နေပြည်တော် မတ် ၆
ဘဏ္ဍာနှစ်အလိုက် လျာထားသတ်မှတ်ထားရှိသည့် စီမံကိန်းလုပ်ငန်းများ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ဘဏ္ဍာငွေကြေး လေလွင့်ဆုံးရှုံးမှုမရှိစေရန် ပြဋ္ဌာန်းသတ်မှတ်ထားသော ဥပဒေလုပ်ထုံးလုပ်နည်း မူဝါဒ များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း ယမန်နေ့ နံနက် ၁၁ နာရီက နေပြည်တော် ရုံးအမှတ်(၃၆) အစည်း အဝေးခန်းမ၌ ကျင်းပသည့် မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ပြောသည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ အကျိုး အကောင်းဆုံးသယ်ပိုးရွက်ဆောင်နိုင်ရန် မိမိ ကိုယ်ကိုကောင်းအောင် ပြုစုပျိုးထောင်ကြရန်လိုကြောင်း၊ လူထု၏လိုအပ်ချက်ကို ထဲထဲဝင်ဝင်သိရှိနိုင်ရန် လူထုနှင့် ထိတွေ့ခြင်း၊ တွေ့ကြုံနေကြရသည့် အခက်အခဲများကို တိုင်ပင်ဆွေးနွေးအဖြေရှာခြင်း၊ ကြိုးစားကူညီပေးခြင်း စသည့် ကောင်းမြတ်သော လုပ်ငန်းသဘာဝများ ဖော်ဆောင်ကြိုးပမ်းကြစေလိုကြောင်း၊ တိရစ္ဆာန်မှ လူသို့ ကူးစက်ရောဂါနှင့် ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာများကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဦးစီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အစွမ်းကုန်ကြိုးစားအားထုတ်ကြရမည်ဖြစ် ကြောင်း၊ မွေးမြူထုတ်လုပ်မှုဆိုင်ရာ ကိန်းဂဏန်းများ ကောက်ယူသုံးသပ်ခြင်း၊ မျိုးရင်းများ ထိန်းသိမ်းခြင်း၊ ဈေးကွက်နှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ပိုမိုမွေးမြူထုတ်လုပ်နိုင်ရန် လိုအပ်သောအစာ၊ မျိုးနှင့် စားကျက်မြေများ လုံလောက်စွာရရှိရေးအတွက် သုတေ သနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မေထုန်မဲ့ သားစပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေခြင်း၊ ရန်ပုံငွေ ရှာဖွေခြင်း၊ နည်းပညာဖြန့်ဖြူးခြင်း၊ တိရစ္ဆာန်ကျန်းမာရေး စစ်ဆေးမှု၊ တိရစ္ဆာန်ရောဂါထိန်းချုပ်ဇုန်နှင့် တိရစ္ဆာန်ရောဂါ စောင့်ကြည့်ထိန်းသိမ်းရေးစခန်းများ ထူထောင်နိုင်ရန် လိုအပ်သည့် ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ခြင်း၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ ဝယ်ယူဖြည့်တင်းခြင်း၊ သင်တန်းများ ပို့ချခြင်း၊ သုတေသနကို အခြေခံသည့် လုပ်ငန်းစီမံချက်များ ချမှတ် ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ်အဆင့်တိုင်းတွင် ပြန်လည် သုံးသပ်စစ်ဆေးအကဲဖြတ်ခြင်း (M&E process)တို့ကို ပြည့်စုံစွာထည့်သွင်းဆောင်ရွက်မှသာ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင် မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက ဘဏ္ဍာနှစ် အလိုက် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက် ဆောင်ရွက်ပြီးစီးခဲ့ သည့်် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း ဆိုင်ရာများ၊ လက်ရှိဆောင်ရွက်လျက်ရှိသော မွေးမြူ ထုတ်လုပ်မှုကဏ္ဍနှင့် ရောဂါထိန်းချုပ်ရေးကဏ္ဍအသီးသီးမှ လုပ်ငန်းစဉ်များ၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ရလဒ်များနှင့် ကိုက်ညီမှုများကို ဆွေးနွေးသုံးသပ်ကြသည်။
ယင်းနောက် မတ် ၄ ရက်တွင် ကျင်းပသည့် စာတမ်း ဖတ်ပွဲ၏ ဆုရစာတမ်းရှင်များကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံရေးအပြင် ပြည်ပပို့ကုန် မြှင့်တင် နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများသို့ ကျွဲနွားများ တရားဝင်တင်ပို့ခြင်းမှ နိုင်ငံတော်ဘဏ္ဍာငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့နှင့် “မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ မည့် ကျွဲနွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေးလိုအပ်ချက်များ အစီအမံ”ကို လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ မွေးမြူရေးဆိုင်ရာ အရင်းအမြစ်များ ထိန်းသိမ်းနိုင်ရန် ကျွဲ၊ နွားမှတ်ပုံတင်ခြင်းစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment