Thursday, February 6, 2020

လွှတ်တော်ရေးရာ
==========
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ဈေးများဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ အပြန်အလှန်ညှိနှိုင်းပြင်ဆင်
Image may contain: one or more people and people standing
နေပြည်တော် ဖေဖော်ဝါရီ ၅
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်းချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးဇဝန အစား ဗိုလ်မှူးချုပ်ဇော်မြင့်စန်းအားလည်းကောင်း၊ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဗိုလ်မှူးကြီးကောင်းကျော် အစား ဗိုလ်မှူးချုပ်နေမျိုးအောင် အားလည်းကောင်း အစားထိုးပြင်ဆင်ဖွဲ့စည်း ခြင်းကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာကော်မတီ၏ လုပ်ပိုင်ခွင့် ဖြည့်စွက်ပြင်ဆင်ခြင်းကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက်ရယူသည်။
ထို့နောက် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်၏ တီးတိန်မြို့ နယ်၊ ဖာရ်တလန်းကျေးရွာ (ရွာသစ်) နယ်စပ်ဈေးနှင့် တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာ နယ်စပ်ဈေးစီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖာရ်တလန်း ကျေးရွာ(ရွာသစ်)စီမံကိန်းနှင့် ခင်မန်းကျေးရွာ နယ်စပ်ဈေးစီမံကိန်းတို့သည် ချင်းပြည်နယ်အတွင်း ဖွင့်လှစ်ရန် လျာထားခဲ့သည့် နေရာငါးနေရာတွင် ပါဝင်ပါ ကြောင်း၊ အဆိုပါ ဖွင့်လှစ်ရန် လျာထားသည့် ငါးနေရာအနက် လေးနေရာဖြစ်သည့် ထန်တလန်မြို့နယ်၊ ထာအိုကျေးရွာ၊ ဖလမ်းမြို့နယ်၊ လေးလက်ကျေးရွာ၊ တီးတိန်မြို့နယ်၊ ဖာရ်တလန်းကျေးရွာနှင့် တွန်းဇံမြို့နယ်၊ ဒါရ်ခိုင်းကျေးရွာတို့တွင် နယ်စပ်ဈေးဖွင့်လှစ်နိုင်ရေးအတွက် တီအိုချောင်းနှင့် ကုလားတန်မြစ် (ဘွေနူးမြစ်) ကိုဖြတ်၍ နှစ်နိုင်ငံ နယ်စပ်ဈေးများအကြား တံတားလေးစင်းတည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်းကျေးရွာတွင် နယ်စပ်ဈေး ကနဦးစတင်ဖွင့်လှစ်လိုကြောင်း အကြောင်းကြားချက်ကို ရန်ကုန် မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးသို့ သံတမန်စာအဖြစ် အကြောင်းကြားခဲ့ပြီး ဖြစ်သည့် အပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား နယ်စပ်ဈေးများဖွင့်လှစ်နိုင်ရေး အတွက် လိုက်နာဆောင်ရွက်ရမည့် နယ်စပ်ဈေးများစီမံခန့်ခွဲရေးနည်းလမ်း မူကြမ်းကို နှစ်နိုင်ငံအပြန်အလှန် ညှိနှိုင်းပြင်ဆင် ရေးဆွဲလျက်ရှိပါကြောင်း။
ထို့ကြောင့် မေးမြန်းချက်နှင့်ပတ်သက်၍ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ခင်မန်း ကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ရန် အိန္ဒိယနိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် တီးတိန်မြို့နယ်၊ ဖာရ်တလန်းကျေးရွာတွင် နယ်စပ်ဈေးဖွင့်လှစ်ရန် ကိစ္စနှင့်ပတ်သက်၍ တံတားတည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက အိန္ဒိယနိုင်ငံနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား သည်။
မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံ (Reception Counter) ရှိ ဧည့်ကြို နေ့စားဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းများအဖြစ် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခန့်အပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပြည်သူ့ဆေးရုံ ( Reception Counter) ရှိ ဧည့်ကြိုနေ့စားဝန်ထမ်း များကို မည်သည့်အချိန်တွင် အတည်ပြုခန့်ထားပေးမည်ကို သိရှိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က မင်းတပ်ဆေးရုံတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၆ ရက် တွင် စတင်ခန့်ခဲ့သည့် နေ့စားဝန်ထမ်း ခြောက်ဦး အပါအဝင် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂ ရက်နောက်ပိုင်း ခန့်ထားခဲ့သော နေ့စား ဝန်ထမ်းများအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးနိုင်ရေးအတွက် ကုသရေးဦးစီးဌာန၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်စွဲပါ စာအမှတ်ဖြင့် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော နေ့စားစာရင်းများအား ပေးပို့ပေးပါရန် သက်ဆိုင်ရာဌာန၊ ဆေးရုံများသို့ အကြောင်းကြားထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းလုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ကုသရေး ဦးစီးဌာနရှိ ဆေးရုံများတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော နေ့စားများ အား အမြဲတမ်းဝန်ထမ်းများအဖြစ် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခန့်အပ်နိုင် ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၏ စစ်ကိုင်း တိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ရွှေကျွန်းမြေအားကစားရုံနှင့် ဆက်စပ်အဆောက်အဦများအား အသစ်ဆောက်လုပ်ပေးခြင်း သို့မဟုတ် အကြီးစားပြင်ဆင်ထိန်းသိမ်းပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရွှေကျွန်းမြေအားကစားရုံကို ၁၉၉၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် တည်ဆောက်ခဲ့သည့်အချိန် ကြာမြင့်၍ ဟောင်းနွမ်းပျက်စီးနေပါသဖြင့် အားကစားရုံအသစ် ဆောက်လုပ်နိုင် ရန်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေစာရင်းတွင် အဆိုပြုလျာထားတင်ပြထားပြီးဖြစ်ပါကြောင်းနှင့် ဘဏ္ဍာရန်ပုံငွေခွင့်ပြုချက် ရရှိပါက ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
၂၀၂၀ ပြည့်နှစ်တွင် ချင်းပြည်နယ်သို့ လက်ထောက်ဆရာဝန် စုစုပေါင်း ၈၈ ဦး ခန့်ထားပေးနိုင်ရန် စီစဉ်လျာထားပြီးဖြစ်
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်၏ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ခုတင် ၅၀ ဆံ့ စံကိုက်ဆေးရုံအတွက် လိုအပ်သော ဆရာဝန်များနှင့် ဆေးဘက်ကျွမ်းကျင် (ဓာတ်ခွဲ) ဝန်ထမ်း ခန့်ထားပေးရန်နှင့် သားဖွားမီးယပ်ဆောင်တစ်ဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောက်လုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ၂၀၂၀ ပြည့်နှစ်တွင် ချင်းပြည်နယ်သို့ လက်ထောက်ဆရာဝန် စုစုပေါင်း ၈၈ ဦး ခန့်ထားပေးနိုင်ရန် စီစဉ်လျာထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ထောက်ဆရာဝန်များခန့်ထားနိုင်မည့်အချိန်တွင် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် လက်ထောက်ဆရာဝန်ခန့်ထားနိုင်ရေးကို ဦးစားပေးအစီ အစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ကန်ပက်လက်မြို့၊ ပြည်သူ့ဆေးရုံ၌ မူလဆေးရုံအဆောက်အဦသည် လူနာ ခုတင် ၃၀ ထားရှိနိုင်ပါကြောင်း၊ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်ကာလတွင် စတင် ဆောက်လုပ်ခဲ့သည့် တိုးချဲ့နှစ်ထပ်လူနာကုသဆောင်တွင် ခွဲစိတ်ခန်း၊ မွေးဖွားခန်း များပါဝင်၍ ခွဲစိတ်ကုသလူနာနှင့် မိခင်ကလေးကုသလူနာခုတင် ၅၀ ထားရှိနိုင် အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ဆောက်လုပ်ပြီးစီးချိန်တွင် လူနာ ခုတင် စုစုပေါင်း ၈၀ ဖြင့် လူနာများအား အဆင်ပြေစွာကုသပေးနိုင်မည်ဖြစ်ပါ ကြောင်း၊ ထို့ပြင် ကန်ပက်လက်မြို့ ခုတင် ၅၀ ဆံ့ စံကိုက်ဆေးရုံ၌ ဓာတ်ခွဲဌာန၏ လက်ရှိဖွဲ့စည်းပုံမှာ ဓာတ်ခွဲကျွမ်းကျင်(၁) ခွင့်ပြုသော်လည်း လစ်လပ်နေပါ ကြောင်း၊ ဓာတ်ခွဲကျွမ်းကျင် (၄) နှစ်ဦးတွင် တစ်ဦးသာရှိပါကြောင်း၊ ထို့ကြောင့် လစ်လပ်နေသည့် ဓာတ်ခွဲကျွမ်းကျင်(၄) တစ်ဦးနေရာတွင် (၆၁)ကြိမ်မြောက် ဓာတ်ခွဲစစ်ဆေးသူ (ဒု) သင်တန်းဆင်းတစ်ဦးအား ၎င်းတို့သင်တန်းဆင်း၍ အလုပ်ဝင်သည့်အချိန်တွင် ခန့်ထားတာဝန်ပေးအပ်မည်ဖြစ်ပါကြောင်း ဖြေကြား သည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်)၏ ကမ္ဘာ့ဆေးဝါးလောကတွင် အသုံးပြုနေသည့် လစ်ကွာရွိုက် (Liquorice) ခေါ် နွယ်ချိုဆေးပစ္စည်းကို ကျန်းမာရေးလောကတွင် ဆက်လက် သုံးစွဲရန် သင့်၊ မသင့် သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သုံးသပ်ချက်အနေဖြင့် နွယ်ချိုအပါအဝင် ပရဆေးပစ္စည်း များကို ဆေးမှုန့်အဖြစ် အသုံးပြုရာတွင် ဆေးဝါး၏ပုံစံ၊ ဆေးမှုန့်၊ ရေ(သို့မဟုတ်) solvent တစ်မျိုးမျိုးဖြင့် extract လုပ်ထားသော ပျော်ဝင်ဆေးနှစ်၊ ဆေးပစ္စည်း အသုံးပြုသည့် ပုံစံ၊ Pure compound တို့အပေါ်တွင် မူတည်၍ အသုံးပြုရမည့် ဆေးပမာဏ၊ ဆေးအသုံးပြုသည့် ကာလအပိုင်းအခြားတို့သည် ရောဂါအမျိုး အစားနှင့် ရောဂါအနုအရင့်အလိုက် သက်ဆိုင်ရာဆေးပညာရှင်များက သုံးသပ်၍ ရောဂါသက်သာရန်နှင့် ရောဂါပျောက်ကင်းရန် ချင့်ချိန်ပြီး ဆေးညွှန်းပေးပါက လိုအပ်သောအကျိုးအာနိသင်ရရှိကာ ဘေးထွက်ဆိုးကျိုးနည်းနိုင်သမျှ နည်းမည် ဖြစ်ပါကြောင်း၊ မည်သည့်ဆေးမဆို သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင် ဘေး ဖြစ်နိုင်ကြောင်းကို မိမိတို့သိရှိထားပါကြောင်း၊ ထို့ကြောင့် ရောဂါတစ်ခုခုကို ဆေးဝါးတစ်မျိုးမျိုးဖြင့် ကုသရာ၌ သက်ဆိုင်ရာ ကျွမ်းကျင်သူဆေးပညာရှင်များ၏ ညွှန်ကြားချက်ဖြင့် အသုံးပြုသင့်ပါကြောင်း ဖြေကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး၏ မြန်မာ တစ်နိုင်ငံလုံး နေရာအနှံ့အပြားတွင် လမ်းဘေးနေရာများ၊ ဈေးများ၊ စာသင် ကျောင်းများ၌ ရောင်းချနေသော စားသောက်ဆိုင်များ စည်းစနစ်ကျန၍ ကျန်းမာရေးနှင့်ညီညွတ်စေရန် ပြင်ဆင်ရောင်းချနိုင်ရေးအတွက် သင်တန်းများ ဖွင့်လှစ်စီစဉ်ပေးရန်နှင့် သင်တန်းပြီးမြောက်၍ လက်မှတ်ရရှိမှသာ ရောင်းချခွင့် ပြုရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က မိမိတို့အနေဖြင့် လမ်းဘေးဈေးသည်များကို သင်တန်းပို့ချပေးလျက်ရှိပါ ကြောင်း၊ ယင်းသို့ သင်တန်းပို့ချရာတွင် ဦးစီးဌာနများနှင့် တွဲဖက်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် သင်တန်းမစမီ ကြိုတင်ဆန်းစစ်မေးခွန်းလွှာကို ဖြေဆိုခြင်း၊ သင်တန်းပြီးဆုံးသည့်အခါတွင် သင်တန်းပြီးဆုံးကြောင်း စစ်ဆေးခြင်းမေးခွန်း လွှာများကိုဖြေဆိုခြင်း၊ ဖြေဆိုအောင်မြင်သည့် ပိုင်ရှင်မဟုတ်သော သင်တန်းသား များအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ ဆိုင်ပိုင်ရှင်များအား သင်တန်း တက်ရောက်ပြီးစီးကြောင်း အသိအမှတ်ပြုဗီနိုင်းပေးအပ်ခြင်းတို့ကို ဆောင်ရွက် ခဲ့ပါကြောင်း။
ထို့ပြင် သင်တန်းတက်ရောက်ပြီးသော လမ်းဘေးဈေးဆိုင်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိကို နှီးနွှယ်ဌာနများနှင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခြင်း၊ လမ်းဘေးဈေးသည်များ မဖြစ်မနေလိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ လိုအပ်ချက်ရှိပါက ပြုပြင်ရန် ညွှန်ကြားခြင်း၊ ကောင်းမွန်သော ရေအလုံအလောက်ရရှိရေးနှင့် အမှိုက်သိမ်းစနစ် ကောင်းမွန်စွာရရှိရေးအတွက် သက်ဆိုင်ရာ စည်ပင်သာယာ ရေးဌာနများနှင့် ညှိနှိုင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် ဈေးကွက်အတွင်း ကုန်စည်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များဖြန့်ဝေသည့် လုပ်ငန်းများဆောင်ရွက်ခြင်း စသည် တို့ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက်မှစ၍ ဈေးကွက်အတွင်းရှိ ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိသော စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူ ကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ကို တင်ပြထားပါ ကြောင်း။
ထို့ကြောင့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ လမ်းဘေးဈေးသည်များ၊ ဈေးများ၊ စာသင်ကျောင်းများ၌ ရောင်းချသောစားသောက်ဆိုင်များ စည်းကမ်း ကျန၍ ကျန်းမာရေးနှင့်ညီညွတ်စွာ ပြင်ဆင်ရောင်းချနိုင်ရေးအတွက် သင်တန်း ဖွင့်လှစ်ပေးခြင်း၊ သင်တန်းဆင်းလက်မှတ်ရရှိမှသာ ရောင်းချခွင့်ပြုခြင်းတို့အား စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆောင်ရွက်ရန် အစီအစဉ်မရှိသေးပါကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားပါက ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကျန်းမာရေးမှူးကောင်စီဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်လှဌေး (ခေါ်) ဒေါ်အုန်းကြည်က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်း အဝေး ပဉ္စမနေ့ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အောင်ရဲသွင်၊စိုးဝင်းထွန်း(သတင်းစဉ်)

No comments:

Post a Comment