Wednesday, March 18, 2020

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်းကော်မတီများဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး



ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူတစ်ယောက် သို့မဟုတ် လူအများ၊ ထိုင်နေသော လူများ နှင့် အစားအသောက်
နေပြည်တော် မတ် ၁၇



Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်းကော်မတီများဖွဲ့စည်း နိုင်ရေး တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ်(စီးပွားရေးရာဌာနကြီး)၊ ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယအမြဲတမ်း အတွင်းဝန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) သည် ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ကြောင်း (၁၁.၃.၂၀၂၀) ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) က သတ်မှတ်ကြေညာခဲ့ကြောင်း၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကာ ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) မှ ကြေညာချက်အပေါ် လိုက်နာဆောင်ရွက်ရန်အတွက်လည်း နိုင်ငံတော် သမ္မတရုံးမှ ဌာနဆိုင်ရာများအားလုံးသို့ ညွှန်ကြားထားပြီးဖြစ်သလို ပြည်သူ များထံသို့ ပန်ကြားထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက် တွင် အဓိကအချက် (၃) ချက်ပါဝင်ကြောင်း၊
- ပထမအချက်မှာ COVID-19 ကူးစက်ပြန့်ပွားမှုသည် လူစုလူဝေးများမှ တစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သောကြောင့် လူစုလူဝေးဖြင့် ကျင်းပရမည့် အစည်းအဝေးများ၊ အခမ်းအနားများ၊ ပွဲလမ်းသဘင်များ (မြန်မာ့ရိုးရာသင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ပြီး ကျင်းပခြင်းများ အပါအဝင်) အား (၁၃.၃.၂၀၂၀)ရက်နေ့မှ (၃၀.၄.၂၀၂၀) ရက်နေ့အထိ ရွှေ့ဆိုင်းထားပြီး မပြုလုပ်ရန် ဖြစ်ကြောင်း၊
- ဒုတိယအချက်မှာ ဝန်ထမ်းများအား ပြည်ပ ရက်တို အစည်းအဝေး၊ သင်တန်း၊ လေ့လာရေးများကို စေလွှတ်ခွင့်မပြုပါကြောင်းနှင့် ယခင် ခွင့်ပြုချက်ဖြင့် ပြည်ပသို့ သွားရောက်လျက်ရှိသည့် ဝန်ထမ်းများ ပြန်လည်ရောက်ရှိလျှင် သံသယလူနာ တွေ့ရှိပါက ပြန်ရောက်သည့် နေ့မှစ၍ ၁၄ ရက်တိတိ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ခံယူနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း၊
- တတိယအချက်မှာ လက်အောက်ဌာနများသို့ သက်ဆိုင်ရာကဏ္ဍများ အလိုက် လိုအပ်သော ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊
မိမိတို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အောက်ခြေအဆင့်အထိ လက်လှမ်းမီသော ဌာနဖြစ်သောကြောင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/ မြို့နယ်/ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ Coronavirus Disease 2019 (COVID-19) မဖြစ်ပွား စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များအတိုင်း တိတိကျကျ လိုက်နာ ဆောင်ရွက်နိုင်ရေး ပြည်သူများထံသို့ အသိပညာပေးမျှဝေသွားရန် လိုအပ်ပါ ကြောင်း၊ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိဒေသအတွင်း သံသယလူနာတွေ့ရှိကြောင်း ပြည်သူများမှ သတင်းပို့လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသတင်းပို့ အသိပေးဆောင်ရွက်သွား ကြရန်နှင့် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်ထွက်ပေါက်များမှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများတွင် ရောဂါဖြစ်ပွားမှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက အချိန်မီကုသ နိုင်ရေး၊ ရောဂါဆက်လက်ပြန့်ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်သွားစေလိုကြောင်း။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည် (Prevention is better than Cure) ဆိုသကဲ့သို့ ကြိုတင်လိုက်နာဆောင်ရွက်ရမည့် အချက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ဖြစ်ရာ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ပြည်သူများထံသို့ ကျန်းမာရေး အသိပညာများပေးရန်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ ဧရာဝတီနှင့် နေပြည်တော်ကောင်စီတို့မှ တိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာဒေသများအလိုက် လက်ရှိမြေပြင်အခြေအနေနှင့် ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြကြသည်။
အလေးထားလိုက်နာ
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်က Coronavirus Disease 2019 (COVID-19) ဆိုင်ရာ ဆောင်ရွက် ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းလွယ်ကူစွာ အချိန်တိုအတွင်း နားလည်သဘောပေါက် လက်တွေ့ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များအား Animation Video Clip(2 minute) စာအား Projector ဖြင့် ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက တက်ရောက်လာသူများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှတစ်ဆင့် ရပ်/ကျေး အဆင့်အထိ ဖြန့်ဝေပေးနိုင်ရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အုပ်ချုပ်ရေးမှူးများ သည် သက်ဆိုင်ရာအစိုးရအဖွဲ့ အတွင်းရေးမှူးများဖြစ်ကြသည့်အတွက် ယခုအစည်းအဝေးမှ ဆွေးနွေးညှိနှိုင်းချက်များကို သက်ဆိုင်ရာဝန်ကြီးချုပ်များထံ တင်ပြပေးရန် ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသအတွင်း COVID-19 ဆိုင်ရာ နောက်ဆုံးရရှိချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန် လိုအပ်ပါကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်စပ်လျဉ်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကျပ်အတည်း အခက်အခဲ များ ဒေသတွင်းဆောင်ရွက်၍မရပါက ပြည်ထောင်စုသို့ ဆက်လက်တင်ပြပေးရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံးအနေဖြင့်လည်း သီးခြားလမ်းညွှန်ချက် များ၊ ပန်ကြားချက်များထုတ်ပြန်ထားပြီး အလေးထားလိုက်နာရန်ဖြစ်ကြောင်း ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ထို့နောက် အစည်းအဝေးဒုတိယပိုင်းအစီအစဉ်များအား ဒုတိယဝန်ကြီး ဦးတင်မြင့် ဦးဆောင်၍ ဆက်လက်ကျင်းပရာ လုပ်ငန်းကော်မတီဖွဲ့စည်းမည့် လျာထားချက်အမည်စာရင်းများနှင့် ကာကွယ်ရေးဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေး ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment