Thursday, April 30, 2020

ဘေးဘယာဝေးကွာဖို့ မပြတ်သောသတိပြုကြစို့

အယ်ဒီတာ့ အာဘော်
===============


ကိုဗစ်-၁၉ ရောဂါကို တစ်ကမ္ဘာလုံးနှင့်အတူတကွ ရင်ဆိုင်ကြုံတွေ့ကျော်လွှား နေကြသည်။ မျှော်လင့်မထားသော ဆန်းပြားသည့်ရောဂါဘေးကို ကြံ့ကြံ့ခံတွန်းလှန်နိုင်ကြလျှင် ကြုံတွေ့နေကျ အခြားဘေးဘယာများကို မကျော်လွှားနိုင်စရာ အကြောင်းရှိမည်မဟုတ်ပေ။ လူရယ်လို့ဖြစ်လာပါက ဒုက္ခအမျိုးမျိုးနှင့် လွတ်ကင်းနိုင်မည် မဟုတ်ပါလော။ ထိုဘေးဒုက္ခများအနက် ကမ္ဘာကြီးတွင် ဖြစ်ရိုးဖြစ်စဉ်ဖြစ်လာသည့် သဘာဝဘေးဒုက္ခကို လူတို့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်း ရှိနေကြပါသည်။

ယခုအခါ ကိုဗစ်-၁၉ ရောဂါဘေးကို ရင်ဆိုင်ကျော်လွှားနေချိန်တွင် အချိန်ကာလအလျောက်ဖြစ်ပေါ်လာသော ပူပြင်းသည့်ဒဏ်၊ ရေရှားပါး သည့်အခက်အခဲ၊ မိုးသက်လေပြင်းဒုက္ခနှင့် ကိုဗစ်-၁၉ ရောဂါဘေးကြောင့် ဖြစ်ပေါ်လာသည့် လူမှုဘဝဒုက္ခ အခက်အခဲများကို နိုင်ငံတော်အစိုးရနှင့်အတူ ပြည်သူအားလုံး ရင်ဆိုင်ဖြေရှင်းနေကြသည်။ ထိုသို့ဖြေရှင်းနေရသော အချိန်ကာလတွင် ရာသီကာလကြုံတွေ့ရလေ့ရှိသည့် မုန်တိုင်းအန္တရာယ် ကိုလည်း အထူးသတိပြုကြဖို့လိုမည်ဖြစ်သည်။

ယခုအချိန်ကာလသည် ပူပြင်းသောနွေရာသီကာလဖြစ်သကဲ့သို့ မိုးကြိုကာလလည်းဖြစ်သည်။ လာမည့် မေလလယ်တွင် မုတ်သုံရာသီဝင်တော့ မည်ဖြစ်၍ ယခုအချိန်မှစ၍ မိုးသက်လေပြင်းများ၊ မုန်တိုင်းများကို သတိ ထားကြရတော့မည်ဖြစ်သည်။ မိုးကြိုကာလတွင် လေဖိအားနည်းရပ်ဝန်း များနှင့် မုန်တိုင်းများလည်း နှစ်စဉ်ဖြစ်လေ့ရှိသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့မိုးလေဝသဌာနများ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် မိုးရွာသွန်း နေပြီး ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ကပ္ပလီပင်လယ်ပြင်တွင် ဧပြီ ၂၈ ရက်မှ ၃၀ ရက်အတွင်း လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မေလဆန်း တွင် ဘင်္ဂလားပင်လယ်အော်၌ ဖြစ်ပေါ်လာဖွယ်ရာရှိသည့် မုန်တိုင်းနှင့် ပတ်သက်၍ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်သည့်အချိန်ရောက်မှ ဖြစ်ပေါ် လာနိုင်သည့် မုန်တိုင်းလားရာကို အချိန်နှင့်တစ်ပြေးညီ အသိပေးသွားနိုင်မည် ဖြစ်သည်။ ယခုလက်ရှိအချိန်တွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းဖြစ် ပေါ်နိုင်သည်မှာ သေချာသလောက်ရှိသော်လည်း မုန်တိုင်းဖြတ်ကျော်မည့် နေရာ၊ ဖြတ်ကျော်မည့်ရက်၊ ဖြတ်ကျော်မည့်အချိန်တို့ကို အတိအကျပြောဆို၍ ရနိုင်မည်မဟုတ်သေးပေ။

သို့သော် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိပါက မေ ၂ ရက်၊ ၃ ရက်တို့ တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတို့တွင် မိုးရွာ သွန်းမှုများနှင့် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည်။ လေဖိအား နည်းရပ်ဝန်းနှင့် မုန်တိုင်းတို့၏လားရာတို့ကို အတိအကျပြောဆိုရန်ခက်ခဲပြီး ဖြစ်ပေါ်နေသည့် အနီးဆုံးကာလရောက်မှသာ ရေရေရာရာဆုံးဖြတ်နိုင်မည် ဖြစ်သည်။ လက်ရှိတွင် မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ မေ ၅ ရက်နှင့် ၇ ရက်တို့တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်မည်ဟု ခန့်မှန်းကြပြီး ရခိုင်ကမ်းရိုးတန်း သို့မဟုတ် မြစ်ဝကျွန်းပေါ် သို့မဟုတ် ရခိုင်နှင့်မြစ်ဝကျွန်းပေါ်တို့ကို ဖြတ်သန်းနိုင်မည်ဟု ခန့်မှန်းကြသည်။
လက်ရှိတွင် လူမှုကွန်ရက်များ၌ မမှန်သတင်းများ၊ ကောလာဟလ သတင်းများ ထုတ်လွှင့်နေပြီး ယင်းသတင်းများကြောင့် ပြည်သူများ အနေဖြင့် စိုးရိမ်မှုလွန်ကဲခြင်းမဖြစ်ရန်လိုပေသည်။ သက်ဆိုင်ရာတရားဝင် ဌာနမှ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ခြေ၊ မုန်တိုင်းငယ်အဆင့် ပြောင်းလဲ နိုင်ခြေ၊ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုအခြေအနေတို့ကို ထုတ်ပြန်အသိပေးမှုအပေါ် မူတည်စောင့်ကြည့်ပြီး သတိပြုလိုက်နာ ဆောင်ရွက်ကြရန်လိုပေသည်။ အကယ်၍ မုန်တိုင်းနှင့် ကြုံတွေ့ရပါက ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားခြင်းသည် ပျက်စီးဆုံးရှုံးထိခိုက်မှုများကို လျှော့ချနိုင်မည်ဖြစ်သည်။ အချိန်နှင့်အမျှ ပြောင်းလဲနေသော မိုးလေဝသ ဖြစ်စဉ်များကို ကြိုတင်သတိ၊ အသိတို့ဖြင့် ရင်ဆိုင်တုံ့ပြန်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါဘေးနှင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့ နေရချိန်တွင် ဘေးဘယာများကို ရှောင်ရမည့် အသိ၊ သတိများရှိထားကြပြီး ဖြစ်ရာ ရောဂါဘေးကို ရင်ဆိုင်ကျော်လွှားခုခံတိုက်ဖျက်ရင်း ရာသီကာလ အလိုက် ရောက်ရှိလာနိုင်သော မိုးသက်မုန်တိုင်းဘေးအန္တရာယ်များကို ရရှိထားပြီးဖြစ်သောအတွေ့အကြုံများနှင့် ညီညီညွတ်ညွတ် လက်တွဲ တွန်းလှန်ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ပါကြောင်း။ ။




No comments:

Post a Comment