Wednesday, March 4, 2020

မြို့ပြအမွေအနှစ်၊ စာပေအမွေအနှစ်တို့ ပေါင်းစုစည်းထားရာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)



သတင်းဆောင်းပါး - သီသီမင်း
ဓာတ်ပုံ - နေလင်း

ရန်ကုန်မြို့၏ အချက်အချာနေရာ သွားရေးလာရေး လွယ်ကူသည့် ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းမကြီး တွင် ၁၉၀၈ ခုနှစ်ကတည်းက ယနေ့တိုင်တည်ရှိနေသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အဆောက်အဦကြီး သည် မကြာမီကာလတွင် နိုင်ငံသူ နိုင်ငံသားအားလုံး အတွက် ဗဟုသုတသိုမှီးရာ၊ တန်ဖိုးမဖြတ်နိုင်သည့် စာကောင်းပေမွန်များ သိုလှောင်စုစည်းသိမ်းဆည်း ထားရာ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဖြစ် ခံ့ညားထည်ဝါစွာ တည်ရှိလာတော့မည်ဖြစ်သည်။

''စာကြည့်တိုက် အဆောက်အဦပိုင်း ပြင်ဆင်တာ တော့ပြီးပြီ။ အခုက စာကြည့်တိုက်ပိုင်းဆိုင်ရာတွေ ပြင်ဆင်နေပါတယ်။ ၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပါပြီ။ ဧပြီလ ပထမပတ်မှာ ဖွင့်မှာ ဖြစ်ပါတယ်'' ဟု အမျိုးသား စာကြည့်တိုက် (ရန်ကုန်) မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေး က ပြောသည်။
ယခင်က အမျိုးသားစာကြည့်တိုက်(ရန်ကုန်)ကို ရန်ကင်းမြို့နယ် အမှတ် ၈၅ (က) သီရိမင်္ဂလာရိပ်သာ လမ်းသွယ်၊ ကမ္ဘာအေးဘုရားလမ်းမကြီးတွင် ဖွင့်လှစ် ထားရှိရာမှ စာကြည့်တိုက်သို့ အများပြည်သူအလွယ်တကူ လာရောက်ကာ စာပေဖတ်ရှုနိုင်ခြင်းဖြင့် အကြားအမြင် ဗဟုသုတ အတွေးအခေါ် ပိုမိုမြင့်မားတိုးတက်လာစေရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ ရက် နေ့တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ လမ်းညွှန်မှုဖြင့် အမှတ် ၆၀၄/ ၆၀၈ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့နယ်ရှိ အဆောက်အဦသို့ ပြောင်းရွှေ့ရန် စတင်ခဲ့ခြင်းဖြစ်သည်။

ယခုပြောင်းရွှေ့ ဖွင့်လှစ်မည့် ကုန်သည်လမ်းပေါ်ရှိ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦကြီး အား ရှေးမူမပျက် ပြင်ဆင်မွမ်းမံမှုလုပ်ငန်းများကို ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ဗိသုကာပညာရှင်များ၊ အထပ်မြင့်အဆောက်အဦပိုင်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ စာကြည့်တိုက်ပညာရှင် များ ညှိနှိုင်းပေါင်းစပ်ကာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ တွင် လုပ်ငန်းများစတင်ခဲ့ခြင်းဖြစ်သည်။

''အခုလို နှစ်၁၀၀ ကျော် သက်တမ်းရှိတဲ့ ရန်ကုန်
မြို့ပြအမွေအနှစ်စာရင်းဝင် အဆောက်အဦကို စာကြည့် တိုက်အဖြစ်သုံးနိုင်ဖို့ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ဒီအဆောက်အဦက ကြံ့ခိုင်မှု ဘယ်လောက်ရှိသလဲဆိုတာ စမ်းသပ်မှုတွေ အရင်လုပ်ပြီး မှ စနစ်တကျ ပြင်ဆင်ခဲ့တာပါ'' ဟု အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အဆောက်အဦ သည် ဝင်ပေါက် နှစ်ပေါက်၊ အထပ် လေးထပ်ရှိပြီး အထပ် တစ်ခုချင်းစီတိုင်းတွင် ရှေးမူမပျက် လက်ရာများနှင့်အတူ နံရံများပေါ်တွင်လည်း ''ဗဟုသုတနှင့် လူ့စွမ်းအားသည် ခွဲခြား၍မရပေ''၊ '' ပညာဗဟုသုတချဲ့ထွင်ဖို့ စာကြည့်တိုက် ကို သုံးကြစို့''အစရှိသည့် စာကြည့်တိုက်နှင့် သက်ဆိုင် သည့် ဆောင်ပုဒ်များ၊ ''စာဖတ်သောလူမျိုးသည် တိုးတက်၍ တိုးတက်သောလူမျိုးသည် စာဖတ်ကြသည်'' စသည့် မြန်မာနိုင်ငံ၏ အထင်ကရပုဂ္ဂိုလ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ အဆို အမိန့်များ၊ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားထား သည့် ရှေးခေတ်စာဆိုကြီး ဖိုးသူတော်ဦးမင်း၏ ၁၂ လရာသီဘွဲ့ ကဗျာများနှင့် ပန်းများအကြောင်းကို လေ့လာ ဖတ်ရှုနိုင်မည် ဖြစ်သည်။


မြေညီထပ်၏ အပြင်အဆင်ထူးခြားမှု

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အဦ မြေညီထပ်တွင် ပြပွဲများကျင်းပနိုင်သည့် (Exhibition Hall) ခန်းမရှိပြီး ခန်းမ၏ ဝင်ပေါက်ရှေ့တွင် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ အရောင်အသွေးစုံလင်လှသည့် ကျောက်ပြားများကို ရှေးမူလက်ရာမပျက် ထိန်းသိမ်းကာ ခင်းကျင်းထားမှုကလည်း စာကြည့်တိုက်သို့ လာရောက် သူတို့အတွက် ထူးခြားမှုရသတစ်ခု ရရှိစေမည်ဖြစ်သည်။

ထို့အပြင် မြေညီထပ်တွင် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၏ ကိုယ်ပိုင် Data Center ရှိပြီး စာကြည့်တိုက် တွင် ခေတ်အဆက်ဆက် စုဆောင်းထားရှိသော စာအုပ်မျိုးစုံ၊ စာနယ်ဇင်းများကို Mobile Shelves များဖြင့် သိမ်းဆည်း ထားသည့် စာအုပ်စင်ခန်းများကလည်း စနစ်တကျရှိလှသည်။

မြေညီထပ်မှတစ်ဆင့် စာကြည့်တိုက် အထပ် တစ်ထပ်ချင်းစီသို့တက်ရာတွင်လည်း ရိုးရိုးလှေကားနှင့် ဓာတ်လှေကားတို့ကို အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည့် အပြင် ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အဆောက်အဦ အပြင်ဘက်တွင်လည်း ဝှီးချဲလမ်းကိုပါ ထည့်သွင်း စီစဉ်ပေး ထားပြန်ရာ မသန်စွမ်းသူများအတွက် သက်သောင့်သက်သာ သွားလာနိုင်မည် ဖြစ်သည်။

စာကြည့်တိုက်၏ ပထမထပ်အပြင်အဆင်

အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အဆောက်အဦ ပထမထပ်တွင် ပြည်တွင်း၊ ပြည်ပ အစည်းအဝေးများ ကျင်းပနိုင်သည့် လူဦးရေ ၂၅၀ ဆံ့ နိုင်ငံတကာအဆင့်မီ ခန်းမတစ်ခုအပါအဝင် စာကြည့်တိုက် လာရောက်သုံးစွဲ သူများအတွက် Multi Media Room တွင် ခေတ်မီသတင်း အချက်အလက် နည်းပညာများကို အသုံးပြု၍ နိုင်ငံတကာမှ ထုတ်ဝေသော ပညာရပ်နယ်ပယ်အသီးသီးမှ စာအုပ်၊ စာနယ်ဇင်းများ၊ သုတေသနစာတမ်းများကို အွန်လိုင်းတွင် အလွယ်တကူ လေ့လာနိုင်မည့်အပြင် ဘာသာစကား လေ့လာလိုသူများအတွက်လည်း Self –Study လုပ်နိုင်မည် ဖြစ်သည်။ ထို့အပြင် Digital Library တွင် Online data base များအပြင် အမျိုးသားစာကြည့်တိုက်ရှိ စာစုများကိုပါ အွန်လိုင်းတွင် ဖတ်ရှုနိုင်ရန် စီစဉ်ထားရှိသည်။

ထို့အပြင် အကြောင်းအရာအမျိုးမျိုး ကိုယ်တိုင်ရှာဖွေ လိုသူများအတွက် လူဦးရေ ၁၀ဝခန့် တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မည့် Digital Library ထားရှိပေးထားပြီး အွန်လိုင်းအသုံးပြုကာ အမျိုးသားစာကြည့်တိုက်ရှိ သိလို သမျှ စာအုပ်စာပေများကို ရှာဖွေဖတ်ရှုနိုင်ရန် စီစဉ်ထား သည်မှာလည်း ခေတ်မီနည်းစနစ်များဖြင့် စာပေလေ့လာ ချင်သူများအတွက် အဆင်ပြေစေမည်ဖြစ်သည်။


စာကြည့်တိုက်၏ ဒုတိယထပ်အပြင်အဆင်

ဒုတိယထပ်တွင် စာကြည့်တိုက် လာရောက်သုံးစွဲသူ များ လွတ်လွတ်လပ်လပ် သက်သောင့်သက်သာ စာပေ ဖတ်ရှုနိုင်သည့် နေရာများ၊ စာကြည့်တိုက်တွင် စုဆောင်း ထားရှိသည့် တစ်နှစ်အတွင်းထွက်ရှိသည့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ထွက်ရှိခဲ့သည့် မြန်မာ၊ အင်္ဂလိပ် ဘာသာရပ်ဆိုင်ရာ စာအုပ် စာပေများ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများကို စင်ဖွင့် စနစ်ဖြင့် ထားရှိသည့် အထွေထွေစာဖတ်ခန်းကို မြင်တွေ့ ရမည်ဖြစ်သည်။

''စင်ဖွင့်စနစ်ဆိုတာ ဘယ်စင်မှာ ဘာစာအုပ်၊ ဘယ်နံပါတ်က ဘာစာအုပ်ဆိုပြီး ရေးပြီး ကပ်ထားတာ ရှိတယ်။ စာဖတ်ချင်သူက သူ့ဟာသူ စာအုပ်စင်ကိုသွားပြီး ကြိုက်နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ဖတ်ရှုနိုင်မှာ ဖြစ်ပါ တယ်။ စင်ပေါ်မှာရှိတဲ့ စာအုပ်တွေကို စာမြည်းလို့လည်း ရပါတယ်'' ဟု ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။
ဒုတိယထပ်ရှိ ရည်ညွှန်းစာဖတ်ခန်းတွင် ရည်ညွှန်း စာအုပ်များအပြင် မြန်မာနိုင်ငံအကြောင်း မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ဝေထားသော စာအုပ်၊ စာတမ်းများ၊ အစိုးရဌာနများမှ ထုတ်ဝေထားသော စာအုပ်များ၊ တိုင်းရင်းသားဘာသာစကားကို လေ့လာ လိုသူများ၊ ကိုယ်တိုင်တတ်ကျွမ်း၍ ဖတ်ရှုလိုသူများ အတွက် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေထားသော စာအုပ်များ၊ ကုလသမဂ္ဂကထုတ်ဝေသည့် စာအုပ်များ၊ အာဆီယံနိုင်ငံများအကြောင်း ရေးသားထားသော စာအုပ် များ၊ နိုင်ငံခြားဘာသာစကား အမျိုးမျိုးဖြင့် ရေးသားထား သည့် စာအုပ်များကိုလည်း စင်ဖွင့်စနစ်ဖြင့် ထားရှိပေး ထားရာ စာဖတ်သူများအနေဖြင့် လွတ်လပ်စွာလေ့လာ ဖတ်ရှုခွင့်ရမည်ဖြစ်သည်။ သို့ရာတွင် ရည်ညွှန်းစာဖတ်ခန်း မှ စာအုပ်များကို ပြင်ပသို့ ငှားရမ်းခွင့်ပြုမည်ကား မဟုတ်ပေ။

ထိုဒုတိယထပ်မှာပင် စာဖတ်ခန်းများကို ကျော်လွန် ပြီး ရှေ့ဆက်သွားမည်ဆိုပါက အမျိုးသားစာကြည့်တိုက်မှ အပြည့်စုံဆုံးဖြစ်အောင် စနစ်တကျ လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည့် ၁၉၄၈ ခုနှစ် မတိုင်မီက ထွက်ရှိခဲ့ သည့်စာအုပ်များ၊ ၁၉၆၂ ခုနှစ် မတိုင်ခင်က ထွက်ရှိခဲ့ သည့် စာနယ်ဇင်းများ၊ ကင်းဝန်မင်းကြီးပေစာစု၊ ပုဂံ ဝန်ထောက် ဦးတင်ပေစာစု၊ ဘားနာဒ်ပေစာစုအစရှိသည့် ပေ၊ ပုရပိုက်များ၊ လက်ရေးစာများ၊ မြန်မာနိုင်ငံတွင် ပထမဆုံးထွက်ရှိ ခဲ့သည့် THE MAULMAIN CHRONICLE သတင်းစာ၊ မင်းတုန်းမင်းလက်ထက်က ထုတ်ဝေခဲ့သည့် ရတနာပုံ နေပြည်တော်သတင်းစာအပါအဝင် ခေတ် အဆက်ဆက် ထွက်ရှိခဲ့သည့်သတင်းစာများ၊ ရှားပါး စာအုပ်စာပေများ၊ စာနယ်ဇင်းများစသည့် သုတေသန ပညာရှင်များအတွက် လွန်စွာတန်ဖိုးကြီးသော မူရင်း အထောက်အထားများကို သူ့အကန့်နှင့်သူ စနစ်တကျ သိမ်းဆည်းထိန်းသိမ်းထားသည်ကို တွေ့ရမည်ဖြစ်သည်။

''ဒါတွေက မငှားဘူး။ ဒီမှာပဲ ဖတ်ရမယ်။ များသော အားဖြင့် ကွန်ပျူတာမှာ Digital Format ပြောင်းထား ပြီးသားတွေကိုပဲ ဖတ်လို့ရမယ်။ အဲဒါတွေကို သုတေသန သမားတွေ မူရင်းအထောက်အထားတွေကြည့်ဖို့လိုမယ် ဆိုမှ မူရင်းအထောက်အထားတွေပြမယ်။ ဒီအတိုင်းဆို ထုတ်ပေးမှာမဟုတ်ပါဘူး''ဟု ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။
ထို့အပြင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) အတွင်း ရှိစာအုပ်များကို (Radio-Frequency Identification) ခေတ်မီအချက်ပြ လုံခြုံရေးနည်းစနစ်ထည့်သွင်းထားပြီး ပြင်ပသို့ အလွယ်တကူယူဆောင် မသွားနိုင်ရန် စီစဉ် ထားကြောင်း သိရသည်။

ကလေးငယ်များ နှစ်ခြိုက်စေမည့် တတိယထပ်အပြင်အဆင်
ကလေးများ စာကြည့်တိုက်နှင့် ရင်းနှီးစေရန်နှင့် စာဖတ်ခြင်းအလေ့အကျင့် ပျိုးထောင်ပေးရန် ရည်ရွယ်၍ ထည့်သွင်းထားသည့် အမျိုးသားစာကြည့်တိုက်(ရန်ကုန်) ၏ တတိယထပ်ရှိ ကလေးစာကြည့်တိုက်ခန်းမအတွင်း  ကလေးကြိုက် စာအုပ်စာပေများဖြစ်သည့် ကာတွန်း စာအုပ်များ၊ ပုံပြင်စာအုပ်များသာမက ဆေးရောင်စုံ ပန်းချီများ၊ အရောင်အသွေးစုံလင်လှသော ဆိုဖာထိုင်ခုံ လှလှလေးများ၊ ကလေးကစားစရာ ရိုးရာအရုပ်လေးများ ခင်းကျင်း ပြင်ဆင်ထားမှုများနှင့်အတူ ကပ်လျက် အခန်းရှိ ကလေးငယ်များအတွက် ပုံပြင်ပြောခန်းကို ထည့်သွင်းစီစဉ်ပေးထားမှုကလည်း စာကြည့်တိုက်သို့ ကလေးငယ်များအား လာချင့်စဖွယ်ဖြစ်အောင် ဖိတ်ခေါ် နေသလိုပင်။

''ကလေးတွေပျော်ရွှင်အောင်၊ စာကြည့်တိုက်နဲ့ ရင်းနှီးအောင် ကလေးတွေ ဒီကိုလာရင် စာဖတ်တာချည်းပဲ မဟုတ်ဘဲ ကလေးတွေအတွက် ကစားစရာတွေ အစုံပါ တယ်။ စာကြည့်တိုက်က သူတို့ သွားနေကျ၊ လာနေကျ နေရာလိုမျိုး ဖြစ်စေချင်တယ်။ အဓိက စာကြည့်တိုက်နဲ့ ရင်းနှီးပြီး စာဖတ်တဲ့ အလေ့အကျင့်တွေ ပါသွားစေချင် တာ'' ဟု ညွှန်ကြားရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။

မသန်စွမ်းသူတို့အတွက် စာဖတ်ခန်း

စာကြည့်တိုက် တော်တော်များများ၌ တွေ့ရခဲသည့် မသန်စွမ်းစာဖတ်ခန်းတစ်ခုကို အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းချက်ရှိသူများအတွက် မသန်စွမ်းအဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်ကူညီမှု၊ အကြံပေးချက်များကို ရယူကာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ထည့်သွင်းဆောင်ရွက်ပေးထားသည်။

အဆိုပါ မသန်စွမ်းစာဖတ်ခန်းတွင် မျက်မမြင်စာပေ ဖြင့် ရေးသားထားသည့် ဗဟုသုတဖြစ်ဖွယ်၊ စိတ်အား တက်ကြွဖွယ် စာအုပ်စာပေမျိုးစုံ ထားရှိပေးထားပြီး စာပေလေ့လာဖတ်ရှုနိုင်ရန် အသံ File စာအုပ်များ စီစဉ် ထားရှိပေးထားရာ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းချက် ရှိသော်လည်း စာဖတ်ဝါသနာပါသူတို့အတွက် များစွာ စိတ်ကျေနပ်မှုရရှိစေမည်မှာ အမှန်ပင်ဖြစ်သည်။

''မသန်စွမ်းအဖွဲ့အစည်းတွေက အစပိုင်းမှာ လာကူညီကြမှာ ဖြစ်ပါတယ်။ အမြင်အာရုံ ချို့ယွင်းချက် ရှိသူတွေအတွက် စိတ်အားတက်ကြွစေတဲ့ စာအုပ်တွေ၊ ဂျာနယ်ကျော်မမလေးရဲ့သွေးတို့လို စာအုပ်တွေ၊ ပုံပြင် တွေ မျက်မမြင်စာပေနဲ့ပြန်ရေးထားတာ ရှိတယ်။ အဲဒါ မျိုးတွေ စုဆောင်းပေးထားတယ်၊ စာကြည့်တိုက်ဘက်က တတ်နိုင်တဲ့ဘက်က ပုံဖော်ပေးထားတာပါ''ဟု ညွှန်ကြား ရေးမှူး ဒေါ်ရီရီထွေးက ပြောသည်။
ထိုအထပ်တွင်ပင် ဘွဲ့လွန်စာကြည့်တိုက် ဒီပလိုမာ သင်တန်းအခန်း၊ ရက်တိုသင်တန်းများ ဖွင့်လှစ်နိုင်သည့် သင်တန်းခန်းများနှင့် သီးသန့်အုပ်စုလိုက် ဆွေးနွေး နိုင်မည့် အထူးစာဖတ်ခန်းများ ပါဝင်မည်ဖြစ်ပြီး ခေါင်မိုးထပ်တွင် စာဖတ်ရင်း ရန်ကုန်မြို့၏ အလှအပ၊ မြင်ကွင်းများကို ကြည့်ရှုခံစားနိုင်မည့် ကော်ဖီဆိုင်တစ်ခုကို လည်း ဖွင့်လှစ်ရန် စီစဉ်နေဆဲဖြစ်သည်။

မကြာမီဖွင့်လှစ်တော့မည့် အမျိုးသားစာကြည့်တိုက် (ရန်ကုန်)ကို မြန်မာနိုင်ငံသား မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ပြီး အမျိုးသားစာကြည့်တိုက်တွင် စာပေ
ဖတ်ရှုလိုပါက စာကြည့်တိုက်၏ မှတ်ပုံတင်ဌာနစိတ် (Information Desk) တွင် အထောက်အထား ကတ်ပြား တစ်ခုခုကိုပြ၍ စာရင်းသွင်းရမည်ဖြစ်သည်။ ဧည့်နိုင်ငံ သား (သို့မဟုတ်) နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူး လက်မှတ်၊ ဧည့်နိုင်ငံသားလက်မှတ်ပြ၍ စာရင်းသွင်း ရမည်။ အသက် ၁၂ နှစ်အောက် ကလေးစာဖတ်သူများ သည် အုပ်ထိန်းသူတစ်ဦးဦးနှင့်အတူ လာရောက်ဖတ်ရှု နိုင်မည် ဖြစ်သည်။

အဆိုပါ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် စာအုပ်စာတမ်းများ၊ စာနယ်ဇင်းမဂ္ဂဇင်း၊ စာစောင်များ၊ ပေ၊ ပုရပိုက်များ၊ လက်ရေးစာ ရှားပါးစာစုများ စုဆောင်း ထားရှိပြီး စာကြည့်တိုက်တွင် ဖတ်ရှုနိုင်အောင် စီစဉ် ပေးထားခြင်း၊ တချို့စာအုပ်များအား ငှားရမ်းခွင့်ပြုခြင်း၊ သုတေသနနှင့် မှတ်တမ်းထားရှိလိုသူများအတွက် စာကြည့်တိုက်၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခြင်းတို့ဖြင့် စာပေယဉ်ကျေးမှုသမိုင်းဆိုင်ရာ အချက်အလက်များအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဧပြီလ ပထမပတ်တွင် ဖွင့်လှစ်ရန် ကြိုးပမ်းလျက်ရှိ
အသစ်ဖွင့်လှစ်ရန် ပြင်ဆင်မွမ်းမံနေသည့် အမျိုးသား စာကြည့်တိုက်(ရန်ကုန်)၏ ပြင်ဆင်မွမ်းမံမှု အပိုင်းများ သည်လည်း ပြီးဆုံးတော့မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ ပထမပတ်တွင် ဖွင့်လှစ်ရန်ကြိုးပမ်းလျက်ရှိရာ ရန်ကုန်မြို့ ၏ မြို့ပြအမွေအနှစ်စာရင်းဝင် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ သမိုင်းဝင် အဆောက်အဦကြီးထဲတွင် ရှေးမူလက်ရာမပျက် ပြင်ဆင်ထားသည့် ဗိသုကာလက်ရာ များနှင့်အတူ ခေတ်မီလေအေးပေးစက်များ တပ်ဆင် ထားသည့် စာဖတ်ခန်းများတွင် စိတ်လက်အပန်းဖြေ အနားယူရင်း စာပေ၊ ယဉ်ကျေးမှု၊ သမိုင်းဆိုင်ရာ အမွေအနှစ်များ ဗဟုသုတဖြစ်ဖွယ်ရာ အချက်အလက် များကို လေ့လာခွင့်ရရှိနိုင်တော့မည်ဖြစ်သည်။

အမျိုးသားစာကြည့်တိုက် (ရန်ကုန်)မှ ညွှန်ကြား ရေးမှူး ဒေါ်ရီရီထွေးက ''အမျိုးသားစာကြည့်တိုက်က နိုင်ငံကို ကိုယ်စားပြုပါတယ်။ မြန်မာနိုင်ငံသားအားလုံး အသက်အရွယ်၊ ပညာအရည်အချင်း မခွဲခြားပါဘူး။ မည်သူမဆို အမျိုးသားစာကြည့်တိုက်ကို လာရောက် အသုံးပြုကြဖို့ ဖိတ်ခေါ်ပါတယ်''ဟု စကားဆိုသည်။



No comments:

Post a Comment