Monday, March 9, 2020

နန္ဒာရေဝန်းရံခစေတဲ့ လက်ကျန်ပုံရိပ်များ





ဆူးငှက်
-----------

“နန္ဒာရေဝန်းရံခ၊
ပတ်လည်မှာ . . . ရွှေမန်းတောင်တော်သာ
အို . . . ဆန်းပါလှ၊ 
မြို့နန်းဝတိံသာ”တဲ့။
“မန်းတောင်လကျ်ာ” ယိုးဒယားကြီးမှာ မန္တလေးကို
စာဆိုက အဲဒီလို ဖွဲ့ဆိုခဲ့တယ်။ 
“နန္ဒာရေဝန်းရံခ” တဲ့။

ကောင်းဖို့ရွယ်သောခေတ်ကို
ဧရာဝတီမြစ်ကြီးရဲ့ အရှေ့ဘက်ကမ်းမှာ တည်ထားတဲ့ မန္တလေးမြို့ဟာ တောင်ဘက်မှာက တောင်သမန်အင်းကြီး ရှိတယ်။ အနောက်ဘက်မှာ တက်သေးအင်း . . .။ (အခု တော့ မန္တလေး ကန်တော်ကြီးဟု သုံးစွဲခေါ်ဝေါ်နေပါတယ်)  အရှေ့တောင်မှာက       ဇောင်းကလောကန်ကြီးရှိတယ်။ အရှေ့ဘက်တစ်ကြောကြီးက     မင်းရှင်စောရဲ့    အောင် ပင်လယ်ကန်တော် ။ အောင်ပင်လယ်ကန်က တောင်ဘက် ဗိုလ်တက်ကုန်းမှသည်   ဟိုး . .မြောက်မန္တလေးတောင် အရှေ့ဘက်အထိ  ရှိမှာပေါ့။ မြောက်ဘက်မှာက နန္ဒာကန် ရှိတယ်။
အဲဒီအခါက  ကောင်းကင်မှ  နတ်ကြည့် ကြည့်ရင် မန္တလေးဆိုတာ လေးဘက်လေးတန် ရေဝိုင်းရံခနေပေ လိမ့်မယ်။    နောက်တော့    အင်္ဂလိပ်အစိုးရခေတ်မှာ အောင်ပင်လယ်ကန်က   ရေတွေကို   ဖောက်ထုတ်ပြီး လယ်တွေ ဖော်ထုတ်စိုက်ပျိုးစေခဲ့တယ်။ ဒါကြောင့်လည်း နန်းတော်ရှေ့ဆရာတင်က . . .၊
“ တကယ် တောအစစ်ကဲ့သို့ . . .
အခုတော့ လယ်တောဖြစ်လို့ . . .
ကောင်းဖို့ရွယ်သောခေတ်ကို . . .
အထူးပင် မျှော်မိတယ် . . .”လို့ စပ်ဆိုခဲ့တာပေါ့။

ရာသီဥတုသပ္ပာယဖြစ်ရေး
ဘာထူးမှာလဲ၊ မြောက်ဘက်နန္ဒာကန်ကြီးကလည်း လယ်ကွင်းပြင်ကြီး ဖြစ်သွားတယ်။ မြနန္ဒာကွင်းတဲ့။ ရှေးယခင်ကတည်းက မန္တလေးက မိုးနည်းခဲ့တယ်။ နှစ်စဉ် “မိုးဆက်သ”နေကျ မုတ်သုံသည်ပင်လျှင် ဟိုး...အနောက် ရခိုင်ရိုးမကြီးကို ကျော်ဖြတ်ပြီးတဲ့အခါ ဧရာဝတီမြစ်ဝှမ်း လွင်ပြင်မှာ အားအင်ချည့်နဲ့သွားပြီး သူ့မိုးလက်ဆောင် ပေး နိုင်စွမ်းက အနိုင်နိုင်ဖြစ်နေကျ။ ဒါကြောင့် မန္တလေးမြို့ တည် ဗိသုကာကြီးတွေက ရာသီဥတုသပ္ပာယဖြစ်ရေး အတွက် မြို့ပတ်လည် သဘာဝကန်၊ လက်လုပ်ကန်များဖြင့် ဝေစည်ခဲ့ခြင်းဖြစ်ရုံမက မြို့တွင်းမှာလည်း ရွှေမြို့တော် ကြီးကို အကျယ် တာ ၂၀ဝ၊ အနက် တာ ၂ဝ ရှိတဲ့ ရေကျုံး ကြီးနဲ့ ပတ်ရံတယ်။ ထိုထိုသော အင်းအိုင် ကန်ချောင်း ဆည်မြောင်းတွေက မြောင်းကြီး မြောင်းငယ် အသွယ် သွယ်တွေနဲ့ မြို့ကို   အရှေ့အနောက်  တောင်မြောက် ကန့်လန့်ဖြတ်ကာ ရေသွင်းရေထုတ်လည်း ပြုလုပ်ပေးခဲ့ ၏။ ထို့ကြောင့် မည်သို့သော မိုးနည်းရပ်ဝန်းဖြစ်ခဲ့သော်ငြား မန္တလေးသည် ရေမလပ်၊ ရေမပြတ်ခဲ့ပါဘူး. .။

ရတနာနဒီမြစ်တော်
မြို့တည် နန်းတည် သတ္တဌာန အပါအဝင်ဖြစ်တဲ့ ကျုံးတော်ထဲကို ရတနာနဒီမြစ်တော်က ရေကို ပေးသွင်း စေပါတယ်။ ရတနာနဒီမြစ်တော်ဆိုတာ ရွှေလောင်း မြောင်းကနေ ရေသွယ်ယူပြီး မန္တလေးတောင်အရှေ့ဘက် ဘုန်းတော်တိုး အရပ်ကနေ တောင်ဘက် သိုးခြံအရပ် ရောက်အောင် မင်းတုန်းမင်းကြီးလက်ထက်မှာ တူး ဖောက်ခဲ့တဲ့ မြောင်းဖြစ်ပါတယ်။ မြစ်ကြီးလိုကျယ်လို့ ရတနာနဒီမြစ်တော်လို့ခေါ်တွင်ခဲ့တယ်။ 
ရတနာနဒီမြစ်တော်ဘွဲ့ကို ရေးသားဆက်သွင်းခဲ့တဲ့ ဦးပုညကို ပိုးသား ပုဆိုး ၂၊ ခါသာခေါင်းအုပ် ၁၊ သုံးရာတန် စိန်လက်စွပ် ၁ ဆုတော် ပေးသနားခဲ့ပါတယ်။ မူလ ရွှေလောင်းမြောင်းကိုလည်း ရတနာနဒီလို့ ခေါ်တွင်စေခဲ့ပါ တယ်။ မင်းတုန်းမင်းလက်ထက် တူးဖောက်တဲ့ ရတနာနဒီ နဲ့ ရွှေလောင်းမြောင်းကို ဆက်သွယ်ပေးတာ ရွှေကျင် ချောင်း ဖြစ်ပါတယ်။ မူလက နှမ်းကြဲအရှေ့ဘက် စမ်းကျ ရေတံခွန်က စီးဆင်းလာတဲ့ ရေကျမြောင်းဟောင်းဖြစ် မယ်လို့ ယူဆရပါတယ်။
ရတနာနဒီထဲက ရေကို ကျုံးထဲစီးဆင်းစေဖို့ ရတနာ နဒီကနေ အခု  သံဃာ့တက္ကသိုလ်တောင်ဘက်၊ ရွှေ ကျောင်းကြီးနဲ့ အတုမရှိကျောင်းကြီးရဲ့တောင်ဘက်၊ အလုပ်သမား ဆေးရုံတောင်ဘက်၊ အခု ၁၄ လမ်း မြောက် ခြမ်းကနေ အနောက်ဘက်ကျုံးထဲကို မြောင်းဆက်သွယ် ဖောက်လုပ်ခဲ့ပါတယ်။   မြို့တည်ကတည်းက   ရှိခဲ့တဲ့ ရှေးဟောင်းမြောင်းကြီးပါပဲ။

မန္တလေးတူးမြောင်း
အင်္ဂလိပ်အစိုးရလက်ထက် ဆည်တော်ကြီးဆည်ကို အသစ်တည်ဆောက်ပြီး ဆည်တော်ကြီးကနေ ရွှေစာရံ အနောက်ဘက် မုံပင်လျှိုအထိ ၄၂ မိုင်ရှည်တဲ့ မန္တလေး တူးမြောင်းကြီးကို ၁၉၀၂ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်။ တမုဆိုး၊ ကံရိုး၊ ရေပုတ်အနီး မိုင် ၄ဝ ရှိတဲ့နေရာကို အစွဲပြုပြီး မိုင် ၄ဝ ရွာဆိုတာ ရှိပါတယ်။ဆည်တော်ကြီးကနေ ရွှေစာရံ အနောက်ဘက် မုံပင်လျှိုအထိ ၄၂ မိုင်ရှည်တဲ့ မြောင်းဖြစ်တာမို့ မန္တလေးလွင်ပြင်အတွင်းက လယ်ကွင်း တွေထဲကို နေရာအလွတ်အလပ် မရှိအောင် ရေပေးနိုင်ခဲ့ပါ တယ်။ မန္တလေးတူးမြောင်းတစ်လျှောက်အနောက်ဘက် ပိုင်း ရေပေးနိုင်တဲ့ ပြွန်ပေါက်များမှာ ဆိပ်သာ ၅ လုံး ပြွန်၊ လက်ကောင်း အလယ်ဘုံ၊ ထန်းပင်ကုန်း၊ ကဘဲ့၊ လွန် တောင်း၊ နန္ဒာ၊ ကျောက်သံပတ်၊ ပုသိမ်ကြီး၊ ရန်ကင်း တောင်၊ ရေကြည်၊ ဝါခင်းကုန်း၊ ကျောက်မီး၊ တံတိုင်းရှည်၊ တမုဆိုး၊ ကင်းဘက် ရေပြွန်များကနေ လယ်ကွင်းတွေကို ရေပေးပါတယ်။
မန္တလေးတူးမြောင်းကြီးဟာ ကလက်မက်ချောင်းရဲ့ အပေါ်ကနေ ရေတံလျှောက်ကြီးခင်းပြီး ဖြတ်စီးပါတယ်။ ရုံးပင်နေရာမှာ  ရေတံလျှောက်ကြီး  တည်ထားတာပါ။ 
ရေတံလျှောက်ကြီးရဲ့    ဘေးဘောင်နှစ်ဖက်ကို       သံနဲ့ လုပ်ထားတာပါ။ ရေတံခါးများ လှဲချဖွင့်သလိုမျိုး လှဲချလို့ ရအောင်   ဘေးဘောင်နှစ်ဖက်ကို    စတီးကြိုး မောင်း ခလုတ်များ တပ်ဆင်ထားပါတယ်။

ဂန္ထဝင် မန္တလေးတက္ကသိုလ်ရဲ့ မေ့မရနိုင်ဖွယ် ပုံရိပ်
မန္တလေးတူးမြောင်း ရေပေးပြွန်ပေါက်တွေထဲက ပုသိမ် ကြီးမြောင်းဟာ ရေနီမြောင်းနာမည်နဲ့ ထင်ရှားရှိခဲ့ပါတယ်။ ရေနီမြောင်းဖြစ်မယ့် ပင်မမြောင်းဟာ အနောက်တောင် ဘက် ဇီးချိုကုန်း၊ မဲခင်းကုန်း၊ နန်းရှေ့သရက်ကုန်းဘက်ကို စီးသွားပါတယ်။ မဲခင်းကုန်းနေရာမှာ ရွှေလောင်းမြောင်း (ဆည်မြောင်းအခေါ်ဒင်္ဂါး)  ပေါ်ကနေဖြတ်ပြီး  စီးဆင်းခဲ့ ပါတယ်။ 

ပုသိမ်ကြီးမြို့ရဲ့မြောက်ဘက်          မြောင်းခွဲကတော့ အနောက်ဘက်တည့်တည့် ကျွဲရေကုန်းရွှေကျင်၊ မတ္တရာ လမ်း အနောက်ဘက် ခံကုန်းလယ်ကွင်းတွေအထိ ရေပေး ပါတယ်။ ကျွဲရေကုန်းအရှေ့ဘက်မှာ ရွှေလောင်းမြောင်းခွဲ နှစ်ခုခွဲထွက်ပါတယ်။ အနောက်ဘက်မြောင်းက ရေစစ် ကန် ကျုံးရေသွင်းမြောင်းဖြစ်ပါတယ်။
တောင်ဘက်ထွက်တဲ့မြောင်းခွဲကတော့ ကံကောက် ဝါခင်းကုန်းဘက်ရောက်အောင် ရေပေးခဲ့ပါတယ်။ ပင်မမြောင်းကတော့ အနောက်တောင်ဘက်ဆက်စီးပြီး ယဉ်ပျံ၊ B.B.O.A၊ ဗန်းမော်တိုက်၊ မန္တလေးတက္ကသိုလ်ဝင်း အတွင်းကနေ တောင်ဘက်တစ်လျှောက် ချမ်းမြသာစည် လေယာဉ်ကွင်းနဲ့ မင်္ဂလာမန္တလေး(စိုက်ပျိုးရေးလေ့ ကျင့်ကွင်း) ကြားအတိုင်း မန္တလေးတိုင်း-လားရှိုးမီးရထား သံလမ်းအထိ စီးဆင်းကာ တောင်ဘက် ဇောင်းကလော ကန်တွင်းမှာ ဆုံးပါတယ်။
အခုလက်ရှိ ကျုံးအတွင်း ရေပေးသွင်းတာကတော့ ဆည်တော်ကြီးရေကို မန္တလေးတူးမြောင်းကနေ ရေနီ မြောင်းကတစ်ဆင့် ရေစစ်ကန်ကိုဖြတ်ပြီး ပေးသွင်းတာ
ပါ။ 
ရေနီမြောင်းဟာ အင်္ဂလိပ်ခေတ် ၁၉၀၂ ခုနှစ် ဆည်တော် ကြီးကနေ မန္တလေးတူးမြောင်းကတစ်ဆင့် ရေပေးဝေရေးမှာ အရေးပါတဲ့ နှစ်ပေါင်း ၁၂ဝ နီးပါး သက်တမ်းရှည် မြောင်း ဖြစ်တာအပြင် ရေတံခါး၊ ရေကျော်၊ ရေပြွန်စနစ်များက လည်း ရှေးဟောင်းစနစ် နည်းနာများအဖြစ် တန်ဖိုးရှိလှ ပါတယ်။ ဒါ့အပြင် အခုအခါ သက်တမ်း ၁၀ဝပြည့်လုနီး ဂန္ထဝင် မန္တလေးတက္ကသိုလ်ရဲ့ မေ့မရနိုင်ဖွယ် ပုံရိပ်တစ်ခု ဆိုလည်း မမှားပါဘူး။

အစဉ်အလာနဲ့ အသစ်တွေရဲ့ ပဋိပက္ခအသွင်

အခုအခါ တိုးတက်များပြားလာတဲ့ လူဦးရေ၊ ခေတ်နဲ့ အညီ ပြောင်းလဲဖွံ့ဖြိုးလာတဲ့ မြို့ပြဝန်းကျင် အနေအထား တွေအရ အချို့သော ဝန်းကျင်တွေကို ဖက်တွယ်ထားလို့ မရတော့ဘဲ ပြောင်းလဲခြင်းမှသည် ဖျက်သိမ်းခြင်းတွေ အထိ ဆောင်ရွက်ကြရပါတယ်။ အထူးသဖြင့် ရှေးဟောင်း မြို့ကြီးတွေမှာ အစဉ်အလာနဲ့ အသစ်တွေဟာ ပဋိပက္ခ အသွင် အမြဲ ပွတ်တိုက်လေ့ ရှိစမြဲပါပဲ။ အရင် မြို့တည် နန်းတည်ကတည်းက ကျုံးထဲ ရေသွင်းခဲ့တဲ့ ၁၄လမ်း၊ ၆၂ လမ်းနဲ့ ၆၆လမ်းကြား ရှေးဟောင်းမြောင်းကြီးနေရာ မြောင်းဖို့ပြီး ညဈေးဖွင့်ဖို့ စီစဉ်နေတော့ ဒီညဈေးဟာ ရှေးဟောင်းမန္တလေးအခင်းအကျင်းမှာ  မန္တလေး ရိုးရာ အစားအသောက်၊ လက်မှုပစ္စည်း၊ ဒေသထွက်ကုန်များ ဦးစားပေးရောင်းချစေပြီး  ပေ  ၂၀ဝ  လောက်ကို   မူလ ရှေးဟောင်းမြောင်းကြီးပုံစံတူ တူးဖော်တည်ဆောက်ကာ မူလက နဒီမြစ်တော်က ကျုံးတွင်းရေသွင်းပုံကို မြေပုံကား ချပ်နဲ့ မှတ်တမ်းတင်ပြသ ဂုဏ်ယူသင့်ပါတယ်။

 အတိတ်မန္တလေးပုံရိပ်တွေ 

အလားတူ တစ်ချိန်က လယ်ရေသွင်းမြောင်းမှသည် နောက်ပိုင်း သုံးရေအဖြစ် တာဝန်ကျေခဲ့ရုံမက နာမည် ကျော် မန္တလေးတက္ကသိုလ်ရဲ့ ရသမြောက်ပုံရိပ်ဖြစ်ခဲ့တဲ့ ရေနီမြောင်းကလည်း ကျုံးရေသွင်းမြောင်းအဖြစ် ၂၂လမ်း အထိပဲ အသုံးပြုနိုင်နေပါတယ်။  ကျန်အစိတ်အပိုင်းတွေ က အခုတော့ ရေဆိုးထုတ်ရန်ပင် အသုံးမဝင်တော့တဲ့ အတွက် အများအတွက် အကျိုးရှိမယ့် လမ်းမကြီးအဖြစ် မြောင်းဖို့ကာ   အသစ်တည်ဆောက်နေရာမှာ   မန္တလေး တက္ကသိုလ်ဝင်းအတွင်း ဖြတ်စီးတဲ့ ရေနီမြောင်းအပိုင်းကို တော့ မူလအတိုင်း ရေရှင်ရေကောင်းစီးတဲ့ မြောင်းပြယုဂ် အဖြစ် နမူနာထားစေချင်ပါတယ်။ အလားတူပါပဲ ရပ်ကွက် မျက်နှာစာမှာစီးဆင်းပြီး      မူလပုံစံမပျောက်သေးတဲ့ အစိတ်အပိုင်းတစ်နေရာ( ဥပမာ - ၅၈လမ်းနဲ့ လမ်း ၆ဝ အကြား၊ ၂၇လမ်းနဲ့ ၂၈လမ်းကြား) မှာ အပန်းဖြေ လူထု နေရာမျိုးနဲ့အတူ အင်္ဂလိပ်ခေတ် ရေနီမြောင်းရဲ့ ရေတံခါး၊ ရေကျော်၊ ရေလွှဲနမူနာပုံစံကို  ရေရှင်ရေကောင်းနဲ့  ပြသ ထားမယ်ဆိုရင် သမိုင်းလည်း မပျောက်စေတဲ့ အတိတ် မန္တလေးပုံရိပ်တွေကို ခံစားမြင်တွေ့ လေ့လာနိုင်မှာပေါ့ ဗျာ။  ။

No comments:

Post a Comment