Wednesday, February 19, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြား



Image may contain: 1 person, standing and flower
နေပြည်တော် ဖေဖော်ဝါရီ ၁၈



စတုတ္ထအကြိမ်မြောက် e-Government ညီလာခံ နှင့် ကွန်ပျူတာနည်းပညာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပရာ e-Government ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အခမ်းအနားသို့ e-Government ဦးဆောင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့မှ နာယကများ၊ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှု ဆောင်များ၊ အဖွဲ့ဝင်များ၊ နည်းပညာကုမ္ပဏီများမှ တာဝန် ရှိသူများနှင့် ပညာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနှင့် ကွန်ပျူတာနည်းပညာပြပွဲ အခမ်းအနားကို e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နာယက ဦးသိန်းဦး၊ ဥက္ကဋ္ဌ ဦးမင်း ဇေယျာလှိုင်၊ Huawei Technologies (ရန်ကုန်) ကုမ္ပဏီလီမိတက် အမှုဆောင်အရာရှိချုပ် Mr. Ding Zhao Yi ၊ MyanTel Holdings ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထူးလင်းနှင့် Oracle Corporation အကြီးတန်း ဒုတိယဥက္ကဋ္ဌ Mr. Chung Heng Han တို့က open ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် Augmented Reality ကွန်ပျူတာ နည်းပညာဖြင့် ဖန်တီးပုံဖော်ထားသော ကနောင်မင်းသား ၏ ပုံရိပ်များကို လက်ရှိအပြင်ကမ္ဘာနှင့် ရောယှက်ကာ ပုံဖော်ထားသည့် နည်းပညာကို ပြသသည်။
ကနောင်မင်းသားပုံရိပ်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ဦးသန့်စင်မောင်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နာယက ဦးသိန်းဦးနှင့် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်၊ Augmented Reality ကွန်ပျူတာနည်းပညာဖြင့် ပုံဖော်ထားသည့် ကနောင် မင်းသားပုံရိပ်နှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် e-Government ဦးဆောင်ကော်မတီ နာယက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် “ကျွန်မတို့ရဲ့ စတုတ္ထအကြိမ်မြောက် အီလက်ထရောနစ် အစိုးရ ညီလာခံနှင့် အိုင်စီတီပြပွဲ (နေပြည်တော်)အခမ်းအနားကို ကြွရောက်လာတဲ့ ဧည့်သည်တော်များ အားလုံးကို ကြိုဆို နှုတ်ခွန်းဆက်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး ကျွန်မ ပထမဦးဆုံးပြောရမယ်ဆိုရင် ကျွန်မတို့ အခုနည်းပညာ တွေနဲ့ပတ်သက်လို့ တတ်နိုင်သမျှ မြန်မာမှုပြုတာကို လိုလားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု အင်္ဂလိပ် ဘာသာစကားနဲ့ အများကနေ သုံးနေတယ်ဆိုတာ လက်ခံ ပါတယ်။ တစ်ကမ္ဘာလုံးကလည်း ဒီလိုပဲသုံးနေတာပါ။ ဒါပေမယ့် ကျွန်မတို့ရဲ့ ပြည်သူလူထုအနေနဲ့ ဒါတွေနဲ့ ပတ်သက်လို့ အဓိပ္ပာယ်ကို နားလည်စေချင်ပါတယ်။ အဓိပ္ပာယ်ကို နားလည်မှ တကယ်ပဲပါဝင်နိုင်မှာလို့ ကျွန်မ ဒီလိုပဲ ယူဆပါတယ်။ တတ်နိုင်သရွေ့တော့ ကျွန်မတို့က မြန်မာမှုပြုစေချင်ပါတယ်။ အခုချက်ချင်း သိပ်ပြီးတော့ တိကျပြီး မှန်ကန်တဲ့ ဝေါဟာရ ရှာလို့မတွေ့ဘူးဆိုရင် သုံးရင်းနဲ့ တဖြည်းဖြည်း ထပ်ပြီးပြုပြင်လို့ရပါတယ်။ အဲဒါကိုတော့ အားလုံးကို အားကိုးချင်ပါတယ်။ ဒီဟာကို တိုက်တွန်းချင်ပါတယ်။ မြန်မာမှုပြုပါ။ ဒါမှ ကျွန်မတို့ ပြည်သူတွေ အားလုံးကနေ တဖြည်းဖြည်း နည်းပညာတွေနဲ့ ယဉ်ပါးလာအောင် ပညာတတ်တွေ၊ ကျွမ်းကျင်သူတွေ အတွက်သာ မဟုတ်ဘူး။ ပြည်သူအားလုံးအတွက် ဖြစ်တယ် ဆိုတာကို ထင်ရှားစေချင်ပါတယ်။
ဝေးကွာမှုတွေလျော့ကျလာ
အီလက်ထရောနစ်အစိုးရ (e-Government)ကို အကျိုးတရားများစွာကို ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အစိုးရရဲ့ လုပ်ငန်း လုပ်ဆောင်မှုများ လွယ်ကူလျင်မြန်လာစေဖို့၊ လုပ်ငန်း များ ပိုမိုတွင်ကျယ်စေဖို့၊ ဆုံးဖြတ်ချက်များ မှန်မှန် ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ချနိုင်ဖို့၊ ဝန်ဆောင်မှုပေးရာမှာ တိုးတက်ကောင်းမွန်လာစေဖို့၊ ပြည်သူတွေရဲ့ လိုအပ်ချက် တွေကို ဖြည့်ဆည်းပေးရာမှာ ပွင့်လင်းမြင်သာမှုရှိစွာ၊ တုံ့ပြန်မှုအားကောင်းစွာနဲ့ လျင်မြန်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်စေဖို့၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ တွေ ဖွံ့ဖြိုးလာစေဖို့ဖြစ်ပါတယ်။ e-Government ကို အကောင်အထည်ဖော်ခြင်းဖြင့် အစိုးရနဲ့ပြည်သူ၊ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနအချင်းချင်း၊ အစိုးရနဲ့နိုင်ငံ့ဝန်ထမ်းများအကြား ဝေးကွာမှုတွေ လျော့ကျလာပြီး အစိုးရဌာနများနဲ့ ဆက်ဆံဆောင်ရွက်တဲ့ ကိစ္စတွေ လွယ်ကူလျင်မြန်လာစေမှာဖြစ်ပါတယ်။
အရှိန်အဟုန်နဲ့ ကြိုးပမ်း
e-Government ဟာ တိုင်းပြည်ပိုမိုဖွံ့ဖြိုးတိုးတက် လာစေဖို့ စွမ်းဆောင်ပေးနိုင်တဲ့အရာ (Enabler)တစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ လိုအပ်နေတဲ့ နိုင်ငံရဲ့ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရရှိဖို့၊ ဆင်းရဲမှုတွေ လျှော့ချနိုင်ဖို့အတွက် e-Government အကောင်အထည် ဖော်မှုများက အလွန်အရေးပါပါတယ်။ e-Government ရဲ့ အကျိုးသက်ရောက်မှုကလည်း အလွန်ပဲများပါတယ်။ ဒါကြောင့် e-Government ကဏ္ဍ တိုးတက်မှုမရှိရင် ပြည့်စုံတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုလို့ ပြောလို့မရ တော့ပါဘူး။ အခုဆိုရင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က e-Government ဖွံ့ဖြိုးတိုးတက်မှုကို၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုကို တိုင်းတာတဲ့ ဖွံ့ဖြိုးမှုညွှန်းကိန်း (develop-ment indicator)တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အဲဒီ e-Government ဖွံ့ဖြိုးမှုညွှန်းကိန်းကို အွန်လိုင်း ဝန်ဆောင်မှုများ ညွှန်းကိန်း၊ ဆက်သွယ်ရေး တယ်လီ ကွန်မြူနီကေးရှင်း အခြေခံအဆောက်အဦဆိုင်ရာ ညွှန်းကိန်းနဲ့ လူသားစွမ်းရည် ဖွံ့ဖြိုးတိုးတက်မှုညွှန်းကိန်း ဆိုတဲ့ ညွှန်းကိန်း(၃)ခုကို အသုံးပြုပြီး တိုင်းတာတွက်ချက် တာကို တွေ့ရှိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ e-Government ညွှန်းကိန်းကိုကြည့်ရင် ၂ဝ၁၆ ခုနှစ်က နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အဆင့်(၁၆၉)၊ ၂ဝ၁၈ ခုနှစ်မှာ အွန်လိုင်းဝန်ဆောင်မှုများနဲ့ ဆက်သွယ်ရေးအခြေခံ အဆောက်အဦတွေ အထူးသဖြင့် မိုဘိုင်းဆက်သွယ်ရေး မှာ တိုးတက်လာလို့ (၁၅၇) အဆင့်ကို တိုးတက်လာခဲ့ပါ တယ်။ ဒါပေမယ့် ညွှန်းကိန်းတန်ဖိုးတွေဟာ အာဆီယံ ဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဒေသရဲ့ ပျမ်းမျှအောက် ရောက်နေသေးတာကို တွေ့ရှိရပါတယ်။ ကျွန်မတို့ ဒီထက်ပိုပြီး အရှိန်အဟုန်နဲ့ ကြိုးပမ်းကြဖို့ လိုသေးတယ်ဆိုတာကို ပြသနေတာပါ။
တိုးတက်မှုမြန်ဆန်ဖို့ရာ အရေးကြီး
အဲဒီဟာကတော့ ကျွန်မတို့ ဒီကဏ္ဍမှာတင် မဟုတ် ပါဘူး။ ဥပမာ ပညာရေးတို့ ၊ တခြားကဏ္ဍမှာလည်း ကမ္ဘာ့အဆင့် တက်လာတယ်ဆိုပေမယ့် အာဆီယံအဆင့် မှာကျတော့ ကျွန်မတို့ မတက်လာတဲ့အပြင် တစ်ခါတလေ ကျတောင်ကျသွားတာကို တွေ့ရပါတယ်။ အဲဒါ ဘာကို ပြနေသလဲဆိုတော့ ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေက ကျွန်မတို့ထက် တိုးတက်မှုမြန်တယ်ဆိုတာကို ပြနေ တာပါ။ ကျွန်မတို့က တိုးတက်ရုံနဲ့ မလုံလောက်ဘူး။ တိုးတက်မှုမြန်ဆန်ဖို့ရာ အရေးကြီးပါတယ်။ အဲဒီဟာ အတွက်လည်း e-Government အစီအစဉ်ကနေပြီးတော့ အထောက်အကူပေးလိမ့်မယ်လို့ ကျွန်မတို့ မျှော်လင့်ပါ တယ်။
သုံးစွဲနိုင်စွမ်းရှိအောင်ဆောင်ရွက်
e-Government ဝန်ဆောင်မှုတွေ ပေးရာမှာလည်း အားလုံးတန်းတူ အသုံးပြုနိုင်ခွင့်ရရှိဖို့ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ ဝေးလံခေါင်ဖျား ကျေးလက်ဒေသများအတွက် မိုဘိုင်းနဲ့ အင်တာနက်ဆက်သွယ်မှု ရရှိနိုင်အောင် စနစ်တကျသုံးစွဲတတ်အောင်၊ သုံးစွဲနိုင်စွမ်းရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
ပါဝင်ကူညီ
အားလုံးသိပြီးဖြစ်တဲ့အတိုင်း e-Government ဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ မြန်မာနိုင်ငံအနေနဲ့ ဒီခရီး ရှည်ကြီးကို အောင်မြင်စွာသွားနိုင်ဖို့အတွက် ခေတ် အဆက်ဆက် နိုင်ငံဦးဆောင်သူများရဲ့ အမြော်အမြင် (vision)နဲ့ ခေါင်းဆောင်မှု၊ ဦးဆောင်မှု (leadership) က အလွန်အရေးကြီးပါတယ်။ လိုအပ်တဲ့ အဖွဲ့အစည်းများ ဖွဲ့စည်းတည်ဆောက်မှုတွေကိုလည်း လုပ်ဆောင်ဖို့ လိုတာကြောင့် e-Government ဦးဆောင်ကော်မတီ၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီနဲ့ လုပ်ငန်းအလိုက် ဆပ်ကော်မတီများကို လည်း ဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်။ e-Government အကောင်အထည်ဖော်ရာမှာ အစိုးရပိုင်းသာမက ပုဂ္ဂလိက ဘက်ကလည်း ပါဝင်ကူညီနိုင်အောင် လုပ်ငန်းကော်မတီ များဖွဲ့စည်းရာမှာ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နဲ့ တက္ကသိုလ်များကိုလည်း ပါဝင်ဖွဲ့စည်းပေးခဲ့ပါတယ်။
အခုဆိုရင် e-Government အကောင်အထည်ဖော် ဖို့ လိုအပ်တဲ့ အခြေခံအဆောက်အဦများကိုလည်း တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ ဝန်ကြီးဌာနများ အချင်းချင်း ချိတ်ဆက်ထားတဲ့ ဆက်သွယ်ရေးကွန်ရက် ကိုလည်း တည်ဆောက်ထားပြီးပါပြီ။ အစိုးရဝန်ကြီးဌာန များရဲ့ အချက်အလက်များကို လုံခြုံစွာသိမ်းဆည်းထား နိုင်ဖို့၊ ဝန်ဆောင်မှုများပေးနိုင်ဖို့ အစိုးရဒေတာစင်တာ တစ်ခု တည်ဆောက်သွားနိုင်ဖို့လည်း စီမံဆောင်ရွက်နေ ပါပြီ။ အရေးကြီးတဲ့ ဥပဒေပိုင်းမှာလည်း e-Government အတွက် လိုအပ်နေတဲ့ ဥပဒေတချို့ကို ပြဋ္ဌာန်းထားပြီး ဖြစ်သလို ဆိုက်ဘာပြစ်မှုများဆိုင်ရာဥပဒေ၊ ဒေတာ လုံခြုံရေးဆိုင်ရာဥပဒေ စတဲ့ဥပဒေများကို ရေးဆွဲပြဋ္ဌာန်း နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြပါပြီ။ e-Government အကောင်အထည်ဖော်ရာမှာ ဌာနများအလိုက်၊ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်များအလိုက် ဆောင်ရွက်နေတာတွေ ရှိသလို အစိုးရဝန်ထမ်းများရဲ့ အိုင်စီတီကျွမ်းကျင် တတ်မြောက်မှုစွမ်းရည်ကို ဖြည့်ဆည်းပေးဖို့အတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်နဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဆပ်ကော်မတီတို့ကလည်း ဝန်ထမ်းများကို အခြေခံအိုင်စီတီကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ပို့ချ ပေးနေပြီ ဖြစ်ပါတယ်။ အထူးပြုနည်းပညာကျွမ်းကျင်မှု များအတွက်လည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ အထူးပြုသင်တန်းတွေကို အခါအခွင့်သင့် သလို ပို့ချဆောင်ရွက်ပေးနေပါတယ်။ အစိုးရဌာန အသီးသီးအနေနဲ့ e-Government ကို အကောင်အထည် ဖော်ရာမှာ အစိုးရရဲ့ လုပ်ငန်းစဉ်များနဲ့ အလုပ်လုပ်ကိုင်တဲ့ ပုံစံတွေကိုလည်း တိုးတက်နေတဲ့ နည်းပညာများနှင့်အညီ လိုက်လျောညီထွေဖြစ်တဲ့ ပုံစံတွေနဲ့ ပြောင်းလဲသွားကြ ရမှာပါ။ ဒီလို လိုက်လျောညီထွေဖြစ်အောင် မပြောင်းလဲ နိုင်ရင် e-Government မအောင်မြင်နိုင်ကြောင်း သတိပြု ကြဖို့ မှာကြားလိုပါတယ်။
လုပ်ငန်းတွေ ပိုမိုမြန်ဆန်
အများပြောနေကြတဲ့ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲ ခြင်း (Digital Transformation) ဆိုတာက ကျွန်မတို့ အခုနေထိုင်နေတဲ့ လူမှုပတ်ဝန်းကျင်မှာ ဒစ်ဂျစ်တယ် နည်းပညာကိုသုံးပြီး လုပ်ငန်းတွေ ပိုမိုမြန်ဆန် အဆင်ပြေ ချောမွေ့ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ အခုဆိုရင် လူတိုင်းနီးပါး Smart Phone တွေ သုံးလာနိုင်တဲ့အတွက်
ဖုန်းကနေ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်နိုင်တယ်၊ သတင်း အချက်အလက်တွေ ပို့နိုင်တယ်၊ ရောင်းတာ၊ ဝယ်တာတွေ လုပ်နိုင်တယ် စသည်ဖြင့် နေ့စဉ် လူမှုဘဝလုပ်ငန်း တော်တော်များများကို ဖုန်းတွေနဲ့ မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ ဆောင်ရွက်လာနိုင်တာ တွေ့ရမှာဖြစ်ပါ တယ်။ အခုဆို Smart Phone တွေဟာ စံလို့ပြောမထား ပေမယ့် စံတစ်ခုဖြစ်နေတဲ့ လက်တွေ့အားဖြင့် ပကတိ အရှိတရား(de-facto) Digital Platform တစ်ခုဖြစ်လာပြီး Smart Phone တွေကို အသုံးချပြီး အစိုးရဝန်ဆောင်မှု တွေကို ဘယ်လို လွယ်ကူလျင်မြန်စွာ ပေးနိုင်မလဲဆိုတာကို စဉ်းစားပြီး e-Government လုပ်ငန်းတွေ DigitalPlatform ပေါ်ရောက်အောင် ရွှေ့ပြောင်းကြဖို့ မှာကြားလိုပါတယ်။
ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း
ဒီနေရာမှာ တစ်ဆက်တည်း ပြောချင်တာကတော့ အခုလို Smart Phone တွေနဲ့ အင်တာနက်ကို သုံးစွဲတဲ့ နေရာမှာ အသုံးပြုနေကြတဲ့ Mobile SIM Card ကိစ္စပဲ ဖြစ်ပါတယ်။ Online ဝန်ဆောင်မှုတွေကိုသုံးစွဲကြတဲ့အခါ Mobile ဖုန်းနံပါတ်ကို အသုံးပြုပြီး Authenticate သုံးစွဲသူ မှန်ကန်ကြောင်း စိစစ်သက်သေခံတဲ့ လုပ်ငန်းစဉ် တွေကို ပြုလုပ်ကြရပါတယ်။ ဒီလို အသုံးပြုကြရတဲ့အခါမှာ မိမိဖြစ်ကြောင်း မဖော်ပြဝံ့သူ၊ အဖျက်အမှောင့်လုပ်ငန်း ဆောင်ရွက်လိုသူ၊ ဆိုက်ဘာပြစ်မှုကျူးလွန်လိုသူတွေက SIM Card Registration လုပ်ငန်းစဉ်ရဲ့ အားနည်းချက်ကို အသုံးချပြီး သတင်းတုသတင်းမှားတွေ ဖြန့်ဝေခြင်း၊ အမုန်း စကားတွေ ဖြန့်ဝေခြင်း၊ ဆိုက်ဘာပြစ်မှုကျူးလွန်ခြင်း စတာတွေကို ကျူးလွန်နေကြပါတယ်။ ဒီလိုဖြစ်စဉ်တွေ ကို ထိန်းကျောင်းဖို့ SIM Registration လုပ်ငန်းစဉ်ကို ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ စီမံဆောင်ရွက်လျက် ရှိပါတယ်။ အသိအမြင်နဲ့ တာဝန်ခံမှုရှိတဲ့ တာဝန်သိပြည်သူ တွေအနေနဲ့ SIM Registration လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ကြစေလိုပါတယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ပါမှ တရားဥပဒေစိုးမိုးရေးအပါအဝင် နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ တိုးတက်ရေးတွေအတွက် အထောက်အကူဖြစ်မှာမို့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း နှိုးဆော်တာ ဖြစ်ပါတယ်။
SIM Card တွေကို မှတ်ပုံတင်
တစ်ခါတည်းပြောရမယ်ဆိုရင် ကိုယ်က အပြစ် မလုပ်ထားဘူး၊ မဟုတ်တာ မလုပ်ထားဘူးဆိုရင် အခု စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာဖို့ရာ ဘာမှ ဝန်လေးစရာမလိုပါဘူး။ ကိုယ်ဟာ ဘယ်သူလဲဆိုတာ ဖုံးဖိထားဖို့ ရည်ရွယ်ချက်ရှိတယ်။ ဖုံးဖိထားဖို့ လိုနေပြီ ဆိုကတည်းက တစ်ခုခုတော့ မမှန်ဘူးဆိုတာ ကျွန်မတို့ ခန့်မှန်းလို့ရပါတယ်။ ဒါကြောင့်မို့လို့ အပြစ်မရှိတဲ့ပြည်သူ များ၊ ရိုးရိုးသားသားဖုန်းတွေကို သုံးစွဲနေတဲ့ ပြည်သူများ အနေနဲ့ အခုကျွန်မတို့ရဲ့ ထုတ်ထားတဲ့ ညွှန်ကြားချက်နဲ့ ကိုက်ညီစွာ SIM Card တွေကို မှတ်ပုံတင်ပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။
လျင်မြန်တိကျ လုံခြုံစွာဆောင်ရွက်
အစိုးရကနေ နိုင်ငံသားတွေသိသင့်တဲ့ အချက်အလက် တွေ၊ အကျိုးကျေးဇူးရရှိစေမယ့် အချက်အလက်တွေကို အများသိအောင် ထုတ်ပြန်ပေးတဲ့စနစ် (Open Data System) ကိုလည်း ရှေ့ဆက်ပြီး အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ အသုံးပြုတဲ့အခါ ကိုယ့်ရဲ့ သက်သေခံလက်မှတ်အဖြစ် အသုံးပြုနိုင်မယ့် အီလက် ထရောနစ် သက်သေခံလက်မှတ် (Certification Authority- CA, Digital Signature) ကိုလည်း မကြာမီထုတ်ပေး နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အတွင်း နေထိုင်သူအဖြစ် မှတ်ပုံတင်ခြင်းလုပ်ငန်းကို သတင်းအချက်အလက် နည်းပညာအသုံးပြုပြီး နံပါတ် သတ်မှတ် (Unique ID) ထုတ်ပေးခြင်းလုပ်ငန်းကိုလည်း အကောင်အထည်ဖော်နိုင်ဖို့ စီမံဆောင်ရွက်လျက် ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီလို စနစ်တွေကို အကောင်အထည်ဖော်နိုင်ခြင်းဖြင့် e-Government လုပ်ငန်းစဉ်များအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ အတည်ပြုခြင်း (Verification)၊ သတ်မှတ်ခြင်း (Identi-fication)နဲ့ ခွင့်ပြုခြင်း ( Authentication) တို့ကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ လျင်မြန်တိကျ လုံခြုံစွာ ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။
အာရုံခံကိရိယာ (Sensor) တွေကိုအသုံးပြု
အခုဆို ကမ္ဘာရဲ့အရွေ့က စတုတ္ထမြောက် စက်မှု တော်လှန်ရေး (Industry Revolution 4.0) ကိုသွားနေပြီ။ အချက်အလက်အစုအဝေး (Big Data) ကို သုံးပြီး အချက် အလက်များကို သရုပ်ခွဲခြင်း (Analysis) လုပ်တာတွေ ဆောင်ရွက်နေကြပြီ။ အမျိုးမျိုးသော အာရုံခံကိရိယာ (Sensor) တွေကိုအသုံးပြုပြီး အင်တာနက်ကနေတစ်ဆင့် အချက်အလက်တွေ အလိုအလျောက်ကောက်ခံတာတွေ လုပ်နေကြပါပြီ။ အားလုံးက (Smart Factory)၊ စမတ်ကား၊ Smart ဖြစ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ (Smart Health Care)၊ အပူချိန်၊ စိုထိုင်းဆ၊ ရေပေးမှု၊ ပိုးသတ်ဆေး ဖျန်းတာ စတဲ့လုပ်ငန်းများကို sensor များ အသုံးပြုပြီး အလိုအလျောက် ဆောင်ရွက်ပေးမယ့် Smart Farming ဆိုတဲ့ စိုက်ပျိုးရေးနည်းသစ်တွေ၊ မြို့နေပြည်သူတွေ အေးချမ်းသာယာမှုကို ဖန်တီးပေးနိုင်ဖို့ Smart City တွေ တည်ထောင်နေကြတဲ့ခေတ်မှာ နောက်ကသာ အမီမလိုက် နိုင်ခဲ့ရင် လူမှုရေး၊ စီးပွားရေး ဆက်လက်ပြီးနောက်ကောက် ကျကျန်ခဲ့မှာ အသေအချာပါပဲ။
ကြိုးစားသွားမယ်ဆိုရင် အမီလိုက်နိုင်
ကျွန်မတို့ အမီလိုက်နိုင်တဲ့ အရည်အချင်းတွေလည်း ရှိပါတယ်။ မန္တလေးမှာဆိုရင် Smart City အနေနဲ့ သတ်မှတ် တာကို အများသိပြီးသားဖြစ်မှာပါ။ ဒီလိုပဲ ကျွန်မတို့အနေနဲ့ ကြိုးစားသွားမယ်ဆိုရင် အမီလိုက်နိုင်ပါတယ်။ ဒါပေမယ့် နောက်ကျန်ခဲ့တဲ့ နိုင်ငံမို့လို့ ပိုပြီးတော့ တခြားနိုင်ငံတွေထက် လျင်မြန်စွာ တိုးတက်နိုင်အောင်လို့ ကြိုးစားဖို့တော့ ကျွန်မ သတိပေးချင်ပါတယ်။
အိုင်တီနည်းပညာသုံး ဆောင်ရွက်တာဖြစ်
အခုကြိုးစားအကောင်အထည်ဖော်နေကြတဲ့ Industry 4.0 ဆိုတာ ဒစ်ဂျစ်တယ်စနစ်သို့ပြောင်းလဲခြင်း (Digital Transformation) ပြုလုပ်ပြီးတော့ ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းအစကနေ လုပ်ငန်းစဉ်အဆုံးအထိကို အိုင်တီနည်း ပညာသုံး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒါကြောင့် IR 4.0 အရ ကြုံတွေ့လာမယ့် အခြေအနေတွေအတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားရှိဖို့ လိုပါတယ်။
အစိုးရလုပ်ငန်းတွေမှာ အိုင်စီတီနည်းပညာသုံးတဲ့ e-Government ကို အသွင်ကူးပြောင်းဖို့ ယခုထက်ပိုပြီး ကြိုးစားလုပ်ဆောင်ကြဖို့၊ အရှိန်မြှင့်ကြဖို့လိုနေပြီလို့ ပြောကြားချင်ပါတယ်။ အချင်းချင်းပူးပေါင်းပြီးတော့ နည်းလမ်းတွေ ရှာကြဖို့လိုပါတယ်။ ယခုကျင်းပတဲ့ ဒီ e-Government Conference မှာ ကျွန်မတို့ ရှာဖွေနေတဲ့ လိုချင်နေတဲ့အဖြေတွေကို ဆွေးနွေးတိုင်ပင်နိုင်ပြီး အကြံဉာဏ် ကောင်းတွေရလာဖို့ မျှော်လင့်ပါတယ်။
မြန်မြန်ဆန်ဆန်တိုးတက်နိုင်ဖို့ကြိုးစား
ကျွန်မတို့နိုင်ငံနဲ့ သင့်တော်မယ့် အကြံဉာဏ်ကောင်း တွေကို စဉ်းစားပါ။ အခြားနိုင်ငံတွေ လုပ်တာချည်းပဲ ကျွန်မ တို့လိုက်ပြီး လုပ်ဖို့မလိုပါဘူး။ အဲဒီလိုလုပ်ရုံနဲ့လည်း လုံလောက်မှာ မဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံအတွက် အထူးလိုအပ်ချက်တွေကို သတိပြုပြီးတော့ ကျွန်မတို့ မြန်မြန်ဆန်ဆန်တိုးတက်နိုင်ဖို့ကို ကြိုးစားစေချင်ပါတယ်။
အိုင်စီတီပြခန်းများလည်း ပါဝင်ပြသ
နိဂုံးချုပ်အနေနဲ့ ဒီ “e-Government Conference and ICT Exhibition” ပြပွဲဟာ မြန်မာနိုင်ငံရဲ့ e-Govern-ment အကောင်အထည်ဖော်ခြင်း လုပ်ငန်းအတွက် အရေးပါတဲ့ ညီလာခံ၊ အရေးပါတဲ့ပြပွဲတစ်ခု ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။ အိုင်စီတီပြခန်းများလည်း ပါဝင်ပြသ တာဖြစ်လို့ e-Government ဆိုင်ရာစနစ်များ၊ နည်းပညာ များကို တစ်နေရာတည်းမှာ လေ့လာနိုင်အောင် ဖန်တီးပေး ထားတာဖြစ်လို့ အင်မတန်မှ ကောင်းမွန်ပါတယ်။ အခုလို စတုတ္ထအကြိမ်မြောက်အထိ ဒီပွဲကိုဖြစ်မြောက်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြပါသော e-Government ဦးဆောင် ကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ကို အထူးကျေးဇူး တင်ပါကြောင်း ပြောကြားလိုပါတယ်။
ထက်သန်တဲ့စိတ်နဲ့ ဝိုင်းဝန်းပံ့ပိုး
e-Government စနစ်များ အောင်မြင်ဖို့အတွက် အားလုံးက e-Government မျှော်မှန်းချက်တွေကို နားလည်သဘောပေါက်ပြီး အောင်မြင်အောင် ဆောင်ရွက် မယ်လို့ တကယ့်ကိုရင်ထဲက လှိုက်လှိုက်လှဲလှဲ ခံယူကြိုးစား ကြဖို့ လိုအပ်ပါတယ်။ အမှန်တကယ် ဒီလိုခံယူချက်မရှိရင် မအောင်မြင်နိုင်ပါဘူး။ အားလုံးလို့ဆိုရာမှာ နိုင်ငံအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ခရိုင်မြို့နယ် ကျေးရွာ အဆင့်ဆင့်မှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းများ အားလုံး၊ စီးပွားရေး လုပ်ငန်းများ၊ အသင်းအဖွဲ့များ၊ အသိပညာရှင်များ၊ နိုင်ငံသားများအားလုံးပါဝင်ကြပြီး ထက်သန်တဲ့စိတ်နဲ့ ဝိုင်းဝန်းပံ့ပိုး ကြိုးစားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်၊ ဒါကြောင့် အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြပါလို့ မှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု ပြောကြားသည်။
မှတ်တမ်းတင် ဓာတ်ပုံရိုက်
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယ သမ္မတနှင့် ဧည့်သည်တော်များသည် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ် အမှုဆောင်များနှင့် လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် လည်းကောင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယ သမ္မတနှင့် ဧည့်သည်တော်များအား မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ဧည့်ခန်းမ၌ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က မြန်မာ နိုင်ငံ ကွန်ပျူတာအသင်းချုပ်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်က စတုတ္ထစက်မှုတော်လှန်ရေးနှင့် အနာဂတ် မြန်မာနိုင်ငံတော်နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း တင်ပြကြသည်။
လှည့်လည်ကြည့်ရှုအားပေး
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယ သမ္မတနှင့် ဧည့်သည်တော်များသည် ဝန်ကြီးဌာနများ၊ အသင်း ချုပ်များနှင့် နည်းပညာကုမ္ပဏီများမှ ခင်းကျင်းပြသထား သည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်များကို ဆက်လက်ကျင်းပရာ e-Government ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က e-Government ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက် နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က ကွန်ပျူတာအသင်းချုပ်၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။
လက်မှတ်ရေးထိုး
ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့အကြား “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအရ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ရေး” နားလည်မှု စာချွန်လွှာကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က လည်းကောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်တို့အကြား “ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာအရ တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်ရေး” နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင် နှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့် တို့က လည်းကောင်း လက်မှတ်ရေးထိုးကြသည်။
ယင်းနောက် ပညာရှင်များက “ဒီဂျစ်တယ်အစိုးရသို့” ခေါင်းစဉ်စကားဝိုင်းကို လည်းကောင်း၊ “မြန်မာစတုတ္ထ စက်မှုတော်လှန်ရေးနှင့် အနာဂတ်မြန်မာနိုင်ငံတော်” ခေါင်းစဉ်ကို လည်းကောင်း ဆွေးနွေးကြသည်။
၁၉ ရက်အထိ ကျင်းပသွားမည်
e-Government ဆိုင်ရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment