Thursday, February 6, 2020

လွှတ်တော်ရေးရာ
=========
ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြေးညီ အာဏာသက်ရောက်စေရန်
လက်နက်ဥပဒေအသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရေးဆွဲလျက်ရှိ
Image may contain: 2 people
နေပြည်တော် ဖေဖော်ဝါရီ ၅
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထ နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မိုင်းရှူး မဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအေး၏ ရှမ်းပြည်နယ် တွင် လက်နက်နှင့်သက်ဆိုင်သောဥပဒေများအား မည်သို့ကျင့်သုံးလျက်ရှိသည် ကို ရှင်းလင်းစွာဖြေကြားပေးရန်နှင့် နိုင်ငံတော်တစ်ဝန်းလုံး တစ်ပြေးညီအာဏာ သက်ရောက်စေမည့် လက်နက်နှင့်သက်ဆိုင်သော ဥပဒေတစ်ရပ်ကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများမှ အသစ်ရေးဆွဲပြဋ္ဌာန်းသွားရန် အစီအစဉ် ရှိ၊ မရှိမေးခွန်း နှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေကို ရှမ်းပြည်နယ်တွင် တောင်ကြီး၊ ကလော၊ လားရှိုး၊ သီပေါ၊ အောင်ပန်း၊ ညောင်ရွှေ၊ လွိုင်လင်၊ ကျောက်မဲ၊ ပင်လုံ၊ မိုးနဲနှင့် ကျိုင်းတုံမြူနီစီပယ် အက်ဥပဒေပုဒ်မ၂၄၆ အရ ကြေညာပြီး ဒေသများ (ကျိုင်း တုံမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း)၊ မီးရထား ဌာနပိုင်နယ်မြေများနှင့် လွယ်မွေမြို့မဒေသများတွင် ၁၈၇၈ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် စတင် အာဏာသက်ရောက်ခဲ့ပါကြောင်း၊ ၁၈၉၅ ခုနှစ် ကချင်တောင်တန်းဒေသ မျိုးရိုးတူစု များဆိုင်ရာ စည်းမျဉ်းဥပဒေတွင် လားရှိုးခရိုင် မြောက်သိန္နီနယ်နှင့် မိုးမိတ်နယ် ကိုးတောင်တောင်တန်းဒေသများအတွင်း၌ နေထိုင်သည့် တောင်တန်းမျိုးရိုးတူစု များဖြစ်ကြသည့် ကချင်၊ ယောရင်၊ နုံ၊ မရူး၊ လရှီး၊ အဇီး၊ ချင်း(နာဂ)၊ ရှမ်းနှင့်ဂေါ် ရခါး စသည့် မျိုးနွယ်စုများအပေါ် အာဏာသက်ရောက်သည်ဟု ပါရှိပါ ကြောင်း။
၁၉၂၄ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ရှမ်းပြည်နယ် လက်နက်အမိန့်ကိုထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုအမိန့်အရ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေ အာဏာသက် ရောက်ပြီးဖြစ်သော တောင်ကြီး၊ ကလော၊ လားရှိုး၊ သီပေါ၊ အောင်ပန်း၊ ညောင်ရွှေ၊ လွိုင်လင်၊ ကျောက်မဲ၊ ပင်လုံ၊ မိုးနဲနှင့် ကျိုင်းတုံ ၁၁ မြို့နယ်မှအပ ကျန်မြို့နယ် ၃၉ မြို့နယ်ကို အာဏာသက်ရောက်စေခဲ့ပါကြောင်း။
ထို့ကြောင့် ယင်း ၁၁ မြို့နယ်အတွင်းဖြစ်ပွားသော လက်နက်အမှု များနှင့်ပတ်သက်၍ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေအရလည်းကောင်း၊ ကျန်မြို့ နယ် ၃၉ မြို့နယ်တို့တွင် ဖြစ်ပွားသော လက်နက်အမှုများနှင့်ပတ်သက်၍ ရှမ်း လက်နက်ကိုင် အမိန့်ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်တစ်ဝန်းလုံးတွင် အစိုးရပိုင် (သို့မဟုတ်) ဥပဒေအရ ကိုင်ဆောင်ခွင့် ရှိသူပိုင် လက်နက်၊ ခဲယမ်းများကို ခိုးယူလျှင် (သို့မဟုတ်) ခိုးယူရန်ကြံစည်လျှင် (သို့မဟုတ်) ရောင်းချလျှင် ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ် ပြစ်ဒဏ်စီရင်မှု (ယာယီ) အက်ဥပဒေအရလည်းကောင်း၊ နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရန်အကြံ ဖြင့် သေနတ်ကြီးများ၊ ပေါက်ကွဲပစ္စည်းများနှင့် ကျည်များလက်ဝယ်ထားရှိလျှင် ၁၉၅၁ ခုနှစ် လက်နက်ယာယီပြင်ဆင်ချက် အက်ဥပဒေအရလည်းကောင်း အမှု ဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ပါ၍ မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးလျက်ရှိသည့် လက်နက်နှင့် သက်ဆိုင်သော ဥပဒေများအား လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိသော်လည်း ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တစ်ပြေးညီ အာဏာ သက်ရောက်စေရန် လက်နက်ဥပဒေအသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရေးဆွဲလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
လှိုင်သာယာမြို့နယ်တွင် ဖွဲ့စည်းပုံအရ ခွင့်ပြုပြီးဖြစ်သည့် နယ်မြေ ရဲစခန်း(ကစင်)အား ရွှေလင်ဗန်းစက်မှုဇုန် နယ်မြေရဲစခန်းအဖြစ် အမည်ပြောင်းလဲ ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ
လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်း၏ လှိုင်သာယာမြို့နယ်တွင် ရွှေလင်ဗန်း စက်မှုဇုန် နယ်မြေရဲစခန်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လှိုင်သာယာမြို့နယ်တွင် ဖွဲ့စည်းပုံအရ ခွင့်ပြုပြီးဖြစ်သည့် နယ်မြေရဲစခန်း(ကစင်)အား ရွှေလင်ဗန်းစက်မှုဇုန် နယ်မြေရဲစခန်း အဖြစ် အမည်ပြောင်းလဲဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွင့်လှစ်ခွင့်ရရှိပါက တပ်ဖွဲ့ပိုင်မြေအမည် ပေါက်ရရှိထားသော မြေဧရိယာ သုည ဒသမ ၃၀၄ ဧကပေါ်တွင် နယ်မြေစခန်းရုံးနှင့် ဝန်ထမ်းအိမ်ရာများအား အနီးဆုံးဘဏ္ဍာနှစ်တွင် လျာထားတင်ပြတောင်း ခံသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီး၏ ကလေးမြို့နယ်အတွင်း ရှိ ပျက်စီးယိုယွင်းလျက်ရှိသော လယ်ယာချောင်းမြောင်းများအား မူလအနေ အထား ပြန်လည်ရောက်ရှိရေးအတွက် နှစ်အပိုင်းအခြားတစ်ခုအတွင်း ဆောင် ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ကလေးလွင်ပြင်ဒေသအတွင်းရှိ ရေပေးမြောင်း၊ ရေနုတ်မြောင်းများ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းတို့ကို ပြည်ထောင်စု နှင့် တိုင်းဒေသကြီး ရန်ပုံငွေခွဲဝေရရှိမှုအခြေအနေအပေါ်မူတည်၍ ဦးစားပေး အလိုက် လျာထားသတ်မှတ်စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်းရေလျှံ မှုများ လျော့နည်းသက်သာစေရန်အတွက် အဓိကရေနုတ်မြောင်းများဖြစ်သည့် ဆည်ကြီးချောင်းနှင့် ဇီးချောင်းတူးဖော်ခြင်းလုပ်ငန်းအပါအဝင် ကလေးလွင်ပြင် ဒေသအတွင်းရှိ လယ်ယာချောင်းမြောင်းများ မူလအနေအထားအတိုင်း ပြန်လည် ရောက်ရှိစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကလေးခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးဆောင်စီမံကြီးကြပ်မှုဖြင့် ပတ် သက်ဆက်နွှယ်သည့် ဌာနဆိုင်ရာများပူးပေါင်းပြီး ကွင်းဆင်းစူးစမ်းလေ့လာဆောင်ရွက်သွားမည့် အစီအစဉ်ရှိပါကြောင်း၊ ကွင်းဆင်းလေ့လာတွေ့ရှိရသည့် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများအပေါ်မူတည်၍ ဘဏ္ဍာရန်ပုံငွေကို အနီး ဆုံးဘဏ္ဍာနှစ်တွင်တောင်းခံပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသည်။
စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း၏ စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ သောက်သုံးရေရရှိရေးအတွက် မူးမြစ်အတွင်းစီးဝင်သော သိမ်ချောင်းမှ တစ်ဖက်ပိတ် ဆည်ပိတ်၍ ဆားတောင်မြို့သို့ စက်ဖြင့် သို့မဟုတ် လျှပ်စစ်သုံး၍ တင်ပို့နိုင်ရေး သက်ဆိုင်ရာမှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးလှကျော်က ဆားတောင်မြို့ပြည်သူများ သောက်သုံးရေရရှိရေး လုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်ကို သိရပါကြောင်း၊ ဆားတောင်မြို့သောက်သုံးရေရရှိရေးအတွက် မူးမြစ်အတွင်းစီးဝင်နေသည့် သိမ်ချောင်းကို တစ်ဖက်ပိတ်ဆည်ပိတ်ပြီး မြို့သို့သောက်သုံးရေပေးပို့ရေးလုပ်ငန်းအတွက် စည်ပင်သာယာရေးရန်ပုံငွေတွင် မူလက ထည့်သွင်းလျာထားခဲ့ခြင်းမရှိသည်ကို သိရှိရပါကြောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီအနေဖြင့် ဆားတောင်မြို့ ရေပေးဝေရေးလုပ်ငန်းတွင် မြို့၏ဝင်ငွေအပေါ်တွင် ပြန်လည်သုံးစွဲပေးနိုင်မည့်လုပ်ငန်းများကို ခွဲဝေချထား ဆောင်ရွက်ရာတွင်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လေးလက်မ PVC Pipe ၃၈၁ လုံးအတွက် ရန်ပုံငွေ ကျပ် ၁၀ သန်း ခွင့်ပြုဆောင်ရွက်ခဲ့ပါကြောင်း။
ဆားတောင်မြို့ ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရာတွင်
၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်တွင်လည်း လေးလက်မ PVC Pipe ဝယ်ယူရေးအတွက် ငွေကျပ်သန်း ၂၀ ထည့်သွင်းလျာထား
ယခု၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်တွင်လည်း လေးလက်မ PVC Pipe ဝယ်ယူရေး အတွက် ငွေကျပ်သန်း ၂၀ ထည့်သွင်းလျာထားပါကြောင်း၊ ယခုလုပ်ငန်းနှင့်ပတ် သက်၍ မိမိဝန်ကြီးဌာနအနေဖြင့် ဖြစ်မြောက်နိုင်စွမ်း ရှိ၊ မရှိအပေါ်တွင် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးရရှိမှုအပေါ်တွင် မူတည်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားကြီးကြပ် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ကြီးဌာန အနေဖြင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဝိုင်းမော်မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားကျေးရွာ၊ နောင်တာလောကျေးရွာ၊ မဒိန်ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်(၁/၂) တို့တွင်ပါဝင် သော လယ်ယာမြေများအား ပုံစံ(၇) ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားကျေးရွာ၊နောင်တာလောကျေးရွာ၊ မဒိန်ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် (၁/၂) စုစုပေါင်း ရပ်ကွက်၊ ကျေးရွာအုပ်စု ငါးခုကို ယနေ့အထိ တောင်သူပေါင်း၂၂၁၅ ဦး၊ ဦးပိုင်ပေါင်း ၂၄၁၅၊ ဧရိယာပေါင်း ၉၃၀၈ ဧကကို လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇)များ ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထုတ်ပေးရန် ကျန်ရှိနေသည့် ဧရိယာသည် ၄၉၀၄ ဧကရှိသည့်အနက် ၄၈၆၀ ဧကကို စက်မှုဇုန်၊ အိမ်တွင်းမှုဇုန်မြေနေရာအဖြစ် အသုံးပြုဆောင်ရွက်ရန် ၂၀၁၃ ခုနှစ်မှစ၍ စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပါကြောင်း။
အဆိုပါ စီမံကိန်းနယ်မြေအဖြစ် သတ်မှတ်ခဲ့သည့် ဧရိယာ ၄၈၆ဝ အတွင်း တွင်ရှိသည့် တောင်သူများ၏ လယ်ယာမြေပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ယခင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ၂၀၁၃ ခုနှစ်တွင် အမှန်တကယ်လိုအပ်နေသူများကို လယ်ယာမြေမှတ်ပုံတင်ပေးရန် မှတ်ချက်ပြု ညွှန်ကြားထားမှုများရှိသည့် အလျောက် တောင်သူပေါင်း၂၂၉ ဦး၊ ဦးပိုင်ပေါင်း ၂၃၅၊ ဧရိယာ ဧက ၁၀၀၀ ကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ စီမံကိန်း နယ်မြေအဖြစ် သတ်မှတ်ထားရှိသည့် ကျန်ရှိသည့် လယ်မြေများတွင် စီမံကိန်း နယ်မြေအဖြစ် ဆက်လက်တည်ရှိနေသည့်အတွက် ပုံစံ(၇) ထုတ်ပေးရန်မသင့် ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအမံကို တင်ပြအပ်ပါကြောင်း၊ စိစစ် ချက်အရ ကျန်ရှိနေသည့် အဆိုပါရပ်ကွက်၊ ကျေးရွာအုပ်စု ငါးအုပ်စုတွင်ရှိသည့် စီမံကိန်းနယ်မြေတွင် ပါဝင်မှုမရှိသည့် ပုံစံ(၇)ထုတ်ပေးရန် ကျန်သည့် ဧက ၄ဝခန့် ရှိပါကြောင်း၊ သက်ဆိုင်ရာတောင်သူများ ခရီးလွန်နေခြင်းနှင့် နယ်မြေဒေသ အခြေအနေများကြောင့် လျှောက်ထားမှုကျန်ရှိနေသေးသည့် ကိစ္စနှင့်ပတ်သက် ၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် နှိုးဆော်ဆောင် ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ စဉ့်ကူးမဲဆန္ဒနယ်မှ ဒေါက်တာဇော်ဝင်းမြင့်၏ ခေတ်စနစ်အချိန် ကာလ ရွေ့လျားတိုးတက်ပြောင်းလဲလာမှုဖြစ်စဉ်တို့နှင့် ဆီလျော်မှုမရှိတော့သော ၁၈၇၈ ခုနှစ်၊ လက်နက်ဥပဒေအား မဖြစ်မနေပြင်ဆင်ခြင်း(သို့) ပယ်ဖျက်ခြင်း များပြုလုပ်၍ အသစ်ပြန်လည်ပြဋ္ဌာန်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း ၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူကလည်းကောင်း၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ မင်းဘူး(စကု) မြို့နယ် ပန်းတောင်းကျေးရွာ ဒေသခံပြည်သူများ ဓားမဦးချ လုပ်ကိုင်ခဲ့သောမြေများတွင် စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် ဒေသခံ တောင် သူများ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိရေးနှင့် အကယ်၍ ဒေသခံမဟုတ်သူများမှ အလားတူ လုပ်ကိုင်ခွင့်လျှောက်ထားမှုများ ပေါ်ပေါက်လာပါက ဒေသခံပြည်သူ များအား ပွင့်လင်းစွာ ချပြအသိပေးကာ သဘောတူညီမှုရယူပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်ကလည်းကောင်း ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးကော်မတီကတင်သွင်းသည့် အသေးစားငွေရေးကြေးရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်ဝင်းက ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက် ၁၃၅ ချက်ကို အဆိုတင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သဘောထားရယူ ပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ယင်းနောက် အဆိုပါဥပဒေကြမ်း၏ အပိုဒ် ၅၈ နှင့်စပ်လျဉ်း၍ တပ်မတော် သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ထင်လင်းဦးနှင့် ဥပဒေကြမ်းကော်မတီတို့ က ပြင်ဆင်ချက်အဆိုများ တင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ သဘောထားရယူပြီး လွှတ်တော်၏အဆုံး အဖြတ်ရယူ အတည်ပြုသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသေးစားငွေရေးကြေးရေးဥပဒေ ကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြု ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဖေဖော်ဝါရီ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment