Thursday, March 19, 2020

အယ်ဒီတာ့ အာဘော်
==============
သမိုင်းပေးတာဝန်ကျေပွန်သည့် မြန်မာ့ရုပ်ရှင်
Image may contain: text that says 'The Mirror Daily Established in 1957'
လူမှုဘဝကို အသိပေးနှိုးဆော်နိုင်သည့် အတတ်ပညာမှာ ရုပ်ရှင်အတတ် ပညာ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးသားကို ညွတ်ပျောင်းနှိုးဆွအသိပေးနိုင်သည့် ပညာမှာ ရုပ်ရှင်အတတ်ပညာဖြစ်သည်။ ထိုသို့သော အတတ် ပညာဖြင့် မြန်မာ့လူဘောင်ကို ဖန်တီးပုံဖော်နိုင်ခဲ့သည့် မြန်မာ့ရုပ်ရှင်သည် ယခုအခါ နှစ် ၁၀၀ ကာလသို့ ချင်းနင်းရောက်ရှိလာပြီဖြစ်သည်။ နှစ် ၁၀၀ လူ့သမိုင်းကို လှုပ်ရှားသက်ဝင်မော်ကွန်းတင်နိုင်ခဲ့သည့် မြန်မာ့ရုပ်ရှင်ကို အလေးအနက် ဂုဏ်ပြုမှတ်တမ်းတင်ရမည်ဖြစ်သည်။
လူသည် မိမိတို့၏ခံစားချက်များကို ထုတ်ဖော်လှစ်ဟလိုကြသူများ ဖြစ်သည်။ မိမိကိုယ်တိုင် ထုတ်ဖော်လှစ်ဟ၍ဖြစ်စေ၊ မိမိခံစားချက်များနှင့် ထင်ဟပ်၍ သရုပ်ဖော်ဖွင့်ဟချက်များကိုဖြစ်စေ နှစ်ခြိုက်သဘောကျကြသူ များဖြစ်သည်။ တစ်နည်းဆိုလျှင် လူတို့သည် မိမိတို့၏သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် နိစ္စဓူဝရုန်းကန်လှုပ်ရှားနေရသဖြင့် မိမိတို့၏ခံစားမှုကို လှစ်ဟခွင့် မရကြပေ။ ထို့ကြောင့် မိမိတို့ခေတ်ကာလ မိမိတို့ဘဝနှင့် တစ်ထပ်တည်း ကျအောင် လှစ်ဟဖွင့်ပြနိုင်သောရုပ်ရှင်ကို မြတ်နိုးတွယ်တာခုံမင်ကြ
သည်။
မြန်မာ့ရုပ်ရှင်ကို လန်ဒန်အတ် ဦးအုန်းမောင်က ပထမဆုံး အသံတိတ် ရုပ်ရှင်ဇာတ်ကားဖြင့် စတင်ဖန်တီးခဲ့သည်မှစလျှင် မြန်မာ့ရုပ်ရှင်သမိုင်း သည် နှစ်ပေါင်း ၁၀၀ ရှည်ကြာခဲ့ပြီဖြစ်သည်။ ရုပ်ရှင်သည် ခေတ်ကာလကို ထင်ဟပ်စေသကဲ့သို့ ထိုခေတ်ကာလက ပြည်သူလူထုတို့၏ဘဝများ၊ နိုင်ငံရေး၊ စီးပွားရေးစနစ်များကို ပြည်သူတို့၏ စိတ်နှလုံးသားခံစားမှုများနှင့် တစ်ထပ်တည်းကျအောင် သရုပ်ဖော်ခဲ့ကြသည်။ ဤသို့ဆောင်ရွက်မှုများ ကြောင့် မြန်မာ့ရုပ်ရှင်သည် သမိုင်းပေးတာဝန်များကို ကျေပွန်အောင် ဖော်ဆောင်နိုင်ခဲ့သည်။
ပထမဆုံးမြန်မာ့ရုပ်ရှင် အသံတိတ်ဇာတ်ကားကို အင်္ဂလိပ်-မြန်မာ စာတန်းရေးထိုး၍ သရုပ်ဆောင်လှုပ်ရှားမှုများဖြင့် တစ်ထပ်တည်းကျစွာ ပြည်သူလူထုအကြိုက် အောင်မြင်စွာရုံတင်ပြသနိုင်ခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ်သတ်မှတ်ပြီး နှစ်စဉ် ဂုဏ်ပြုလာခဲ့သည်မှာ ငွေရတု၊ ရွှေရတု၊ စိန်ရတုတို့ကို ဖြတ်သန်းခဲ့ပြီးနောက် မကြာမီကာလတွင် နှစ် ၁၀၀ ပြည့်ကာလသို့ ရောက်ရှိတော့မည်ဖြစ်သည်။ မြန်မာ့ရုပ်ရှင်သည် နှစ် ၁၀၀ ပြည့်သည့်တိုင်အောင် နိုင်ငံနှင့်ပြည်သူအပေါ်တွင် တာဝန်ကျေခဲ့သည်ဟု ပြောရမည်ဖြစ်သည်။
မြန်မာ့ရုပ်ရှင်သည် ခေတ်ကာလအားဖြင့် လူမှုဘဝများ၊ စီးပွားရေး အခြေအနေများ၊ နိုင်ငံရေးအပြောင်းအလဲများကို မီးမောင်းထိုးပြနိုင်ခဲ့ပြီး ကိုလိုနီခေတ် အုပ်ချုပ်ရေးစနစ်၏ မတရားဖိနှိပ်မှုများ၊ အကျင့်ဖောက်ဖျက်မှု များ၊ ပြည်သူလူထု မျိုးချစ်စိတ်ဓာတ်နိုးကြားထက်သန်စေမှုများကို ရဲရဲဝံ့ဝံ့ ထိထိရောက်ရောက် ထုတ်ဖော်ပြသနိုင်ခဲ့သည်။ စစ်ပြီးသည်နှင့် နိုင်ငံရေး နှင့်ဆိုင်သော ရုပ်ရှင်ဇာတ်ကားများပေါ်ထွက်လာပြီး စစ်အေးကာလတွင် ဝါဒဖြန့်ချိရေးဇာတ်ကားများလည်း ရိုက်ကူးခဲ့သည်။ ထိုစဉ်ကာလက မြန်မာ့ရုပ်ရှင်သည် ပျော်ရွှင်လွမ်းမောဖွယ်ရာ လူမှုဘဝများသာမက နိုင်ငံ ၏ အရေးပါသော အခန်းကဏ္ဍများနှင့် နိုင်ငံ၏ပကတိအခြေအနေများကိုပါ ထင်ဟပ်ဖော်ပြတင်ဆက်နိုင်ခဲ့သည်။
မြန်မာ့ရုပ်ရှင်သည် နှစ်ပေါင်း ၁၀၀ ကာလအတွင်း ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်၊ ပါလီမန်ဒီမိုကရေစီစနစ်၊ အာဏာရှင်စနစ်၊ ဒီမိုကရေစီစနစ် စနစ်အမျိုးမျိုးတို့တွင် ရုပ်ရှင်ဆင်ဆာကဲ့သို့ ကန့်သတ်မှုများ၊ တင်းကျပ် မှုများကြားမှ တိုင်းပြည်နှင့် ပြည်သူလူထု၏ဘဝကို တစ်သားတည်းထင်ဟပ် ဖော်ညွှန်းစေသည့် ရုပ်ရှင်ဇာတ်ကားကောင်းများဖန်တီးပြီး ရုပ်ရှင်ကြည့် ပြည်သူပရိသတ်များအား အသိအမြင်အလင်းရောင်များ ဖြန့်ဝေပေးနိုင်ခဲ့ သည်။ ရုပ်ရှင်သည် ခေတ်ကာလကို ထင်ဟပ်စေသည်ဖြစ်ရာ နည်းပညာ မတိုးတက်သေးသောကာလက ရုပ်ရှင်ဖြင့် ပြည်သူလူထုသိမြင်ခံစားမှုကို ထိထိရောက်ရောက် ပေးစွမ်းနိုင်ခဲ့သည်။ နည်းပညာတိုးတက်လာသော ခေတ်ကာလတွင် တိုးတက်ပြောင်းလဲလာသောအခြေအနေအရ တတ်နိုင် သည့်ဘက်မှ ပြည်သူလူထုအား ပေးဆပ်နေဆဲဖြစ်သည်။
သို့ဖြစ်ရာ နှစ်ပေါင်း ၁၀၀ သို့ ဖြတ်သန်းနေသော မြန်မာ့ရုပ်ရှင်သည် ဓနဥစ္စာ၊ နည်းပညာမကြွယ်ဝသော်လည်း မြန်မာတို့၏ ရှိရင်းစွဲတီထွင် ဖန်တီးနိုင်မှု၊ အနုပညာပြောင်မြောက်စွာ ကြိုးပမ်းအားထုတ်နိုင်မှုများဖြင့် သမိုင်းပေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်ဟု ရှုမြင်ပါ ကြောင်း။ ။

No comments:

Post a Comment