Tuesday, February 4, 2020

၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် Teaching Assistant များ ခန့်ထားပေးနိုင်ရေး သတ်မှတ်မူများနှင့်အညီ စိစစ်ပြီး ဆက်လက်ဆောင်ရွက်ပေးမည်

Image may contain: 1 person
နေပြည်တော် ဖေဖော်ဝါရီ ၃
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းဖြေကြားခြင်း နှင့် အဆိုတစ်ခုတင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ဦးရွှေလှကြိုင်၏ ကန်ကြီး ထောင့်မြို့တည်ထောင်ခဲ့သည်မှာ (၂၄)နှစ်ကြာပြီဖြစ်သော်လည်း မြေပေးမိန့် ရရှိချိန်မှစ၍ ယနေ့အထိ နှစ်ပေါင်း (၂၀)အတွင်း နေအိမ်ဆောက်လုပ်နေထိုင်မှု မရှိသေးသော မြေကွက်ရယူထားသူများအား တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ပေးရန်နှင့် မြေပေးမိန့်မချရသေးသော မြေကွက် များစွာကျန်ရှိရာ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအား ပြည်ထောင်စုအစိုးရမှ ဖိတ်ခေါ်လမ်းညွှန်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးညီထွန်းက ကန်ကြီးထောင့်မြို့တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း (၂၄)နှစ်ကြာမြင့်နေပြီဖြစ်သော်လည်း မြေပေးမိန့်ရရှိချိန်မှစ၍ ယနေ့အထိနှစ်ပေါင်း (၂၀)အတွင်း နေအိမ်ဆောက်လုပ်နေထိုင်ခြင်းမရှိဘဲ မြေကွက်ရယူထားသူများအား ယနေ့အထိ အရေးယူဆောင်ရွက်ထားခြင်းမရှိသေးသော်လည်း အဆောက်အဦ တည်ဆောက်ခြင်းမရှိသေးသည့် ပြည်သူများကို မိမိပိုင်မြေများတွင် အဆောက် အဦများ ပြန်လည်တည်ဆောက်ရန်အတွက် မြို့မြေချထားရေးအဖွဲ့မှ ထပ်မံ အသိပေးအကြောင်းကြားခြင်း၊ မြေပေးမိန့်မရှိသေးလျှင်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ပြီး ထုတ်ယူရန် အကြောင်းကြားထားခြင်းများ ပြုလုပ်ထားပါကြောင်း။
ကန်ကြီးထောင့်မြို့နယ်တွင် မြို့မြေချထားစဉ်က အကွက်(A)၊ အကွက်(B)၊ အကွက်(C)ဟု ဘလောက် (၃)ခုသတ်မှတ်ခဲ့ပါကြောင်း၊ အကွက် (B) နှင့် အကွက် (C) ရှိ တောင်သူများအား မြေလျော်ကြေးပေးခဲ့သော်လည်း အကွက်(A)မှ တောင်သူများအား မြေလျော်ကြေးပေးမှုမရှိသေးပါကြောင်းနှင့် မြေလျော်ကြေး မရရှိသေးသော အကွက် (A) ဧရိယာတွင် မြို့မြေသိမ်းဆည်းစဉ်က ပါဝင်သော မူလပိုင်ရှင်တောင်သူများက မူရင်းလယ်ကွက်များတွင် သီးနှံစိုက်ပျိုး လုပ်ကိုင်လျက်ရှိသဖြင့် မြေပေးမိန့်မချရသေးသော မြေကွက်များစွာ ကျန်ရှိနေခြင်းဖြစ်ပါကြောင်း၊ ထိုအကွက်များနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်မည်ဆိုပါက သက်ဆိုင်ရာတောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု(ခ)ဦးတင်နုအောင်၏ မာန်အောင် မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားရန်လိုအပ်လျက်ရှိသော ဆရာ ဆရာမများအား ခန့်ထားပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အတွက် Teaching Assistant (TA) များ ခန့်ထားပေးနိုင်ရေးအတွက် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာနမှ စိစစ်ပြီး လျှောက်လွှာများ ထပ်မံရောက်ရှိ လာချိန်တွင် သတ်မှတ်မူများနှင့်အညီ စိစစ်ပြီး ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ထနောင်းကုန်း အခြေခံပညာမူလတန်းလွန်ကျောင်းမှ အခြေခံပညာ အလယ်တန်းကျောင်းခွဲအဖြစ်သို့ တိုးမြှင့်နိုင်ရေး ၂၀၂၀-၂၀၂၁ ပညာ သင်နှစ် ကျောင်းအဆင့်တိုးမြှင့်ခြင်းများဆောင်ရွက်ချိန်တွင် စိစစ် ဆောင်ရွက်ပေးမည်
ပခုက္ကူမဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ပခုက္ကူမြို့နယ် တင်းဂါတ်ကျေးရွာအုပ်စု ထနောင်းကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းမှ အခြေခံပညာအလယ်တန်း ကျောင်းခွဲအဖြစ်သို့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အမီ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ထနောင်း ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းသည် ကျောင်းသက်တမ်းအဆင့် နှစ် ၃၀ ခန့်ရှိပြီဖြစ်ပါကြောင်း၊ ကျောင်းသားဦးရေအနေဖြင့် ၁၉ ဦးသာ ရှိသော်လည်း ထိုကျောင်းသားဦးရေပြည့်မီခြင်းမရှိသည့်အတွက် အဆင့်တိုး မပေးပါက ကျောင်းသား ကျောင်းသူများအနေဖြင့် အခွင့်အလမ်းများရရှိမည် မဟုတ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအနေဖြင့်လည်း အနီးဆုံးကျောင်းနှင့် ၉ မိုင် ကွာဝေးပါကြောင်း၊ ထို့ကြောင့် သတ်မှတ်ချက်များရှိသော်လည်း ဖြေလျှော့ ပေးပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းအဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်ချိန်တွင် စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။
ဆက်လက်၍ ကန်ပက်လက်မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ မကွေးတိုင်းဒေသ ကြီး ဆောမြို့နှင့် ချင်းပြည်နယ် ကန်ပက်လက်မြို့ထွက်ပေါက်လမ်းပေါ်နှင့် ဆောမြို့နယ် ကံကြီးရွာ-မင်းတပ်-မတူပီထွက်ပေါက်လမ်းပေါ်တို့တွင် ဝါးတား ဂိတ်ပြုလုပ်၍ ဓာတ်သတ္တုခွန်ကောက်ခံခြင်းဟုဆိုကာ မကွေးတိုင်းဒေသကြီးမှ ကန်ပက်လက်မြို့၊ မင်းတပ်မြို့အဝင်အထွက်ကားများအား မောင်းတံဂိတ်များ ဖွင့်လှစ်ကောက်ခံစစ်ဆေးခြင်းကို ရုပ်သိမ်းပေးရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် မောင်တောမဲဆန္ဒနယ်မှ ဦးလှထွန်းကျော်၏ မောင်တောမြို့ (၄)မိုင်ရပ်ကွက်သို့ မြကန်သာကန်တော်ကြီးမှ သောက်သုံးရေဖြန့်ဝေပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်းကလည်းကောင်း၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ၏ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်ပေးခဲ့သော Type-C ယာယီကျောင်း ဆောင်များအား အပြီးသတ်တည်ဆောက်ပေးရန်အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၏ မြန်မာ့ပညာရေးပြုပြင်ပြောင်း လဲမှုအရှိန်အဟုန်မြှင့်တင်နိုင်စေရန် သတ်မှတ်ပေးထားသည့် ပညာရေးအသုံး စရိတ်များ စနစ်တကျသုံးစွဲစေရန်နှင့် ပြဋ္ဌာန်းသင်ရိုးညွှန်းတမ်းများကို ပုံနှိပ် စာအုပ်များရိုက်နှိပ်ဖြန့်ဝေမည့်အစား Digital Text များအဖြစ် ပြောင်းလဲဖြန့်ဝေ သုံးစွဲနိုင်ရန် မူဝါဒအစီအမံများ စတင်ရေးဆွဲပြီး အဆင့်လိုက်အကောင်အထည် ဖော်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
မျိုးဆက်သစ်လူငယ်များအား ဒီမိုကရေစီအလေ့အကျင့်ကောင်းများ စွဲမြဲခိုင်မာအားကောင်းစွာ ရရှိစေရန်အတွက် ပြုစုပျိုးထောင်လေ့ကျင့် ပေးရန် အထူးလိုအပ်
ထို့နောက် ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်းက နိုင်ငံတော်၏ မျိုးဆက်သစ်လူငယ်များအား ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ခိုင်မြဲစွာ ရရှိစေရန်နှင့် ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်၏ အခြေခံနှင့် အဆင့်မြင့်ပညာရေးကျောင်းများတွင် အခြေခံအသင်းအဖွဲ့များ သတ်မှတ်ဖွဲ့စည်း၍ အသင်းအဖွဲ့အလိုက် အတန်းကိုယ်စားလှယ်များ၊ ကျောင်း ကိုယ်စားလှယ်များမှသည် ကျောင်းကောင်စီအထိ ဒီမိုကရေစီနည်းကျ အဆင့်ဆင့်ရွေးချယ်ဖွဲ့စည်း၍ ကိုယ်တိုင်ပါဝင်ဆောင်ရွက်သည့် စနစ်တစ်ရပ်ကို ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှစ၍ အကောင်အထည်ဖော်စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် မိမိတို့သည် ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်ကို တည်ဆောက်လျက်ရှိသော်လည်း ၁၉၆၂ ခုနှစ်မှစ၍ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ဒီမိုကရေစီစနစ် ပျက်သုဉ်းပြီးနောက် နှစ် ၅၀ ခန့်အကြာမှသာ သမိုင်းသင်ခန်းစာများကိုရယူ၍ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတော်ကို တစ်ဖန်ပြန်လည်တည်ဆောက်နေရသောကြောင့် စိန်ခေါ်မှုများ၊ အခက်အခဲများစွာကို ကြုံတွေ့နေကြရသဖြင့် ထပ်မံ၍ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်မှ ဆန့်ကျင်သွေဖည်ပြောင်းလဲမသွားစေရန် မျိုးဆက်သစ်လူငယ် များအား ဒီမိုကရေစီအလေ့အကျင့်ကောင်းများ စွဲမြဲခိုင်မာအားကောင်းစွာ ရရှိစေရန်အတွက် ပြုစုပျိုးထောင်လေ့ကျင့်ပေးရန် အထူးလိုအပ်လျက်ရှိပါ ကြောင်း။
ထို့ပြင် နိုင်ငံတော်၏ အခြေခံနှင့် အဆင့်မြင့်ပညာသင်ကျောင်းများတွင် ဝါ၊ စိမ်း၊ နီ၊ ပြာ သို့မဟုတ် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်တေဇ (သို့မဟုတ်) အောင်ဆန်း စသည်ဖြင့် အသင်းအဖွဲ့(၄)ဖွဲ့ကို စုဖွဲ့ပြီး အတန်းအလိုက် အသင်းအဖွဲ့တစ်ဖွဲ့လျှင် ခေါင်းဆောင်တစ်ဦးစီကိုရွေးချယ်ပြီး တစ်ကျောင်းလုံးရှိ အတန်းလိုက်အသင်းအဖွဲ့ခေါင်းဆောင်များသည် မိမိ၏အသင်းအဖွဲ့အလိုက် စုဝေးပြီး အသင်းအဖွဲ့တစ်ဖွဲ့လျှင် ၃ ဦးစီကို ကျောင်းကောင်စီဝင်များအဖြစ် ရွေးချယ်ကာ ကျောင်းကောင်စီဝင်များ၏ လျှို့ဝှက်မဲဖြင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ စသည်တို့ကို ရွေးချယ်ဆောင်ရွက်စေပြီး ကျောင်း၏အရေးကြီးတာဝန် အရပ်ရပ်ကိုဆောင်ရွက်ရာတွင် ကောင်စီဝင်များဆွေးနွေးတိုင်ပင်ပြီး သဘောထား ကွဲလွဲမှုရှိပါက လျှို့ဝှက်ဆန္ဒမဲဖြင့် အများစု၏ဆန္ဒသဘောထားနှင့်အညီ လိုက်နာ ဆောင်ရွက်ရသည့် ဒီမိုကရေစီနည်းလမ်းကို သတ်မှတ်ရွေးချယ်ဆောင်ရွက်စေ၍ အဓိကတာဝန်ယူထားသည့် ကောင်စီဝင်အားလုံးက ကျောင်းသားထုတစ်ရပ်လုံးကို စည်းရုံး၍ ဒီမိုကရေစီနည်းကျ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပါက မျိုးဆက်သစ် လူငယ်များသည် ဒီမိုကရေစီအလေ့အကျင့်ကောင်းများကို ရရှိနိုင်မည်ဖြစ်ပါ ကြောင်း။
ထို့ကြောင့် ယနေ့ပြောင်းလဲကျင့်သုံးနေသော ပညာရေးစနစ်သည် ဆရာ ဗဟိုပြုပညာရေးစနစ်မဟုတ်ဘဲ ကျောင်းသားဗဟိုပြုပညာရေးစနစ်ဖြစ်၍ ကျောင်းသားကိုယ်တိုင် ဖွဲ့စည်းဆောင်ရွက်မည့်စနစ်သစ်ကို ဒီမိုကရေစီ အလေ့အကျင့်ကောင်းများရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက နိုင်ငံတော် အတွက် ဒီမိုကရေစီနည်းကျတည်ဆောက်ရာတွင် ပိုမိုအကျိုးပြုမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်းက အဆိုအား ထောက်ခံ ဆွေးနွေးသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။
ယင်းနောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက အမျိုးသားလွှတ်တော်အတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည်ပြုချက်များအတိုင်း ထားရှိမည့်အချက် ၅၈ ချက်နှင့် ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်က လွှတ်တော်နှစ်ရပ်သဘောကွဲလွဲ သည့် ၅၈ ချက်ကို အမျိုးသားလွှတ်တော်၏ပြင်ဆင်ချက်များအတိုင်း ထားရှိရန် တို့ကို တင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဥပဒေကြမ်း ကော်မတီနှင့် ပညာရေးဝန်ကြီးဌာနတို့၏ သဘောထားရယူပြီး လွှတ်တော်၏ သဘောထားရယူအတည်ပြုသည်။
ထို့နောက် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က သဘော ကွဲလွဲသည့် အချက် ၅၈ ချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ် ရန် တင်ပြသင့်ကြောင်း အဆိုတင်သွင်းသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က တင်ပြခဲ့သည့် အချက် ၅၈ ချက်နှင့်စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဖေဖော်ဝါရီ ၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment