော်လည်း နှစ်သစ်တွင် နှစ်ဟောင်းမှအညစ်အကြေးများသာမက ရောဂါ ဘယဘေးများကိုပါ မိမိတို့၏ တူညီသောသဘောဆန္ဒများနှင့် မိမိတို့၏ ဖြူစင်သောစိတ်ထားများဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆေးကြောသန့်စင်ပေးကြ ရမည် ဖြစ်သည်။

သင်္ကြန်အခါကာလ ပူပြင်းသောဂိမှာန်နွေလတွင် ရာသီဥတု၏ ပူပြင်း မှုကို ရှောင်ရှားကြရမည်ဖြစ်သလို မိမိတို့၏ခန္ဓာကိုယ်တွင်းမှ ပူလောင် ပြင်းပြမှုများကို တွန်းလှန်ဖယ်ရှားကြိုးစားကြရမည် ဖြစ်သည်။

လောဘကြီး ၍ ကိုယ်ကျိုးရှာခြင်း၊ ဒေါသကြီး၍ အငြိုးအတေးထားခြင်း၊ မောဟကြီး၍ တွေဝေခြင်း၊ လုပ်သင့် မလုပ်သင့်တို့ကို မသိခြင်းများသည် ရင်တွင်းအပူများ ဖြစ်သည်။ လောဘကြောင့် ဒုက္ခဆင်းရဲရောက်ကြခြင်း၊ ဒေါသကြောင့် အချင်းချင်း ညှဉ်းဆဲသတ်ဖြတ်ခြင်း၊ မောဟကြောင့် ရောဂါကပ်ဘေး ဖြစ်ပေါ်ခြင်းတို့မှ ကင်းဝေးအောင် မိမိတို့တွင်ဖြစ်ပေါ်နေသော လောဘ၊ ဒေါသ၊ မောဟများလျော့ပါးရေးကို ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။

အားလုံးသိရှိကြပြီးဖြစ်သည့်အတိုင်း မျက်မှောက်ကာလ၌ တိုင်းရင်းသားပြည်သူအပေါင်းတို့အနေဖြင့် လောဘကြောင့်၊ ဒေါသကြောင့် မငြိမ်းနိုင်သည့် အပူမီးများကို စုပေါင်းအင်အားဖြင့် ဝိုင်းဝန်းငြှိမ်းသတ် နေကြသည်။ လူသားများတွင် လွှမ်းမိုးတတ်သော မောဟတရားများကြောင့် ရောဂါကပ်ဘေးအမျိုးမျိုးဖြစ်တတ်ရာ ယနေ့ကမ္ဘာတစ်ဝန်း၌ ဖြစ်ပေါ်နေ သည့် ကပ်ရောဂါဘေးသည် ကျွန်ုပ်တို့မြန်မာနိုင်ငံတွင်ပါ ရင်ဆိုင်ကြုံတွေ့ ခံစားနေရပြီ ဖြစ်သည်။ ရင်တွင်းအပူမီးများကို ငြှိမ်းသတ်နိုင်ရန်အတွက် မိမိတို့၏ အတွင်းစိတ်များကို မင်္ဂလာရှိသော နှစ်သစ်ကာလတွင် ဆေးကြော သန့်စင်ကြရမည် ဖြစ်သည်။ ရောဂါဘေးမှ ကင်းဝေးရန်အတွက် နိုင်ငံတော် အစိုးရနှင့်အတူ တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

လူတိုင်းလူတိုင်းအနေဖြင့် ရင်တွင်းမှအပူများကို ဦးစွာထိန်းချုပ် ငြှိမ်းသတ်နိုင်မှသာ စစ်မှန်သောအငြိမ်းဓာတ်ကို ရရှိခံစားနိုင်မည်ဖြစ်သည်။ စစ်မှန်သောအငြိမ်းဓာတ်ကို ရရှိနိုင်ရန်အတွက် ရင်တွင်းမှအပူများကို ကောင်းမွန်မှန်ကန်သောလုပ်ဆောင်မှုများဖြင့် အပြီးသတ်ငြှိမ်းသတ်နိုင် အောင် ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။ အထူးသဖြင့် လက်ရှိတွင် လူသားအားလုံးကြုံတွေ့နေရသည့် ဘုံရန်သူဖြစ်သော ကိုဗစ် - ၁၉ ရောဂါဘေးကို နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ချက်များနှင့်အညီ ပြည်သူအားလုံးတို့က တညီတညွတ်တည်း တိတိကျကျ လိုက်နာပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

ပြည်သူပြည်သားများ ရောဂါဘယကင်းဝေးရေးသည် မိမိတို့ကိုယ်တိုင် သာ အဓိကဖြစ်ပါသည်။ ပြည်သူသည်သာ အဓိကဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်နေ၍ဖြစ်စေ၊ တာဝန်အရဖြစ်စေ၊ စေတနာအရဖြစ်စေ လက်တွေ့ဆောင်ရွက်ရမည့် အချိန် တွင် ညီညီညွတ်ညွတ်ဆောင်ရွက်ကြခြင်းသည် နိုင်ငံနှင့်လူမျိုးအပေါ် ကောင်းသောစေတနာထားခြင်းဖြစ်၍ ကုသိုလ်တရားများ၊ ကောင်းကျိုးများ အလျင်အမြန်တိုးတက်ရရှိနိုင်မည် ဖြစ်ပါသည်။



သို့ဖြစ်ရာ ယခုနှစ်သစ်သည် မြန်မာနိုင်ငံအတွက် မင်္ဂလာရှိသော နှစ်သစ်ဖြစ်ရမည်ဟု အားလုံးဆန္ဒရှိသည်ဖြစ်ရာ မကောင်းမှုကိုဖြစ်စေသည့် လောဘ၊ ဒေါသ၊ မောဟတရားများကို လျော့ပါးနိုင်အောင် ကြိုးပမ်းအားထုတ် ကြပြီး လတ်တလောကြုံတွေ့နေရသည့် ရောဂါဘေးဆိုးကြီးမှ ကျော်လွှား လွန်မြောက်နိုင်အောင် နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းလက်တွဲကြိုးပမ်း ဆောင်ရွက်ရင်း နှစ်သစ်တွင် ပြည်သူပြည်သားအားလုံး ကျန်းမာ၊ ချမ်းသာ၍ နှလုံးစိတ်ဝမ်းအေးချမ်းကြမည်ဟု ကြေးမုံက တောင်းဆုပြုလိုက်ပါ သည်။ ။

No comments:

Post a Comment