Monday, March 2, 2020
ကမ္ဘာ့အင်ဂျင်နီယာနေ့
အင်ဂျင်နီယာနေ့ကို ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးက မိမိတို့နိုင်ငံနဲ့ပတ်သက်တဲ့ အင်ဂျင်နီယာတွေရဲ့ စွမ်းစွမ်း တမံဆောင်ရွက်နိုင်ခဲ့တဲ့ အောင်မြင်မှုတွေကို အခြေခံပြီး မတူညီတဲ့ ရက်အသီးသီးတွေနဲ့ ၂၀၁၉ ခုနှစ်အထိ ကျင်းပ ခဲ့ကြပါတယ်။ ကမ္ဘာ့အင်ဂျင်နီယာအသင်းချုပ် (World Federation of Engineering Organizations) က ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ညီလာခံက နှစ်စဉ် မတ်လ ၄ ရက်နေ့ကို ကမ္ဘာကြီးရေရှည်တည်မြဲရေး ကိုရှေးရှုတဲ့ ကမ္ဘာ့အင်ဂျင်နီယာနေ့ (World Engineering’ Day for Sustainable Development) အဖြစ် ကမ္ဘာတစ်ဝန်းကျင်းပရန် UNESCO ၏ အကြိမ်(၄၀)မြောက် အထွေထွေအစည်းအဝေးက ဆုံးဖြတ်သတ်မှတ်ခဲ့ ကြောင်း ကြေညာခဲ့ပါတယ်။ ဒါကြောင့်မို့ လာမယ့် ၂၀၂၀ ပြည့်နှစ် မတ်လ ၄ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့အင်ဂျင်နီယာနေ့ဟာ ကမ္ဘာတစ်ဝန်းလုံး တညီတညွတ်တည်း ကျင်းပမယ့် ပထမဆုံးအကြိမ် ကမ္ဘာ့အင်ဂျင်နီယာနေ့ ဖြစ်ပါတယ်။
ဆန်းသစ်တီထွင်မှုများနဲ့ ကမ္ဘာကြီးကို တိုးတက်မှု လမ်းကြောင်းပေါ်တင်ပေးခဲ့တဲ့ အင်ဂျင်နီယာများကို ဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာ့အင်ဂျင်နီယာနေ့ကို ကျင်းပ ရခြင်း ဖြစ်ပါတယ်။ လူသားများရဲ့ဘဝ၊ သက်တမ်း၊ လူနေမှု အဆင့်များကို တိုးတက်လာအောင် အင်ဂျင်နီယာများက အစဉ်တစိုက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အနာဂတ်ကာလမှာလည်း မျက်မှောက်ကာလထက် တိုးတက်ကောင်းမွန်လာအောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။ သာမန်လည်ပတ်နေတဲ့ဘီး (လှည်းဘီး၊ရေအားသုံးဒလက်ဘီး) များကနေ မောင်းသူမဲ့ လေယာဉ် (drones) အထိ နည်းပညာအဆင့်ဆင့် တိုးတက်တီထွင်နိုင်ခဲ့တာ အင်ဂျင်နီယာတွေ ဖြစ်ပါတယ်။ အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်လာဖို့ ပုံသေမူ ချမှတ်ထားခြင်းမရှိပါဘူး၊။ အင်ဂျင်နီယာ အသိအမြင်၊ အင်ဂျင်နီယာ ဗဟုသုတ၊ တီထွင်လိုစိတ်၊ မလျှော့သော လုံ့လနဲ့ ပြင်းပြတဲ့ဆန္ဒ ရှိရပါမယ်။ ဒီအရည်အချင်း တွေသာရှိမယ်ဆိုရင် အင်ဂျင်နီယာတစ်ယောက်အနေနဲ့ စိတ်ကူးထားတဲ့ အိပ်မက်တွေကို မုချအကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝန်းမှာ အင်ဂျင်နီယာအတတ်ပညာနဲ့ ကင်းကွာတဲ့အရာမရှိပါဘူး။ လူတိုင်းနီးပါး သုံးစွဲနေကြတဲ့ လက်ကိုင်ဖုန်းတွေ၊ အင်တာနက်ကွန်ရက်တွေ၊ ခရီးသွား လာရေးမှာသုံးနေကြတဲ့ မော်တော်ယာဉ်တွေ၊ လေယာဉ် တွေ၊ သင်္ဘောတွေ၊ ကားလမ်းကွန်ရက်တွေ၊ လေဆိပ် တွေ၊ သင်္ဘောဆိပ်တွေ၊ ရာသီဥတုဒဏ်ခံနိုင်ဖို့ တည် ဆောက်ထားတဲ့အိမ်ရာတွေ၊ ကွန်ဒိုတွေ၊ လူတွေ အသက်ရှင်ရေးအတွက် လိုအပ်တဲ့သောက်သုံးရေ၊ ချိုးရေ၊ ချက်ပြုတ်ရေ၊ စားနပ်ရိက္ခာ၊ လျှပ်စစ်ဓာတ်အား၊ ဆေးဝါးနဲ့ စက်ကိရိယာ၊ လက်သုံးကိရိယာတွေဟာ အင်ဂျင်နီယာ အတတ်ပညာနဲ့ဖန်တီးထားတဲ့ အသီးအပွင့်တွေဖြစ်ပါ တယ်။ အင်ဂျင်နီယာတွေဟာ မိမိတို့စိတ်ကူးထားတဲ့ အိပ်မက်တွေကို ပုံဖော် (Design) ရေးဆွဲ၊ သုတေသနပြု (Research)၊ ပုံစံတူ (Model Prototype) များ တည်ဆောက်ပြီး စမ်းသပ်မှုအောင်မြင်ရင် ထုတ်လုပ် (Production)၊ တပ်ဆင် (Installation)၊ ပြုပြင်ထိန်းသိမ်း (Maintenance) ခြင်းများ ပြုလုပ်ကြပါတယ်။ ဒီလို လုပ်ဆောင်ချက်အဆင့်ဆင့်တိုင်းမှာ ဘေးအန္တရာယ် ကင်းရှင်းရေး (Safety) နဲ့ အရည်အသွေးအတွက်အာမခံမှု (Quality Assurance) စသည်တို့နဲ့ တာဝန်ခံမှု၊ တာဝန်ယူ မှု (Accountability and Insurance) ကို လုံးဝခေါင်းခံ ကြရပါတယ်။
အင်ဂျင်နီယာများဟာ မိမိတို့ရဲ့ ဂုဏ်သိက္ခာ တိုးတက်ရေးနဲ့ ဖြောင့်မတ်တည်ကြည်မှု ထိန်းသိမ်းရေး အတွက် မူလရည်မှန်းချက်များဖြစ်တဲ့-
(က) မိမိတို့တတ်ကျွမ်းတဲ့ပညာရပ်နဲ့ လူနေမှု ဘဝနဲ့ ပတ်ဝန်းကျင်တိုးတက်ရေး
(ခ ) ရိုးသားဖြောင့်မတ်မှုနဲ့ မိမိရဲ့အလုပ်ရှင် နဲ့ အများပြည်သူတို့ကို အလုပ်အကျွေး ပြုရေး
(ဂ ) မိမိရဲ့အင်ဂျင်နီယာစွမ်းဆောင်မှု အစဉ် တိုးတက်ရေးနဲ့ ဂုဏ်သိက္ခာမြှင့်တင်ရေး တို့ကို အမြဲမျက်ခြည်မပြတ်ရည်မှန်းချက် ထား ဆောင်ရွက်ရပါမယ်။
ဒီလိုဆောင်ရွက်တဲ့နေရာမှာ အောက်ပါအင်ဂျင်နီယာကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာကြရပါမယ်-
(၁) ပြည်သူလူထုရဲ့ ကျန်းမာရေးနဲ့ ထိခိုက်မှု ဘေးအန္တရာယ်ကာကွယ်ရေးကို အရေး တကြီးဆောင်ရွက်ပါမယ်။ ဒီလိုဆောင်ရွက် ရင်းနဲ့ ပြည်သူလူထုရဲ့ လူနေမှုဘဝကို တိုးတက်စေရပါမယ်။
(၂) မိမိတတ်ကျွမ်းတဲ့ဘာသာရပ် နယ်ပယ် အတွင်းသာ လုပ်ငန်းဆောင်ရွက်ရပါမယ်။
(၃) ဖြောင့်မတ်မှန်ကန်သော ရပ်တည်ချက် အပေါ်မှာသာ သတင်းထုတ်ပြန်ရပါမယ်။
(၄) အင်ဂျင်နီယာဂုဏ်သိက္ခာနဲ့အညီ မိမိအလုပ် ရှင်နဲ့ အလုပ်လုပ်သူအကြား၊ ဆက်သွယ် ဆောင်ရွက်ရာမှာ မပြေလည်မှုများ ပေါ်ပေါက်ရန်လှုံ့ဆော်ခြင်း မပြုမိဖို့သတိ ချပ်ရပါမယ်။
(၅) မိမိရဲ့ အရည်အချင်းကို အလုပ်ဖြင့်သာ သက်သေပြရပါမယ်။
(၆) အင်ဂျင်နီယာရဲ့ အသက်မွေးမှုဂုဏ်သိက္ခာ ကို စောင့်ထိန်းဖို့ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက် အဂတိလိုက်စားမှုများကို ရှောင်ရှားရပါမယ်။
(၇) အင်ဂျင်နီယာဘာသာရပ်တိုးတက်ရေးကို အမြဲဆောင်ရွက်ပြီး မိမိရဲ့တပည့်များကို အရည်အချင်းပြည့်မီသူများဖြစ်အောင် ဦးဆောင်ဦးရွက်ပြုရပါမယ်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် များ (Sustainable Development Goals) ၁၇ ချက်ထဲမှာ အင်ဂျင်နီယာများဆောင်ရွက်ရမယ့် ပန်းတိုင်ကြီး ငါးခုကို အောက်မှာဖော်ပြထားပါတယ်-
ပန်းတိုင်(၆)- လူသားတိုင်း သန့်ရှင်းသောသောက်သုံး ရေနှင့် မိလ္လာစနစ်ရရှိရေးနှင့် စဉ်ဆက် မပြတ်သော စီမံခန့်ခွဲမှု ဖြစ်ပေါ်စေရေး၊
ပန်းတိုင်(၇)- လူသားတိုင်း လက်လှမ်းမီမှုရှိသော၊ စိတ်ချ ရသော၊ ရေရှည်တည်တံ့ခိုင်မြဲသော ခေတ်မီစွမ်းရည်ရရှိရေး၊
ပန်းတိုင်(၉)- ကြံ့ခိုင်သော အခြေခံအဆောက်အဦများ တည်ဆောက်ရေး၊ အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့သည့် စက်မှုလုပ်ငန်း ထူထောင်ရေးနှင့် ဆန်းသစ်တီထွင်မှုများ ကို အားပေးမြှင့်တင်ရေး၊
ပန်းတိုင်(၁၁)- အားလုံးအကျုံးဝင်သော ဘေးကင်းလုံခြုံမှု ရှိသော၊ ကြံ့ခိုင်မှုရှိသော၊ ရေရှည်တည်တံ့ နိုင်သော မြို့ပြများနှင့် လူနေရပ်ကွက်များ ထူထောင်ရေး၊
ပန်းတိုင်(၁၃)- ရာသီဥတုပြောင်းလဲမှုနှင့် ယင်း၏အကျိုး သက်ရောက်မှုများ လျော့ပါးစေရေး အတွက် အရေးကြီးလုပ်ငန်းစဉ်ချမှတ်ဆောင်ရွက်ရေး။
၂၀၂၀ ပြည့်နှစ် မတ်လ ၄ ရက်နေ့မှာကျရောက်မယ့်် ကမ္ဘာ့အင်ဂျင်နီယာနေ့ကို အမေရိကန်ပြည်ထောင်စုရဲ့ (၃၁) ဆက်မြောက်သမ္မတ Herbert Hoover ရဲ့ အင်ဂျင်နီ ယာ အသက်မွေးမှုစာစု (The Engineering Profession) နဲ့ ဂုဏ်ပြုလိုက်ပါတယ်။ သတ္တုတူးဖော်ရေး အင်ဂျင်နီယာ ဘွဲ့ရ Herbert Hoover ဟာ ဩစတြေးလျတိုက်အပါအဝင် ကမ္ဘာ့တိုက်ကြီးများအနှံ့ ရွှေ၊ ငွေ၊ ကြေး၊ ခဲ၊ သတ္တုတွေ လိုက်တူးရင်း တရုတ်နိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံကို ၁၉၁၄ ခုနှစ်ကရောက်ရှိလာပြီး ရှမ်းပြည်မြောက်ပိုင်းက နမ္မတူဘော်တွင်းကို ငွေ၊ ခဲ၊ သွပ်တွေတူးရင်း သတ္တုတွင်းနဲ့ သန့်စင်စက်ရုံ ပြန်လည်ရှင်သန်ဖွံ့ဖြိုးရေးကို ဆောင်ရွက် ခဲ့ပါတယ်။ Herbert Hoover ရဲ့ စွမ်းစွမ်းတမံကြိုးစားမှုကြောင့် နမ္မတူဘော်တွင်းသတ္တုတွင်းဟာ ကမ္ဘာကျော် ဖြစ်လာခဲ့ရ ပါတယ်။ Herbert Hoover ရဲ့အင်ဂျင်နီယာဂုဏ်ပြုစာစုကို ယခင် သတ္တုတွင်းဝန်ကြီးဌာနက ညွှန်ကြားရေးမှူး (ငြိမ်း) ဦးဇော်ဝင်း (ဇင်ယော်ကြီး) ဘာသာပြန်ထားတဲ့ The Engineer Profession ကို ဖော်ပြလိုက်ရပါတယ်။
အင်ဂျင်နီယာပညာလုပ်ငန်း
အသက်မွေးဝမ်းကျောင်းလုပ်ငန်းသည် ကြီးမြတ် သောလုပ်ငန်းတစ်ခုဖြစ်ပေသည်။ စိတ်ကူးစိတ်သန်း မျှော်မှန်းမှုတစ်ရပ်ကို ပုံစံအစီအစဉ်တစ်ခုအဖြစ် သိပ္ပံပညာ အကူအညီဖြင့် ပေါ်ထွန်းလာရခြင်းကို စောင့်လင့်ကြည့်ရှု ရသည့် ရင်မောကြည်နူးဖွယ်ရသကို ရနိုင်စွမ်းပါပေ သည်။ ထိုမှတစ်ဆင့် ကျောက်သားများ၊ သတ္တုများ၊ စွမ်းအင် များအဖြစ်သို့ ပကတိသဘာဝအတိုင်း ပြောင်းလဲပေါ်ထွက် လာပေတော့သည်။ ထို့နောက်တွင် လူသားတို့အတွက် အလုပ် အကိုင်များ၊ နေအိမ်များကို ယူဆောင်လာပေတော့၏။ လူတို့၏နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ပေးပြီး ဘဝနေမှု၏ သက်သောင့်သက်သာရှိစေမှုကို ဖန်တီးပေး ပေသည်။ ဤသည်ကား အင်ဂျင်နီယာ၏ မြင့်မားသောအကျိုးဂုဏ်ဖြစ်ပေတော့သည်။
အခြားသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း များနှင့်ယှဉ်သည့်အခါ အင်ဂျင်နီယာ၏ တာဝန်ရှိမှုမှာ သူ၏လုပ်ရပ်များသည် အများသိသာမြင်သာသော ပွင့်လင်းမှုရှိသည်။ သူ၏လုပ်ကိုင်မှုများသည် တစ်ဆင့်ပြီး တစ်ဆင့် စနစ်တကျခိုင်မာစွာ လုပ်ကိုင်ထားခြင်း ဖြစ်သည်။ သူ၏အမှားများကို ဆရာဝန်များကဲ့သို့ အုတ်ဂူများအတွင်းသို့ ထည့်သွင်းမြှုပ်နှံနိုင်ခြင်းမရှိ၊ ဗိသုကာများကဲ့သို့ သူ၏ မပိုင်နိုင်မှုများကို ဥယျာဉ်များ၊ အလှပန်းများဖြင့် ကာကွယ်ထားနိုင်ခြင်းမရှိ၊ နိုင်ငံရေး သမားများကဲ့သို့ နိုင်ငံရေးပြိုင်ဘက်များ၏ အမှားများကို ပြစ်တင်ပြောဆိုပြီး လူထုကမေ့လျော့သည်အထိ အချိန်ဆွဲ ထားခြင်းမျိုး လုပ်နိုင်ခြင်းမရှိ၊ အင်ဂျင်နီယာသည် သူဘာ လုပ်ခဲ့သည်ကို ဘယ်လိုမှငြင်းခွင့်မရ၊ သူ၏လုပ်ရပ် မမှန်ပါ က သူသာအပြစ်ဒဏ်ခံရမည်ဖြစ်သည်။ တစ်ဖက်မှလည်း ဆရာဝန်များကဲ့သို့ သူ၏ဘဝသည် အားနည်းညှိုးငယ်သော လူနာများ၏အကြားတွင် နေရခြင်းမဟုတ်၊ စစ်သားများ ကဲ့သို့ ဖျက်ဆီးရခြင်းသည် သူ့အလုပ်မဟုတ်၊ ရှေ့နေများ ကဲ့သို့ နေ့စဉ်နေ့တိုင်း ရန်တွေ့နေရခြင်းသည် သူ့သက် စောင့် အာဟာရမဟုတ်၊ သိပ္ပံပညာရှင်တို့၏ စူးစမ်းတွေ့ရှိမှု ရလဒ်အခြေခံအရိုးစုများကို အသားဖြည့် အဝတ်ဆင်၍ လူ့ဘောင်တစ်ခွင်တွင် အသုံးဝင်၊ ခွင်ကျ၊ သက်သောင့် သက်သာရှိစေရန် ဆောင်ရွက်ရသည့် တာဝန်မှာ အင်ဂျင်နီယာ၏ ပခုံးပေါ်ကျရောက်လျက်ရှိသည်။
သို့ပင်ဖြစ်သော်ငြားလည်း နှစ်ကာလ ကြာညောင်း လာသည်နှင့်အမျှ ဤသို့သော သက်သောင့်သက်သာရှိစေ မှုကို မည်သည့်အင်ဂျင်နီယာ လုပ်ဆောင်ပေးခဲ့သည် ဆိုသည့် အချက်ကို တစ်ချိန်က သိကောင်းသိခဲ့သည့်တိုင် လူတို့က မေ့လျော့လိုက်ကြသည် သို့မဟုတ် နိုင်ငံရေး သမားတစ်ဦးဦးက မင်္ဂလာယူ၍ သူ၏အမည်ကို မှတ်တမ်း တင်ခဲ့နိုင်သေးသည်။ သို့တည်းမဟုတ် သူကိုယ်တိုင် ဘာမှ မလုပ်ဘဲ အခြားသူများ၏ ငွေကြေးကိုသုံးစွဲကာ လုပ်ကိုင် စေခဲ့သူတစ်ဦးဦးက သူ၏အမည်ကို ဂုဏ်ပြုမှတ်တမ်း တင်ရန် လုပ်နိုင်ခဲ့ပေသေးသည်။ သို့တစေ အင်ဂျင်နီယာ သည်ကား သူ၏စွမ်းဆောင်အောင်မြင်မှုမှ မြစ်ဖျားခံ လာသော ကောင်းကျိုးချမ်းသာ ရေအလျဉ်တသွင်သွင် စီးဆင်းနေမှုကို ကြည့်မောနှစ်သိမ့်လျက် အခြားသော အသက်မွေးဝမ်းကျောင်းများမသိမီနိုင်သည့် ကျေနပ်မှုဖြင့် သာ သူ၏လုပ်ရပ်ကို ကြည့်နေမိတော့သည်။ ထို့အပြင် သူ၏ဘဝတူ အင်ဂျင်နီယာများက သုံးသပ်ဆုံးဖြတ်ပေး လိုက်သည့် ချီးကျူးထောမနာသည်သာလျှင် သူအလို လားဆုံး၊ တန်ဖိုးအထားဆုံး အောင်မြင်မှုသရဖူ သံလွင်ခက် ဖြစ်ပေတော့သည်။
စောမိုးမြင့်
(သတ္တုတွင်း)
Source: - World Engineers’day………Wikipedia
- Code of Ethnics National Society Of
Professional Engineers
- Engineering Ethnics……..Wikipedia
- Herbert Hoover, 31st U.S President……
Wikipedia
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment