Thursday, April 30, 2020

စီးပွားရေးအသိုက်အဝန်းတစ်ခု ဖော်ဆောင်နိုင်ရေး အလုပ်သမားများဘဝမြှင့်တင်ပေး

ဆောင်းပါး
==========



ထက်ဝေအောင်(စစ်ကိုင်း)

နိုင်ငံ၏ ကုန်ထုတ်စွမ်းအားတိုးတက်သော ဈေးကွက်စီးပွား ရေးစနစ်တစ်ရပ် ဖော်ဆောင်ရာတွင် စက်ရုံ၊ အလုပ်ရုံများ၏ လည်ပတ်မှုအခန်းကဏ္ဍမှာ အရေးကြီးလှပါသည်။ ကုန်ထုတ်စွမ်းအားတိုးတက်ရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကို ကိုယ်စားပြုပြီး ရေရှည်ကောင်းမွန်သော စီးပွားရေး အသွင်သဏ္ဌာန်ကို ဖြစ်ပေါ်စေပါသည်။

စက်ရုံ၊ အလုပ်ရုံ များ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် လူ၊ စက် ပစ္စည်း၊ ငွေကြေးအရင်းအနှီးများ လိုအပ်သည်ကို တွေ့ရ ပါသည်။ စက်ပစ္စည်းနှင့် ငွေကြေးအရင်းအနှီးသည် ငွေကြေး ဓန အင်အားပြည့်စုံသည်နှင့် အခက်အခဲတစ်ခု မဖြစ်နိုင်ဘဲ လွယ်ကူစွာဖြည့်တင်းရယူနိုင်သော ကိစ္စရပ်များ ဖြစ်ပါ သည်။ လူဟူသော လူ့စွမ်းအားအရင်း အမြစ်မှာ ရှားပါး အရေးပါ တန်ဖိုးကြီးမားလွန်းလှပါသည်။ အကြောင်းမှာ အလုပ်သမားများ၏ကျွမ်းကျင်မှု အတွေ့ အကြုံများသည် အချိန်တိုအတွင်း လွယ်လင့်တကူ မရရှိနိုင်သော ရင်းနှီး မြှုပ်နှံမှုဖြစ်သဖြင့် ရေရှည်အသုံးဝင်နေမည် ဖြစ်ပါသည်။

ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေမည်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံသားများ သင့်တင့်လျောက်ပတ်သော အလုပ် အကိုင်တိုးမြှင့်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက် ပေး လျက်ရှိကြသည်။ အမှန်တကယ် အလုပ်လိုအပ်နေသူ များကို အလုပ်ခန့်ထားပေးနိုင်မှုသည် ပြည်သူအများစု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကို အလေးထားခြင်းဖြစ်သည်။ အလားတူ ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍတွင် အဓိကအင်အားဖြစ်သည့် အလုပ်သမား များ၏ ကျွမ်းကျင်မှုအတွေ့အကြုံ၊ လုပ်သားအင်အား ခါးဆက်မပြတ်ရေးမှာပဓာနကျပြီး စည်းကမ်းကောင်းမွန် သော ကျွမ်းကျင်လုပ်သားများ၏ လုပ်ငန်းကျွမ်းကျင်မှုများ သည် အခြေခံအကျဆုံး လုပ်ငန်းခွင်များကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါသည်။

ပဋိပက္ခများ လျော့နည်းလာ

နိုင်ငံတော်အနေဖြင့် နိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်း၊ နည်းပညာ၊ အရင်းအနှီးများ ပိုမိုရရှိရေး အတွက် အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများစွာကို ဖိတ်ခေါ် ဆောင်ရွက်လျက်ရှိပါသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်လျက် ရှိပြီး လုပ်ငန်းခွင်တည်ငြိမ်မှုရှိသော ပြည်တွင်း ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများကို ဖြည့်ဆည်းဖော်ဆောင် ပေးလျက်ရှိသည်။ အလုပ်သမားများအတွက် သင့်လျော် သည့် အလုပ်အကိုင်တိုးမြှင့်ရရှိရေး ကြိုးပမ်းမှုအဖြစ် ပြည်တွင်း ပြည်ပအလုပ်အကိုင်ရှာဖွေပေးရေး၊ အလုပ် သမား မှတ်ပုံတင်ပြုလုပ်ပေးရေး၊ ပြည်တွင်းအလုပ်သမား များ၏ အနည်းဆုံးအခကြေးငွေဆိုင်ရာ လုပ်ခလစာ တိုးမြှင့်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ လုပ်ငန်းခွင်များ အတွင်း လိုက်နာကျင့်သုံးရန် ဥပဒေ၊ နည်းဥပဒေများ ခိုင်မာစွာ ပြဋ္ဌာန်းပေးနိုင်ခြင်းကြောင့် အလုပ်ရှင်၊ အလုပ် သမားများကြားရှိ ပဋိပက္ခများမှာလည်း တဖြည်းဖြည်း လျော့နည်းလာသည်ကို တွေ့ရပါသည်။

အလုပ်အကိုင်အခြေအနေများ တိုးတက်ကောင်းမွန် လာစေရေး အလုပ်သမား၊ အစိုးရနှင့် အလုပ်ရှင် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ နိုင်ငံတော်အစိုးရနှင့်အတူ အိုင်အယ်လ်အိုအဖွဲ့ကြီးက ပါဝင်ကူညီပေးလေ့ရှိသည်။ အိုင်အယ်လ်အို၏ ဦးတည်ချက် နှင့်အညီ အဖွဲ့ဝင်နိုင်ငံများကို ကျွမ်းကျင်အကူအညီ၊ နည်းပညာအကူအညီနှင့် ပညာသင်ဆုများပေးလျက် အားဖြည့်ကူညီခြင်းများ ဆောင်ရွက်ပေးသည်။ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ ညီလာခံကို တစ်နှစ်တစ်ကြိမ် နှစ်စဉ်ကျင်းပလေ့ရှိပြီး အုပ်ချုပ်ရေး အဖွဲ့ကို ရွေးချယ်တင်မြှောက်ပေးခြင်း၊ ညီလာခံမှရရှိသော သဘောတူညီချက်များ၊ အကြံပြုချက်များဖြင့် အလုပ်သမား စံနှုန်းများနှင့် အလုပ်သမား ဥပဒေများကို အတည်ပြု သတ်မှတ်ပေးလေ့ရှိသည့် အိုင်အယ်လ်အို အဖွဲ့ကြီး၏ လူမှုတရားမျှတရေး လုပ်ဆောင်ချက်များ သည် အရေးပါအရာရောက်နေဆဲဖြစ်သည်။ အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (အိုင်အယ်လ်အို) (International Labour Organization-ILO)ကို ၁၉၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်ကို လေ့လာ သိရှိရသည်။ ရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲ့စည်းခဲ့သော အိုင်အယ်လ်အို အဖွဲ့ကြီးသည် နိုင်ငံများ၏ အလုပ်သမားရေးရာကိစ္စရပ် များတွင် လူမှုရေး၊ တရားမျှတမှုကို ရှေ့ဆောင်ရှေ့ရွက် ပြုရေး၊ ထာဝစဉ်တည်တံ့သော ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုရေးကိစ္စများကို အလေးထားဆောင်ရွက် ပေးခဲ့သည်။ အလုပ်သမားများနှင့် ပတ်သက်သော လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်ရေးနှင့် လူနေမှုစနစ်များ တည်ငြိမ်ရေးတို့ကို အလေးထားသဖြင့် အပြည်ပြည်ဆိုင်ရာ အစိုးရများ၊ သမဂ္ဂများနှင့် အလုပ်သမား ကိုယ်စားလှယ်များပါဝင်သော ညီလာခံများကျင်းပပြီး အလုပ်သမားများ၏ အရေးကိစ္စများကို ညှိနှိုင်းဆွေးနွေးပေး ခဲ့သည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပါသည်။

အနာဂတ်အိပ်မက်များ ပိုမိုတောက်ပလာမည်

အလုပ်သမားအရေးသည် နိုင်ငံ့အရေးကိစ္စ ဖြစ်ပါ သည်။ ပြည်တွင်း ပြည်ပအလုပ်အကိုင်အခွင့်အလမ်း ရရှိ ရေး၊ အလုပ်သမားခံစားခွင့် ပြည့်ပြည့်ဝဝရရှိရေး၊ အလုပ် သမားရေးရာ ပဋိပက္ခများချုပ်ငြိမ်းရေးဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ပေးကြရပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်သည့် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍများမှ အလုပ်အကိုင် ပိုမိုရရှိရေး နှစ်အလိုက်ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ပြည်ပအလုပ်အကိုင်ရှာဖွေပေးနိုင်မှုကို လေ့လာကြည့်လျှင် ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေများ အတိုင်း အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ခံစားခွင့်ရရှိရေး အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ မှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရှိရပါသည်။ အလုပ်လုပ်ကိုင်နိုင်သူများ တစ်ဦးချင်း ဝင်ငွေရရှိရေး အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက် ရန် လိုအပ်ပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ပိုမို ဆောင်ရွက်ပေးခြင်းဖြင့် အလုပ်လိုအပ်နေသူများ၏ အနာဂတ်အိပ်မက်များ ပိုမိုတောက်ပလာမည် ဖြစ်ပါသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လုပ်ငန်းလိုအပ်ချက်များတွင် လုပ်သားလိုအပ်ချက်မှာ ဟင်းတစ်ခွက်တွင် မပါမဖြစ် ဆား တစ်ပွင့်ပမာတူညီသည်။ ပြည်ပနိုင်ငံအသီးသီးမှ စက်ရုံ၊ အလုပ်ရုံများတွင် ကျွမ်းကျင်အလုပ်သမားများ တရားဝင် ခေါ်ယူရခြင်းစျေးကွက်များ ဖြစ်ထွန်းအောင်မြင်လာခဲ့သည်။ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအချို့သည် အိမ်တွင်းမှု အထောက်အကူပြု အလုပ်နေရာများဖြစ်သည့် အိမ်တွင်း ဧည့်ကြိုများ၊ သန့်ရှင်းရေးအလုပ်သမားများ၊ ယာဉ်မောင်း များ၊ ချက်ပြုတ်သူများ၊ ကလေးသူငယ်စောင့် ရှောက်ပေးရ သူများ၊ သက်ကြီးရွယ်အို စောင့်ရှောက်ပေးရသူများ၊ လုံခြုံရေး ဝန်ထမ်းများအစရှိသည့် အလုပ်အမျိုးအစားများတွင် ပါဝင် လုပ်ကိုင်လာကြသည်ကို တွေ့ရှိရ သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ရွှေ့ပြောင်းသွားလာ အလုပ်လုပ် ကိုင်နေကြသည့် အလုပ် သမားများကို လေ့လာဆန်းစစ် ကြည့်လျှင် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ လုပ်ခလစာ နည်းပါးခြင်းတို့ ကြောင့် လုပ်ခလစာပိုမိုရရှိသည့် နိုင်ငံများကို ရွေးချယ် သွားလာနေကြခြင်း ဖြစ်ပါသည်။ နိုင်ငံအလိုက် ရေခံမြေခံ သဘောတရား၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ များကြောင့် တစ်နိုင်ငံချင်းစီ၏ အလုပ်သမားရပိုင်ခွင့် အခွင့် အရေးများလည်း မတူကွဲပြား ရှိနိုင်ပါသည်။

အမိမြေတွင် ပြန်လည်အသုံးပြုနိုင်

ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် အဓိကလိုအပ်လျက်ရှိ သည့် ကျွမ်းကျင်အလုပ်သမားများ၏ အခန်းကဏ္ဍသည် ထိပ်ဆုံးကအရေးပါလာခဲ့သည်။ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်ရရှိရန်လိုအပ်ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အလုပ်သမားလိုအပ်ချက်ပြည့်မီ ရေး ရွှေ့ပြောင်းအလုပ်သမားလိုအပ်မှု အရေအတွက်မှာ စဉ်ဆက်မပြတ် တိုးပွားလာဖွယ်သာရှိပါသည်။ နိုင်ငံ တစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်း အလုပ်လုပ်ကြသဖြင့် အလုပ် သမား၊ အလုပ်ရှင်နှစ်ဖက်စလုံးတွင် စီးပွားရေးဖွံ့ဖြိုး တိုးတက်စေသော အကျိုးအမြတ်များ ရရှိစေနိုင်ပါသည်။ မြန်မာအလုပ်သမားများအနေဖြင့် အချိန်ပေးဆပ်ရရှိလာ မည့် နိုင်ငံခြားဝင်ငွေ၊ ပြည်ပအလုပ်အကိုင် အတွေ့အကြုံ များ၊ အသိပညာ၊ အတတ်ပညာများကို အမိမြေတွင် ပြန်လည် အသုံးပြုနိုင်သည့်အခွင့်အရေးများ ပိုင်ဆိုင်ရရှိနိုင်ပါသည်။

အလုပ်သမားများသည် နိုင်ငံတစ်နိုင်ငံ၏ လုပ်အား ရင်းမြစ်ဖြစ်ပြီး မိခင်နိုင်ငံနှင့် အလုပ်လက်ခံပေးသော နိုင်ငံ များ၏ ရေရှည်အကျိုးစီးပွားဖွံ့ဖြိုးရေးကို အဓိက မောင်းနှင် ပေးလျက်ရှိသည်။ ထို့ကြောင့် ပြည်တွင်းအလုပ်သမားများ နှင့် ရွှေ့ပြောင်းသွားလာနေကြသည့် ရွှေ့ပြောင်းအလုပ် သမားများ၏ ဘဝအာမခံချက်နှင့် လူမှုဘဝ လုံခြုံစိတ်ချရ သော အခြေအနေကောင်းများရရှိရေးမှာ လွန်စွာအရေးပါ လာခဲ့ပါသည်။ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းခွင်များတွင် အလုပ် သမားခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ပြဋ္ဌာန်းထားသည့် အလုပ်သမားဥပဒေနှင့်အညီ အလုပ်ရှင် နှင့် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် အလုပ် သမားရေးရာပြဿနာများ ဖြေရှင်းပေးခြင်းများ စဉ်ဆက် မပြတ် ဖြစ်ထွန်းအောင်မြင်မှုရှိရန် လိုအပ်သည်။

ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် ပွင့်လင်း မြင်သာရှိသည့် ခေတ်ကို အမီလိုက်လျက် တစ်ဟုန်ထိုး တိုးတက်နေသော အလုပ်သမားများ၏ စီးပွားရေးအရွေ့ ပင် ဖြစ်သည်။ ကမ္ဘာကြီးသည် ခေတ်မီတိုးတက်ခြင်းဖြင့် စက်မှုနည်းပညာနယ်ပယ်အသီးသီးကို ကျော်လွှားရောက် ရှိသည့်တိုင် အသိဉာဏ်ရှိသော လူ့စွမ်းအားအရင်းအမြစ် များကို အသုံးပြုနေရဆဲ ဖြစ်ပါသည်။ သတင်းအချက် အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ တိုးတက်လာ ခြင်းကြောင့် ကမ္ဘာကြီးသည် ရွာတစ်ရွာပမာ တည်ရှိလာခဲ့ သည်။ နည်းပညာနယ်ပယ်အသီးသီးတွင်လည်း စက်ကို ထိန်းချုပ်နိုင်သည့် လူသားအကူအညီများ၊ ကျွမ်းကျင် အလုပ်သမားများ၏ စွမ်းပကားများမှာ ထိပ်ဆုံးရောက်ရှိ လာခဲ့သည်။

ခံစားခွင့်များရရှိရေးမှာ လွန်စွာအရေးကြီး

သို့ဖြစ်ရာ ရွှေ့ပြောင်းအလုပ်သမားများ တရားဝင် လမ်းကြောင်းမှ သွားရောက်အလုပ်လုပ်ကိုင်ရေး သတင်း အချက်အလက်၊ အသိပညာများ ကျယ်ပြန့်စွာ သိရှိ နားလည်ရန် လိုအပ်လှသည်။ အလုပ်သမားများသည် မသိနားမလည်သဖြင့် တရားမဝင်အလုပ်သမားစေလွှတ် ရေးအေဂျင်စီများနှင့် အလုပ်ပွဲစားများကို ဆက်သွယ်ကြ လေ့ရှိသဖြင့် အလိမ်ခံရနိုင်ဖွယ်ရှိကြောင်း သတိပြုကြရ ပါမည်။ အလုပ်သမားစေလွှတ်ရေး အေဂျင်စီများကလည်း လူစုဆောင်းမှုအစီအစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရပါမည်။ သို့မှသာ ရွှေ့ပြောင်းအလုပ်သမားများအတွက် ခေါင်းပုံ ဖြတ်မှုကင်းဝေးခြင်း၊ ကုန်ကျစရိတ်အနည်းဆုံးဖြစ်ခြင်း အစရှိသော တရားမျှတမှုများ ရရှိစေမည်ဖြစ်ပါသည်။ ရွှေ့ပြောင်း အလုပ်သမားများအတွက် ရွှေ့ပြောင်းသွားလာ မှု လုံခြုံရေး၊ အလုပ်သမား ဥပဒေပါအတိုင်း ခံစားခွင့်များ ရရှိရေးမှာ လွန်စွာအရေးကြီးလှပါသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးလျက်ရှိပြီး ထိုင်း၊ မလေးရှား၊ ကိုရီးယား ကဲ့သို့နိုင်ငံကြီးများတွင် အလုပ်သမားအရေး ဖြေရှင်းပေး နိုင်မည့် အလုပ်သမားသံအရာရှိများ စေလွှတ်ထားရှိပေး ခြင်း၊ နိုင်ငံတကာအလုပ်သမားရေးရာစံသတ်မှတ်ချက် များကို အလေးထားရှိခြင်း၊ သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမားဥပဒေနှင့် အမိန့်ညွှန်ကြားချက်များနှင့် အညီ အလုပ်သမားများအရေး ကူညီဖြေရှင်းပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ ဘာသာစကား အခက် အခဲ၊ လုပ်ငန်းခွင်အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်ရန် စကားပြန်များထားရှိပေးခြင်းနှင့် သက်ဆိုင်ရာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်းများ ကူညီဆောင်ရွက်ပေး လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် လေ့လာသိရှိရသည်။

စည်းမျဉ်းစည်းကမ်းများ လိုက်နာရန်လိုအပ်

လုပ်ငန်းခွင်အတွင်း အလုပ်သမားများ အချိန် မတိုင်မီ သေဆုံးခြင်း၊ မသန်စွမ်းဖြစ်ခြင်း၊ ရောဂါ တစ်မျိုးမျိုး ခံစားခြင်းများ မဖြစ်စေရန် လုပ်ငန်းခွင်ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေး၊ သက်သာချောင်ချိရေး ဆိုင်ရာ ရပိုင်ခွင့်များကို အလုပ်ရှင်ဘက်မှစီစဉ်ဆောင်ရွက် ပေးရပြီး လုပ်သားများဘက်ကလည်း လုပ်ငန်းခွင် ဘေးကင်းရေး၊ အလုပ်သမားများ၏ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန်လိုအပ်ပါသည်။ လုပ်ငန်းခွင် မတော်တဆမှုနှင့် ရောဂါဖြစ်ပွားမှု လျှော့ချရေးဆောင် ရွက်ရာတွင် အလုပ်ရှင်၊ အလုပ်သမားများမှ မှန်ကန်သော အသိအမြင်၊ အတွေးအခေါ်ဖြင့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရန်လိုအပ်ပါ သည်။

ထို့အတူပင် အလုပ်ရှင်၊ မန်နေဂျာ၊ အလုပ်သမား များ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိအမြင်များ မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ်ပေး ခြင်းဖြင့် ဘေးကင်းလုံခြုံသော ဘဝများကို ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။ အလုပ်ရှင်၊ အလုပ်သမား လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် စံချိန်မီထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မည့်အပြင် နှစ်ဦးနှစ်ဖက် အကျိုးတူ ပူးပေါင်းလျက် ဂုဏ်သိက္ခာရှိသော တာဝန်ယူမှု၊ တာဝန် ခံမှုရှိသော လုပ်ငန်းခွင်အဖြစ် ရေရှည်တည်တံ့နိုင်မည် ဖြစ်ပါကြောင်း ယုံကြည်လျက် မေလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။ ။



No comments:

Post a Comment