Friday, April 17, 2020

မည်မျှပင် ခက်ခဲပါစေ အကောင်းမြင်ဝါဒ ဆက်စွဲကိုင်ထားပါ



အောက်စဖို့ဒ်ဆရာတော်

၁၃၈၂ ခု မြန်မာနှစ်သစ်ကူး အချိန်ဟာ ပထမနဲ့ ဒုတိယ ကမ္ဘာစစ်အချိန်က သင်္ကြန်ကာလမျိုးလို ဖြစ်မှာပဲလို့ စိတ်ထဲမှာ မှန်းဆနှိုင်းယှဉ်မိတယ်။ တချို့ ကမ္ဘာ့ဒေသ တွေမှာ စစ်၏အဟုန်က မြင့်မားရှည်လျားတယ်။ လူ သန်းပေါင်းများစွာ သေကျေကြရတယ်။ ထို့ထက်ပို၍ လူသန်းပေါင်းများစွာ ဒဏ်ရာရကြတယ်။ စိတ်ကူးနဲ့ တောင် မဖော်ပြနိုင်တဲ့ အတိဒုက္ခတွေ ကြုံခဲ့ကြရတယ်။ ဂျပန်ချွေးတပ်(ကူလီ) ထဲမှာ သုံးနှစ်ကြာ အာဟာရ ချို့တဲ့စွာနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရတဲ့ စာရေးသူ ရဲ့ မယ်တော်ဘက်က အဘိုးဟာ ဒုတိယကမ္ဘာစစ်အပြီး အိမ်ပြန်ရောက်လာကာ မကြာခင် သေဆုံးသွားပါတယ်။ စာရေးသူရဲ့ ခမည်းတော်(ဖခင်)ကတော့ အသက် ငယ်ရွယ်သေးလို့ ချွေးတပ်ထဲပါသွားပြီး ဒုတိယကမ္ဘာစစ် နောက်ပိုင်း ပြန်ရောက်ပြီး နောက်ထပ် လေးဆယ့် တစ်နှစ် ထပ်နေသွားရပါသေးတယ်။ သို့သော် အလုပ် ကြမ်း မလုပ်နိုင်တော့ပါ။ ဒါက ကိုယ်နှင့်နီးစပ်ရာ ကမ္ဘာစစ်၏ ဆိုးကျိုးအတွေ့အကြုံပါ။

ထိခိုက်တုန်လှုပ်စေ

လက်ရှိ ကမ္ဘာတစ်ဝန်းလုံး တွေ့ကြုံနေရတဲ့ ကိုဗစ်- ၁၉ (COVID-19) ဗိုင်းရပ်စ်ဟာလည်း ကမ္ဘာစစ်အလား လူသန်းပေါင်း ခုနစ်ထောင့်လေးရာစလုံးကို ထိခိုက် တုန်လှုပ်စေပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ခရစ် သက္ကရာဇ် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းလောက် က အစပြုခဲ့တာ ယခု လူဦးရေ နှစ်သန်းကျော် ကူးစက်ပြီး တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရလေပြီ။ မမြင်ရတဲ့ ဒီဗိုင်းရပ်စ်ရန်သူဟာ ရှေ့ဆက်ဘယ်လောက်ထိ မွှေနှောက် ဖျက်ဆီးဦးမယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်သေးဘူး။

လက်ရှိ သိနိုင်တာကတော့ လူတွေ ခရီးသွားလာမှု၊ ဘဝနေထိုင်မှုပုံစံနှင့် ကမ္ဘာ့စီးပွားရေးတို့ဟာ ဒီဗိုင်းရပ်စ် ရဲ့ အဓိကပစ်မှတ်ဖြစ်နေရပြီ ဆိုတာပါပဲ။ ယုံကြည်မှု ဘာသာ၊ လူမှုအဆင့်အတန်း၊ ဆင်းရဲ ချမ်းသာမရွေး မျက်နှာ မလိုက်တဲ့ ဒီကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ ကမ္ဘာစစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်များကို နှစ်ပေါင်းများစွာ ပြန်လည်ကုစားခဲ့ရသလို နိုင်ငံတိုင်း ပြန်လည်နာလန်ထူလာအောင် ဆယ်စုနှစ်များစွာ တစ်ကမ္ဘာလုံး ဝိုင်းကြိုးစားကြရမယ်ဆိုတာကလည်း အခု ကတည်းက ထင်ရှားနေလှပါပြီ။

ကြိုတင်ပြင်ဆင်ခွင့်မရလိုက်ဘဲ ဒီလို ဧရာမအတိဒုက္ခ နဲ့ ပက်ပင်းရင်ဆိုင်ကြရတဲ့ နိုင်ငံအသီးသီးက အစိုးရများ၊ ကုမ္ပဏီများနှင့် မိသားစုများဟာ နိစ္စဓူဝ ကိစ္စလိုဖြစ်လာ တဲ့ ဒီကပ်ရောဂါကြီးကို ရင်ဆိုင်ဖြေရှင်းရာမှာ စိတ်အကြီး အကျယ် ဖိစီးမှုကြောင့် စကားပြောမှား၊ ဆုံးဖြတ်ချက်မှား စတဲ့ အမှားများမှ မရှောင်လွှဲနိုင်ပါ။ တစ်ဖက်က အားမလို အားမရဖြစ်လို့ ဝေဖန်တာကို အခြားတစ်ဖက်ကလည်း ငါတို့ ဒီလောက်ကြိုးစားပမ်းစား ရိုးရိုးသားသား လုပ်နေတာ တန်ဖိုးမထားရကောင်းလားဆိုပြီး အမြင်တွေ၊ စိတ်ခံစားမှု တွေ တဖြည်းဖြည်းနဲ့ ကွာဝေးသွားနိုင်ပါတယ်။ ဒါက လူတိုင်းမျှော်လင့်မထားတဲ့ စိတ်ဖိစီးမှုများနဲ့ ရင်ဆိုင်နေ ကြရလို့ပါပဲ။

ဒီလိုအချိန်မျိုးမှာ မိသားစုများ၊ ကုမ္ပဏီများ၊ အစိုးရ နှင့် နိုင်ငံတကာအဖွဲ့အစည်းများဟာ အဆိုးမြင်ဝါဒဘက် ကို အလွယ်တကူ ယိမ်းသွားနိုင်ပါတယ်။ ဦးနှောက်ရဲ့ sympathetic system- ကာကွယ်ရေးယန္တရားဖြစ်တဲ့ amygdala တက်ကြွလာရင် အဆိုးမြင်တတ်၊ အရာရာကို အန္တရာယ်လို့ ချဲ့မြင်တတ်ကြတာ ဓမ္မတာပါပဲ။

ဒါပေမယ့် မမြင်ရတဲ့ လူသတ်သမား ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကို မည်သည့်အစိုးရ၊ မည်သည့်နိုင်ငံကမှ တစ်ဦးတည်း ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။ ကိုယ့်နိုင်ငံက ပိုးကူးစက်ခံရတဲ့ လူနာတွေကို အခြားနိုင်ငံရဲ့ ပစ္စည်းနှင့်အကူအညီ မပါဘဲ လုံလောက်အောင် မကုနိုင်ကြပါဘူး။ အခုရက်ပိုင်းအတွင်း မှာပဲ ပြင်သစ်နိုင်ငံ သမ္မတ မင်နျူ မက်ခရွန်က သူ့အစိုးရ ဟာ ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖို့ အဆင်သင့်ဖြစ်မနေခဲ့ပါ ဘူးလို့ ခေါင်းဆောင်ကောင်းပီပီသသ ဝန်ခံခဲ့ပါတယ်။

ကမ္ဘာကြီးဟာ အချင်းချင်း မည်မျှဆက်စပ်နေတယ်၊ မှီခိုနေတယ်ဆိုတာ အထူးရှင်းပြစရာမလိုတော့ပါ။

မျှော်လင့်ချက်ရောင်ခြည်လေးများ စတင်တွေ့ရှိ

တစ်ချိန်တည်းမှာပဲ ဒီကပ်ရောဂါ ပြဿနာကြီးကို စုပေါင်း ကြိုးစားမှုနဲ့ ဖြေရှင်းနိုင်မယ်၊ ဖြေရှင်းရမယ် လို့လည်း ဖော်ပြနေပါတယ်။ ကပ်ရောဂါအမျိုးမျိုးအတွက် ကာကွယ်ဆေးများ အောင်မြင်စွာ တီထွင်နိုင်ခဲ့တဲ့ ကမ္ဘာ ကြီးဟာ အခုလောလောဆယ်မှာလည်း ကာကွယ်ဆေး အတွက် အပတ်တကုတ် ကြိုးစားကြလို့ မျှော်လင့်ချက် ရောင်ခြည်လေးများ စတင်တွေ့ရှိလာရပါပြီ။ အချို့လူနာ များအတွက် နောက်ကျနိုင်စရာရှိပေမယ့် ရေရှည်မှာ တော့ ဒီတောင်ကို ကျော်လွှားနိုင်မှာပါ။

အရေးကြီးတာကတော့ နှစ်သစ်ကူးက ဓမ္မတာအရ ဆောင်ကြဉ်းပေးလေ့ရှိတဲ့ မျှော်လင့်ချက်နဲ့ အကောင်းမြင် ဝါဒများကို လက်မလွှတ်ကြဖို့ပါ။ အကောင်းမြင်ဝါဒနဲ့ ဆိုရင် ကျန်းမာရေးပိုင်းဆိုင်ရာ လိုက်နာရမည့် အချက် များကို လိုက်နာရာမှာ စိတ်ထဲ ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ ပါ။ စွန့်လွှတ်အနစ်နာခံမှုများအတွက်လည်း ဂုဏ်ယူစရာ အနေနဲ့ မြင်လာပါလိမ့်မယ်။ ကိုယ်ချင်းစာ သနားကြင်နာ တတ်တဲ့ ကရုဏာအသိနဲ့ ဒီပြဿနာကို ကျယ်ကျယ် ပြန့်ပြန့် ကြည့်ရှုနိုင်ရင်တော့ အကောင်းမြင်ဝါဒဟာ ပြဿနာနဲ့ လူသားများအတွက် အမှန်တကယ် တန်ဖိုး မဖြတ်နိုင်တဲ့ လောကရတနာပါပဲ။

မြန်မာနှစ်သစ်ကူးအချိန်မှာ ကရုဏာနှလုံးသားဖြင့် လူတိုင်းအကောင်းမြင်ဝါဒ ရှင်သန်လျက် မင်္ဂလာအပေါင်း အသီးသီး ခညောင်းနိုင်ကြပါစေ။ လူများစွာ၏ဒုက္ခကို လျော့ နည်းစေနိုင်စွမ်းသော ပါရမီရှင်များဖြစ်ကြပါစေ။ ။

No comments:

Post a Comment