Wednesday, February 26, 2020

Coronavirus Disease 2019(COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေး(ပဉ္စမအကြိမ်) ကျင်းပ




Image may contain: 9 people, people sitting, table, food and indoor
နေပြည်တော် ဖေဖော်ဝါရီ ၂၅



Coronavirus 2019 (COVID-19) ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေး ကော်မတီ(ပဉ္စမအကြိမ်) ညှိနှိုင်း အစည်းအဝေးကို နံနက် ၁၁ နာရီက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ညှိနှိုင်း အစည်းအဝေးတွင် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်း ဆက်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက COVID-19 လတ်တလော အသက်ရှူလမ်း ကြောင်းဆိုင်ရာ ရောဂါသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အထူးသဖြင့် ဝူဟန်မြို့တွင် အဓိကကူးစက်ပျံ့နှံ့ခဲ့ သော်လည်း ယခုအခါ အခြားနိုင်ငံများ အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အီရန်နိုင်ငံ စသည့် နိုင်ငံများအပါအဝင် ကူးစက် ပျံ့နှံ့မှု များပြားလာလျက်ရှိကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၌ ရောဂါ ကူးစက်ပြန့်ပွားမှုသည် ပြည်သူလူထု အတွင်း၌ စတင်ဖြစ်ပွားခဲ့ကာ ရောဂါ ကူးစက်မှုနှုန်းမြင့်မားနေသည့် ကာလ Ascending phase ဖြစ်နေသည့် အတွက် ယခုကာလအတွင်း မြန်မာ နိုင်ငံသို့ လာရောက်မည့် ခရီးသည်များ အား သေချာစွာကြပ်မတ်ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံအတွင်း ၌ Coronavirus 2019 (COVID-19) ကြောင့် ဖြစ်ပွားသော လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အတည်ပြု ရောဂါ လူနာမတွေ့ရှိသေးသော် လည်း ကူးစက်ရောဂါဖြစ်ပွားမှုများ သည် အချိန်၊ နေရာမရွေး၊ လူအများ၌ ကူးစက်ဖြစ်ပွားနိုင်သဖြင့် ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ “ပထမဦးစားပေးအရေးပေါ်” ကိစ္စရပ် (top priority emergency issue) အနေဖြင့် အထူးဂရုပြု၍ ဆက်လက်အားထုတ် ဆောင်ရွက် လျက်ရှိပါကြောင်း။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ရောဂါစောင့် ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက် ပေါက်များအနေဖြင့် လည်းကောင်း၊ ဆေးရုံအခြေပြုနှင့် ပြည်သူလူထု အခြေပြုအနေဖြင့် လည်းကောင်း ဆောင်ရွက်လျက်ရှိရာတွင် ပြည်သူ လူထုအခြေပြု ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများသည်လည်း အရေးကြီးသော အနေအထားတွင် ပါဝင်ပြီး သက်ဆိုင်ရာ နှီးနွှယ်ဌာန များမှ ဆက်လက်ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ထိရောက်စေရန်အတွက် COVID-19 ရောဂါအား ကူးစက်မြန်ရောဂါ (သို့) သတင်းပေးပို့တိုင်ကြားရမည့် ရောဂါ အဖြစ် သတ်မှတ်နိုင်ရေးစီစဉ်လျက်ရှိ ပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူစုလူဝေးများ ပြုလုပ်ခြင်းအား ရှောင်ကြဉ်ခြင်းအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှလည်း တိုက်တွန်း ထားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့်လည်း နှိုးဆော် ချက်များ ထုတ်ပြန်ပြီးဖြစ်ကာ အကယ်၍ မဖြစ်သာသဖြင့် လူအများ စုဝေးသော ပွဲလမ်းသဘင်များ ဆောင်ရွက်သည့်အခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကျန်းမာရေးအသိပညာ ပေးချက်များအား လိုက်နာဆောင်ရွက် ရန်ဖြစ်ပါကြောင်း။
နေပြည်တော်တွင် ကျင်းပမည့် ဆရာတော်ကြီးများအား ဘွဲ့တံဆိပ် ကပ်လှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် နှီးနွှယ်ဌာနများဖြင့် အစည်းအဝေးကျင်းပခဲ့ပြီး သေချာစွာ စိစစ်လုပ်ဆောင်ရန် ပြင်ဆင်ထားရှိပါ ကြောင်း၊ Visa ကို ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်းများ ဆောင်ရွက်ခြင်း သည် အရေးကြီးပြီး လူဝင်မှုကြီးကြပ် ရေးနှင့် နိုင်ငံခြားရေးဌာနများဖြင့် အဓိက ပူးပေါင်းလုပ်ဆောင်သွားရန် ဖြစ်ပါကြောင်း၊ မိမိတို့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနအနေဖြင့် မကြာမီကျင်းပရန်ရှိသည့် အာဆီယံ အဆင့် Health Cluster Meeting အား ရက်ရွှေ့ဆိုင်းခဲ့ပါကြောင်း၊ ရောဂါ ဖြစ်ပွားမှုများသော နိုင်ငံများတွင် သွားရောက် တက်ရောက်နေသည့် ဝန်ကြီးဌာနအသီးသီးမှ ပညာသင် ကျောင်းသားများအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာနိုင်သည့် အနေအထားများကို လည်း ကြိုတင်ပြင်ဆင်နိုင်ရန်ဖြစ် ကြောင်း။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များ နှင့် ဆိပ်ကမ်းများ၊ နယ်စပ်ဝင်ပေါက်၊ ထွက်ပေါက်များတွင် လုပ်ငန်း လမ်းညွှန်များကိုလည်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထား သော လုပ်ငန်းလမ်းညွှန်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်လျက် ရှိပါကြောင်း၊ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ နှီးနွှယ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းမှုဖြင့် သေချာစွာ ဆောင်ရွက်လာနိုင်သည့် အခြေအနေ သို့ ရောက်ရှိနေသည်ကို တွေ့ရှိရပါ ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း မှလည်း ပြည်သူများ၏ လူမှုစီးပွားရေးတည်ငြိမ်စေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကုန်သွယ်ရေးစသည့် ကဏ္ဍတို့တွင် ထိခိုက်မှုနည်းပါးစေရန် တိုက်တွန်းလျက် ရှိပါကြောင်း၊ အသစ်ဖြစ်ပွားလာသော ရောဂါများ နှင့် ပြန်လည်ဖြစ်ပွားလာသော ရောဂါ များ ဖြစ်ပွားမှုများတွင် SARS-CoV, MERS-CoV နှင့် Avian Influenza စသည့်ရောဂါများသည် ယခု ဆယ်စု နှစ်များအတွင်း ပုံမှန်ဖြစ်ပွားလျက် ရှိကြောင်း တွေ့ရှိရသဖြင့် လူအများ၏ ကျန်းမာရေးအပြင် ဟိုတယ်နှင့် ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် လူမှုစီးပွားရေးများပါ ထိခိုက်နိုင်သည့် အတွက် ထိခိုက်နစ်နာမှုများ နည်းနိုင် သမျှ နည်းပါးစေရန်အတွက် သက်ဆိုင်ရာ နှီးနွှယ်တာဝန်ရှိသူများ အားလုံး အတူတကွလက်တွဲဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် ယခု ပေါင်းစပ်ညှိနှိုင်းဆက်သွယ်ရေးကော်မတီအစည်းအဝေးကို တစ်ပတ် လျှင် တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်ပါ ကြောင်းနှင့် ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် ယခု အစည်းအဝေးဆုံးဖြတ်ချက် များကို စုစည်း၍ ဗဟိုကော်မတီသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ပါ ကြောင်း စသည်ဖြင့် ပြောကြားသည်။
ယင်းနောက် ဌာနဆိုင်ရာ အသီးသီးမှ မိမိတို့ ဝန်ကြီးဌာနနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များ၊ ဆက်လက်လုပ်ဆောင်ရမည့် အရာ များနှင့် ပေါင်းစပ်ညှိနှိုင်းရမည့် အချက်များအား ဗဟိုကော်မတီသို့ တင်ပြနိုင်ရေးအတွက် အသေးစိတ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment