Thursday, February 20, 2020

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွန်းဇံနှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံများနှင့်တွေ့ဆုံ



Image may contain: 1 person, standing and flower
ထန်တလန် ဖေဖော်ဝါရီ ၁၉



နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ယနေ့တွင် ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် ထန်တလန် မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသော နေအိမ်အလုံး ၅၀ ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်သည်။
ကလေးမြို့ရောက်ရှိ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တိုင်းဒေသကြီးဝန်ကြီး များ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မြို့မိမြိုဖ များ၊ ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများက ကလေး လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကလေးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ချင်းပြည်နယ် တွန်းဇံမြို့သို့ ရောက်ရှိကြရာ ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့က ရိုးရာယဉ်ကျေးမှုအကများဖြင့် လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ရမ်း ၍ လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။
ဒေသခံပြည်သူများနှင့် တွေ့ဆုံ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချင်းပြည်နယ် တွန်းဇံမြို့ရှိ ချင်းရွှေပြည်ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယ ဝန်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင် နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အထူးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ပေးနေ
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ပထမဦးဆုံးအနေနဲ့ ကျွန်မတို့ နောက်ကျတဲ့အတွက် တောင်းပန်ပါတယ်။ ရာသီဥတုကြောင့် ကလေးမြို့ကနေ ရဟတ်ယာဉ်ထွက်တာ နောက်ကျပါတယ်။ ဒီလိုခရီးသွား တဲ့အခါ အထူးသဖြင့် ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေ ကိုသွားရင် ရာသီဥတုအခြေအနေကိုကြည့်ပြီး ကျွန်မတို့ လုပ်ရပါတယ်။ ဒါဟာ ကျွန်မတို့အားလုံး သင်ခန်းစာယူစရာ တစ်ခုပါ။ သဘာဝက ဖြစ်ပေါ်တဲ့ကိစ္စတွေကို ကျွန်မတို့က ပြောင်းလို့မရပါဘူး။ ပြောင်းလို့မရတဲ့အခါကျတော့ ဒါတွေ ကို ကျွန်မတို့ ကျော်လွှားဖို့လိုပါတယ်။ ဒါကြောင့် ချင်းပြည် နယ်လို နယ်စပ်ဒေသ အင်မတန်ဝေးလံခေါင်သီတဲ့နေရာ မှာ ဘဝက ကြမ်းကြမ်းတမ်းတမ်းနဲ့ ရင်ဆိုင်ရတဲ့ နေရာ တွေကို အထူးဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ပေးနေပါတယ်။ ဒီလို လုပ်မှလည်း ကျွန်မတို့နိုင်ငံဟာ ပိုပြီး၊ တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးဆက်သွယ်မှုရှိလာမှာပါ။
ချင်းပြည်နယ်မှာဆိုရင် တောင်တန်းတွေ၊ အတက် အဆင်းတွေက အလွန်များပါတယ်။ လမ်းပန်းဆက်သွယ် ရေးက နည်းပါးပါတယ်။ ဒါကြောင့် ချင်းပြည်နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးကို အထူးအလေးထားပြီး လုပ်နေ ပါတယ်။ ဒါပေမယ့် ကျွန်မတို့နိုင်ငံက ကျယ်ပြန့်တဲ့အတွက် တစ်နိုင်ငံလုံးကို မျှမျှတတဖြစ်အောင် လုပ်ရပါတယ်။ အဲဒါ ကို ကျွန်မတို့ တိုင်းရင်းသားတွေအားလုံးက နားလည်မှု ပေးစေချင်ပါတယ်။
ကျွန်မတို့အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို တိုးတက်ဖွံ့ဖြိုးစေချင်ပါတယ်။ ချင်းပြည်နယ်မှာဆိုရင် ချင်းတိုင်းရင်းသားတွေက လိုအပ်ချက်တွေကို ပိုပြီးသိကြ ပါတယ်။ ကျွန်မတို့အနေနဲ့ ချင်းပြည်နယ်ရဲ့လိုအပ်ချက်ကို လည်း သိရမယ်၊ ကချင်ပြည်နယ်ရဲ့ လိုအပ်ချက်ကိုလည်း သိရမယ်။ ကရင်၊ ကယား စသဖြင့် အားလုံးကို ခြုံငုံပြီး ကြည့်ရပါတယ်။ ဒါကြောင့် ဒေသခံတွေနဲ့တွေ့တဲ့အခါ ကျွန်မ မကြာခဏဆိုသလိုမျိုး အခွင့်အခါသာတိုင်း ကျွန်မ တို့နိုင်ငံဟာ ပြည်ထောင်စုပါဆိုတာကို သတိပေးပါတယ်။
တိုင်းရင်းသားတွေနဲ့ ထူထောင်ထားတဲ့နိုင်ငံဖြစ်
ပြည်ထောင်စုဆိုတာ ပြည်နယ်တွေနဲ့ တိုင်းဒေသကြီး တွေနဲ့ စုပေါင်းပြီး ဖွဲ့ထားတာပါ။ အထူးသဖြင့် ကျွန်မတို့ရဲ့ နိုင်ငံဟာ တိုင်းရင်းသားများစွာနဲ့ ဖွဲ့ထားတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒီလိုမတူညီတဲ့ တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်း နိုင်တယ်ဆိုတာကိုက ကျွန်မတို့ရဲ့ အင်အားပါ။ ကျွန်မတို့ ဂုဏ်ယူရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမတူ ညီတဲ့ တိုင်းရင်းသားတွေနဲ့ ထူထောင်ထားတဲ့နိုင်ငံဖြစ်တာ ကို ကျွန်မတို့ ဂုဏ်ယူစေချင်ပါတယ်။ ဒီလို နိုင်ငံအနေနဲ့ တိုးတက်အောင်လို့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ၊ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံးက ဝိုင်းဝန်း ပြီး ကူညီပေးစေချင်ပါတယ်။
နိုင်ငံတိုးတက်ဖို့ အဓိကလိုအပ်ချက်က ငြိမ်းချမ်းရေး ပဲဆိုတာ အများအသိ ဖြစ်မှာပါ။ ချင်းပြည်နယ်ဟာ တခြား ပြည်နယ်တွေနဲ့စာရင် လက်နက်ကိုင်အဖွဲ့တွေ နည်းခဲ့ပါ တယ်။ နည်းခဲ့တဲ့အတွက် ပြည်သူတွေက ဒီလောက်ဒုက္ခ မရောက်ခဲ့ပါဘူး။ တချို့ပြည်နယ်တွေမှာ လက်နက်ကိုင် တိုက်ခိုက်နေတာ လွတ်လပ်ရေးရကတည်းကစခဲ့တာ အနှစ် ၇၀ ကျော်ပါပြီ ခုထက်ထိ ငြိမ်းချမ်းရေးမရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့အားလုံး ငြိမ်းချမ်းရေးရအောင်လို့ ဝိုင်းဝန်းပြီး လုပ်စေချင်ပါတယ်။ ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့ဆိုတာက ပြည်သူပြည်သားတွေအားလုံး ပါဝင်မှ ဖြစ်မှာပါ။
ကျွန်မတို့နိုင်ငံဟာ စောစောကပြောသလို တိုင်းရင်း သားများစွာနဲ့ ဖွဲ့ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုးကွယ်တဲ့ ဘာသာတွေကလည်း မတူပါဘူး။ ချင်းပြည်နယ်မှာ ခရစ်ယာန်ဘာသာဝင်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာမှာ ဂိုဏ်းတွေက အမျိုးမျိုးရှိပြီး အားလုံး ကိုးကွယ်တာ တစ်ခုတည်းပါ။ ဘုရားသခင်တစ်ပါးတည်း ကို ကိုးကွယ်တာကြောင့် ခရစ်ယာန်တွေအားလုံးဟာ ညီညီ ညွတ်ညွတ်ရှိကြမှာပါ။ ဒီအတိုင်းပဲ ကျွန်မတို့ရဲ့တိုင်းရင်းသား တွေဟာ မတူညီကြဘူးဆိုပေမယ့်လည်း ပြည်ထောင်စု တစ်ခုရဲ့ သားသမီးတွေဖြစ်တာမို့ ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးနေဖို့ အင်မတန်မှ အရေးကြီးပါတယ်။
ငြိမ်းချမ်းရေးကို နှလုံးသွင်း
နိုင်ငံအတွက် အထူးသဖြင့် ငြိမ်းချမ်းရေးက အရေး ကြီးတဲ့အတွက် ငြိမ်းချမ်းရေးကို နှလုံးသွင်းပြီး ကျွန်မတို့ရဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေက စဉ်းစားစေချင်ပါ တယ်။ ငြိမ်းချမ်းရေးဆိုတာ ချင်းပြည်နယ်မှာ အများစုဖြစ် တဲ့ ခရစ်ယာန်တွေကလည်း ငြိမ်းချမ်းရေးကို လိုချင်ကြပါ တယ်။ အားလုံးအသိပါ ခရစ်တော်ဟာ ငြိမ်းချမ်းရေးရဲ့ သံတမန်တစ်ပါး၊ ငြိမ်းချမ်းရေးရဲ့ မင်းကြီးဆိုပြီး ချီးမြှောက် ပြီးခေါ်ဆိုကြပါတယ်။ ဒီလိုငြိမ်းချမ်းရေးကို တကယ် ယုံကြည်တယ်ဆိုရင် စိတ်ထဲကနေစဖို့ ဖြစ်ပါတယ်။ စိတ်ထဲ ကနေပြီး ငြိမ်းချမ်းရေးကို စတယ်ဆိုတာ တစ်ဦးအပေါ် တစ်ဦး မေတ္တာထားတာနဲ့ စရမှာပါ။
ခရစ်ယာန်ဘာသာမှာဆိုရင် ဘုရားသခင်သည် မေတ္တာ တရားဖြစ်၏ဆိုပြီး ပြောကြပါတယ်။ ချစ်ခြင်းမေတ္တာကို ယုံကြည်ကိုးကွယ်သူများဟာ ငြိမ်းချမ်းရေးကို လိုလား ရမယ်၊ ငြိမ်းချမ်းရေးကို တန်ဖိုးထားရမယ်။ ဒါကြောင့် ချင်းပြည်နယ်က ပြည်နယ်သူပြည်နယ်သားတွေအားလုံး၊ မောင်နှမသားချင်းတွေအားလုံးကို ငြိမ်းချမ်းရေးဘက်ကို ဦးတည်တဲ့ လုပ်ငန်းတွေကို တတ်နိုင်သမျှ လုပ်ပေးကြပါ လို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ စောစောကပြော သလို စိတ်ထဲကနေ မေတ္တာတရားနဲ့ စရမှာပါ။ ငြိမ်းချမ်း ရေးရဲ့ အဓိကရန်ဘက်က ဒေါသဖြစ်ပါတယ်။ ဒေါသဆိုတာ မလိုမုန်းတီးတဲ့စိတ်၊ တခြားသူတွေရဲ့ အကျိုးစီးပွားကို မလိုလားတဲ့စိတ် ဒါတွေက ဒေါသစိတ်ဖြစ်ပါတယ်။
ပထမဦးဆုံးလိုအပ်ချက်က လုံခြုံရေး
ကျွန်မတို့အားလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် အကျိုးစီးပွားကိုလိုလားမယ်ဆိုရင် ကျွန်မတို့နိုင်ငံဟာ တိုးတက်မှုရှိမှာပါ။ လိုလိုလားလားနဲ့လုပ်ဖို့ ကျွန်မအနေ နဲ့ မေတ္တာရပ်ခံချင်ပါတယ်၊ တိုက်တွန်းချင်ပါတယ်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငြိမ်းချမ်းရေးမရှိလို့ မဖြစ်ဘူး ဆိုတာကို ကျွန်မတို့အားလုံး သတိပြုမိဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ ဒွန်တွဲနေပါ တယ်။ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးတိုးတက်ရေးကို ထိထိ ရောက်ရောက်ဖြစ်အောင် လုပ်နိုင်မှာပါ။ ဖွံ့ဖြိုးတိုးတက်မှု ရှိမှ ငြိမ်းချမ်းရေးကို ဆက်လက်ပြီး ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူသားတွေအားလုံးက ရုပ်ပိုင်းဆိုင်ရာ ချမ်းချမ်းသာသာနေချင်တယ်။ စိတ်ပိုင်း ဆိုင်ရာလည်း ချမ်းသာချင်ကြတယ်။ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာဖို့ဆိုတာ ပထမဦးဆုံး လိုအပ်ချက်က လုံခြုံရေးပဲ ဆိုတာကို သတိပြုစေချင်ပါတယ်။
ကိုယ့်စိတ်မလုံခြုံဘဲနဲ့ ကိုယ်နေထိုင်ရတာ ရုပ်ပိုင်း ဆိုင်ရာအရ မလုံခြုံဘဲနဲ့ ဘယ်လိုမှ စိတ်ချမ်းသာနိုင်မှာ မဟုတ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ လုံခြုံဖို့ဆိုတာလည်း ငြိမ်းချမ်း ရေးရှိဖို့ လိုပါတယ်။ ထိုနည်းလည်းကောင်းပဲ စိတ်ပိုင်း ဆိုင်ရာလုံခြုံဖို့ ငြိမ်းချမ်းရေးလိုပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်း ကျင်က မအေးချမ်းဘူး၊ မငြိမ်းချမ်းဘူးဆိုရင် ဘယ်လိုလုပ် ကိုယ့်စိတ်လုံခြုံမှု ရှိနိုင်မှာလဲ။ စိတ်က အေးချမ်းနိုင်မှာ မဟုတ်ဘူး၊ လုံခြုံနိုင်မှာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျွန်မ တို့အားလုံး လုံခြုံဖို့၊ စိတ်ချမ်းသာနဲ့ ကိုယ်ချမ်းသာရှိဖို့ အတွက် ငြိမ်းချမ်းရေးဟာ ပထမခြေလှမ်းဖြစ်ပါတယ်။
လိုအပ်ချက်တွေကို ဖြည့်ဆည်း
ငြိမ်းချမ်းရေးနဲ့ဒွန်တွဲပြီး ကျွန်မတို့ဟာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်သွားရမှာပါ။ ဒါနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ကျွန်မ ဘယ်ပဲသွားသွား၊ ပြည်သူတွေနဲ့ တွေ့တဲ့အခါ ပြည်သူတွေရဲ့မေးခွန်းတွေ၊ တင်ပြချက်တွေကို တောင်းခံပါတယ်။ တောင်းခံရတဲ့ အကြောင်းရင်းက နိုင်ငံရဲ့ နေရာဒေသအသီးသီးမှာ ဘယ်လိုပြဿနာတွေရှိနေလဲ၊ ဘာလိုအပ်ချက်တွေ ရှိနေ လဲ၊ ပြည်သူတွေက ဘယ်လိုဆန္ဒတွေရှိလဲဆိုတာကို ကျွန်မ တို့ သိချင်လို့ ဖြစ်ပါတယ်။ ဒါအစိုးရတိုင်းရဲ့တာဝန်ဖြစ်ပါ တယ်။ အထူးသဖြင့် ပြည်သူက ရွေးချယ်တင်မြှောက်ထား တဲ့ ဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာတဲ့ အစိုးရရဲ့တာဝန် တွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးဖို့ပါ။ လိုအပ်ချက်တွေနဲ့ လိုလားချက်တွေက မတူဘူး ဆိုတာကိုလည်း ကျွန်မ သတိပေးချင်ပါတယ်။ လူတိုင်း လူတိုင်းက ကိုယ်ပိုင်လိုလားချက်တွေ၊ ဆန္ဒတွေ ရှိပါတယ်။
ကိုယ်လိုချင်တဲ့ ဆန္ဒအားလုံးဟာ လိုအပ်ချက်ရှိမှ ဖြစ်မှာပါ။ တစ်ခါတလေ ကိုယ်လိုချင်တဲ့ဆန္ဒဟာ တခြား သူတွေအတွက် အကျိုးရှိချင်မှ ရှိမယ်။ ကိုယ့်အတွက်၊ ကိုယ့်အသိုက်အဝန်းအတွက် အကျိုးရှိချင်မှ ရှိလိမ့်မယ်။ တခြားသူတွေအတွက် အကျိုးယုတ်စေတဲ့ကိစ္စတွေ ဖြစ်နိုင် ပါတယ်။ ဒါတွေကိုလည်း ကျွန်မတို့ တစ်ချိန်လုံး ချင့်ချိန် ရမှာ ဖြစ်ပါတယ်။
မိုးတွင်းကာလ သွားလာရေးခက်ခဲ
အထူးသဖြင့် ဒီမိုကရေစီအစိုးရကို တာဝန်ယူထား တဲ့ ပုဂ္ဂိုလ်များဟာ အများပြည်သူအတွက် အကောင်းဆုံး ဖြစ်တဲ့အဖြေကို အမြဲပဲရှာနေရပါတယ်။ ဒါ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်မတို့မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးပေါင်း ၁၄ ခု ရှိပါတယ်။ ဒီ ၁၄ ခုမှာ တစ်ခုနဲ့တစ်ခု လိုအပ်ချက်တွေက မတူပါဘူး။ ဒါပေမယ့် လိုအပ်ချက် တွေက ရှိကြတာပဲ။ မတူဘူးဆိုပေမယ့် တချို့ လိုအပ်ချက် တွေက အတူတူပါပဲ။ တချို့ကျတော့ ကွာပါတယ်။ လမ်းပန်းဆက်သွယ်ရေးဆိုရင် မြေပြန့်မှာလည်း လမ်းကောင်းဖို့ လိုပါတယ်။ ချင်းပြည်နယ်လို တောင်တက် တောင်ဆင်းများတဲ့နေရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ဆိုတာ အားလုံးသိကြပေမယ့် တချို့က ဘာကိုဂရုမပြုမိဘူးလဲဆိုတော့ မြေပြန့်မှာ အင်မတန်မှ မိုးများတဲ့နေရာတွေ ဥပမာ ဧရာဝတီတိုင်းဒေသကြီး ဆိုရင် မိုးတွင်းကာလမှာ သွားလာရေးအင်မတန်မှ ခက်ခဲပါတယ်။
မိုးတွင်းကာလမှဆိုရင် ရာသီစုံသွားတဲ့လမ်း မဟုတ် တဲ့အတွက် လမ်းတွေက ပျက်စီးသွားပြီး တစ်ခါတလေ (၅)လလောက်တောင်မှ လမ်းတွေဟာ သုံးလို့မရတဲ့ အခြေ အနေမျိုးဖြစ်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ အစိုးရအနေနဲ့ တစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်တွေကို ကြည့်လိုက်တဲ့အခါ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ အင်မတန်မှ ဆင်တူယိုးမှားရှိတယ် ဆိုတာကို သဘောပေါက်ပါတယ်။
ရွာတိုင်းရွာတိုင်းမှာ ဆေးခန်းမရှိ
ချင်းပြည်နယ်ဆိုရင် မိုးတွင်းကာလမှာ သွားရေး လာရေး အင်မတန်မှ ခက်ပါတယ်။ ဧရာဝတီတိုင်းဒေသ ကြီးလိုနေရာမှာလည်း သွားရေးလာရေး အင်မတန်မှ ခက်ပါတယ်။ ဒီလိုနေရာတွေကို ကျွန်မတို့ကနေပြီး ဖြေရှင်း ပေးဖို့ ကြိုးစားရပါတယ်။ ဒီလမ်းပန်းဆက်သွယ်ရေး ခက်ခဲ ခြင်းရဲ့ အကျိုးဆက်တွေက ကျန်းမာရေးအရ၊ ပညာရေး အရ၊ စီးပွားရေးအရ ခက်ခဲလာပါတယ်။ ကျန်းမာရေးအရ ဆိုရင် ရွာတိုင်းရွာတိုင်းမှာ ဆေးခန်းတွေ ဖွင့်ပေးဖို့ ဆိုတာ ကျွန်မတို့ အခုအချိန်မှာ တတ်နိုင်တဲ့ကိစ္စ မဟုတ် ပါဘူး။ ရွာတိုင်းရွာတိုင်းမှာ ဆေးခန်းမရှိဘူးဆိုရင်၊ လမ်းပန်း ဆက်သွယ်ရေး မကောင်းဘူးဆိုရင် ဆေးခန်းတစ်ခုရှိတဲ့ နေရာကို ရောက်ဖို့ အင်မတန်မှခက်ခဲပါတယ်။ ခက်ခဲတဲ့အခါ အရေးပေါ်ကုသဖို့လိုရင် မလုပ်နိုင်ပါဘူး။ ဒီအတိုင်းပါပဲ။ ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးမှာလည်း ဒီလို ဖြစ်နေပါတယ်။
ဧရာဝတီတိုင်းဒေသကြီးက ချင်းပြည်နယ်နဲ့ ပထဝီ အနေအထားအရ အင်မတန်မှ ကွာခြားတယ်ဆိုပေမယ့် ဧရာဝတီတိုင်းဒေသကြီးလိုနေရာမှာလည်း မိုးတွင်းအချိန် မှာဆိုရင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အခါ၊ လမ်းတွေ မကောင်းတဲ့အခါ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အခက်အခဲ တွေ ဖြစ်လာပါတယ်။ အနီးဆုံးဆေးခန်းကိုသွားဖို့ အင်မတန်ခက်ခဲပါတယ်။ ပညာရေးဆိုရင်လည်း ထိုနည်း ၎င်းပါပဲ။
ချင်းပြည်နယ်မှာလည်း လမ်းမကောင်းဘူးဆိုရင် ကလေးတွေ ကျောင်းသွား၊ ကျောင်းလာ အင်မတန်ခက်ခဲ ပါတယ်။ ရွာတိုင်းရွာတိုင်းမှာလည်း ကျွန်မတို့ ကျောင်း တွေ ဆောက်ပေးနိုင်တဲ့အနေအထား မရှိပါဘူး။ ဧရာဝတီ တိုင်းဒေသကြီးမှာလည်း ဒီအတိုင်းပါပဲ။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့အချိန်မှာဆိုရင် တချို့ရွာတွေက ကလေးတွေဆိုရင် ကျောင်းကိုသွားချင်ရင် လှေတွေနဲ့ ရေလမ်းခရီးကနေ ကျောင်းလိုက်ပို့ရပါတယ်။ ဒါပေမယ့် ဒါက တတ်နိုင်တဲ့သူရှိတယ်။ မတတ်နိုင်တဲ့သူရှိတယ်။ မတတ်နိုင်တဲ့ သူတွေကျတော့ တချို့ရွာတွေမှာဆိုရင် မိုးတွင်းတစ်ရာသီလုံးမှာ ကလေးတွေက ကျောင်းမသွား ဖြစ်တဲ့အခြေအနေ ရောက်သွားကြတယ်။
တစ်ယောက်ချင်းမှာ တာဝန်ရှိ
ချင်းပြည်နယ်က ပြည်သူလူထုလည်း ဒီလိုအခက် အခဲတွေ ရင်ဆိုင်ဖူးမှာပဲ။ ကြုံတွေ့ဖူးမှာပဲ။ ဒါကြောင့် ကျွန်မတို့အားလုံးဟာ တကယ့်ကို တစ်လှေတည်း သွားနေ တဲ့ သူတွေပါ။ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ပြီး တစ်လှေတည်းမှာ သွားနေတဲ့ နိုင်ငံသူနိုင်ငံသားတွေ၊ ပြည်ထောင်စုသားတွေ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ အားလုံး စုစုစည်းစည်းနဲ့ ပြည်ထောင်စုကြီးတစ်ခုလုံး တိုးတက်ဖို့အတွက်ကို ကြိုးစားဖို့ဟာ တစ်ယောက်ချင်း တစ်ယောက်ချင်းမှာ တာဝန်ရှိပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အဓိက အင်အား
အားလုံးတိုးတက်မှ တစ်ယောက်ချင်းလည်း တိုးတက် နိုင်မယ်။ တစ်ယောက်ချင်း တိုးတက်မှလည်း အားလုံး ဟာ တိုးတက်နိုင်မယ်။ ဒီလိုစိတ်ထားမျိုးနဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေကို ကြိုးစားပေး စေချင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ဖွံ့ဖြိုးမှုဘက်မှာ နောက်ကျကျန်နေတဲ့ နိုင်ငံတစ်ခုပါ။ ဒီသမိုင်းကြောင်းကို အများသိပြီးသားဖြစ်ပါတယ်။ ဒီလို ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံတစ်ခုဖြစ်လို့ ပိုပြီးကြိုးစားဖို့လိုပါတယ်။ ပိုကြိုးစား ပြီးတော့ ပိုပြီးတိုးတက်ဖို့အတွက် အရှိန်အဟုန်နဲ့ ဆက်ပြီးသွားမှသာလျှင် တခြားနိုင်ငံတွေနဲ့ ကျွန်မတို့ ရင်ပေါင်တန်းနိုင်မှာပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အဓိက အင်အား ဟာ ဒီနိုင်ငံအတွင်းမှာ ရှိပါတယ်။
နောင်မျိုးဆက်တွေအတွက် စဉ်းစား
ပြင်ပက ဘယ်လိုပဲကူညီတယ်ပြောပြော တကယ့် အင်အားဟာ ကျွန်မတို့နိုင်ငံက ပြည်သူတွေရဲ့ အတွင်း ကနေ ထွက်လာတဲ့ အင်အားပါ။ ပြည်သူတစ်ဦးချင်း တစ်ဦးချင်းရဲ့ အရည်အချင်းတွေကို စုပေါင်းပြီး ထွက်ပေါ် လာတဲ့ အင်အားသာလျှင် ကျွန်မတို့ရဲ့ ကိုယ်ပိုင်အင်အား တွေ ဖြစ်ပါတယ်။ အပြင်က အင်အားတွေဆိုတာ ကျွန်မ တို့ကို ပံ့ပိုးတဲ့အချိန် ရှိချင်ရှိမယ်။ မပံ့ပိုးတဲ့အချိန် ရှိချင် ရှိမယ်။ ဒါပေမယ့် ကိုယ့်ရဲ့အင်အားတွေဟာ အစဉ်အမြဲ ခိုင်မာနေမယ်။ စုစည်းနေမယ်ဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံဟာ တိုးတက်နိုင်မယ်၊ ဖွံ့ဖြိုးနိုင်မယ်။ ကျွန်မတို့ရဲ့ ပြည်သူ လူထုတွေအားလုံး လုံခြုံနိုင်မယ်။ ကျွန်မတို့ရဲ့ ကလေး သူငယ်တွေရဲ့ အနာဂတ်အတွက် ကျွန်မတို့ စိတ်ချနိုင်မယ်။ ဒါကြောင့် ကျွန်မတို့ ဘာပဲလုပ်လုပ်၊ ဘယ်လို အခြေအနေ မှာ ဖြစ်ဖြစ် နောင်မျိုးဆက်တွေအတွက် စဉ်းစားဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။
ကျွန်မတို့ ဘယ်လိုအမွေအနှစ်တွေ ထားခဲ့မလဲ ဆိုတာကို သေသေချာချာ စဉ်းစားစေချင်ပါတယ်။ နောင်လာနောက်သားတွေအတွက်၊ ကြီးထွားလာမယ့် ကလေးသူငယ်တွေအတွက် ကျွန်မတို့ ဘယ်လိုအမွေတွေ ထားပစ်ခဲ့မလဲ။ ကျွန်မတို့တုန်းက မိဘတွေက ဘယ်လို အမွေအနှစ်တွေ ထားပစ်ခဲ့သလဲ။ ဒါတွေကို ပြန်ကြည့်ပြီး ကျွန်မတို့ရဲ့ ခေတ်အဆက်ဆက် မျိုးဆက်တွေအတွက် ပိုပြီးတိုးတက်ဖို့၊ ပိုပြီးကြီးပွားဖို့၊ ပိုပြီးစိတ်ချမ်းသာဖို့ ဦးတည်ပြီး အင်မတန်မှ ထိုက်ထိုက်တန်တန်နဲ့ လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ အားလုံးဝိုင်းပြီး ပူးပေါင်း ပြီး ဆောင်ရွက်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံ ပါတယ်။
တတ်နိုင်သမျှ စွမ်းအားတွေကိုသုံး
ဒီမိုကရေစီမှာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီအစိုးရ ဘာဖြစ်လို့ ရွေးချယ်ရလဲဆိုရင် ကျွန်မ တို့ရဲ့ သန်း(၅၀)ကျော်သော ပြည်သူတွေ အားလုံးကနေ ပြီး အစိုးရတက်လုပ်ဖို့ ဘယ်လိုမှ လက်တွေ့ကျကျဖြစ်နိုင် တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကြောင့် ပြည်သူကို ကိုယ်စားပြုပြီး ပြည်သူကို လေးလေးစားစားနဲ့ ဖြောင့်ဖြောင့်မတ်မတ်နဲ့ ဦးဆောင်တဲ့အစိုးရတွေကို ကျွန်မတို့ကနေ ရွေးချယ် တင်မြှောက်နိုင်ဖို့ ကြိုးစားပြီး ဆောင်ရွက်ရတာ ဖြစ် ပါတယ်။ ကျွန်မတို့အနေနဲ့ အစိုးရတာဝန်တွေကို ထမ်းဆောင်နေတဲ့ အချိန်ကာလတစ်လျှောက်လုံးမှာ ပြည်သူလူထုနဲ့ ပတ်သက်ပြီး ဖြောင့်ဖြောင့်မတ်မတ်နဲ့ တတ်နိုင်သမျှ ကျွန်မတို့ရဲ့ စွမ်းအားတွေကိုသုံးပြီး လုပ်ပါတယ်။ ဆက်ပြီးတော့လည်း လုပ်သွားမှာပါ။ အခု ကျွန်မတို့ရဲ့ စွမ်းအားတွေသုံးပြီး ပြည်သူတွေတင်ပြတဲ့ မေးခွန်းတွေကို အကောင်းဆုံးဖြေပေးပါမယ်လို့ ပြောချင် ပါတယ်”ဟု ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်း ထားသည့် တွန်းဇံမြို့ ခေါလိုင်ဂိုးဇန်ရပ်ကွက်မှ ဒေါ်ဟောက်ဂိုးကျင်းက တွန်းဇံမြို့မှ (၂၉)မိုင်ခန့်သာ ကွာဝေးသော တီးတိန်မြို့နယ်အား ခရိုင်အဆင့်တိုးချဲ့ ပေးရေး၊ တွန်းဇံမြို့ ခေါလိုင်ရပ်ကွက်မှ ဦးထန်လမ့်ပေါင် က ၂၀၁၀ ခုနှစ်မှစ၍ သက်ဆိုင်ရာဌာနမှ ပိုးအိမ်ဝယ်ယူ ခြင်း မရှိတော့ပါသဖြင့် ပိုးစာပင်စိုက်ပျိုးခြင်း လုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းများ ရပ်ဆိုင်းခဲ့ပါကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့် ပိုးစာပင်စိုက်ပျိုးခြင်းလုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လိုပါသဖြင့် နိုင်ငံတော် မှ ထောက်ပံ့ကူညီနိုင်ရေး၊ တွန်းဇံမြို့ ခေါဝုန်လေးဆန် ရပ်ကွက်မှ ဦးထန်ကျင့်လျန်း က တွန်းဇံမြို့နယ်အတွင်း သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအနေဖြင့် ဧရိယာဧကစုစုပေါင်း (၂၃၀၀၀၀)ကျော်ခန့် ရှိသော်လည်း သစ်တောဦးစီးဌာနရုံး မရှိသောကြောင့် အခက်အခဲများ ရှိပါသဖြင့် သစ်တောဦးစီးဌာနရုံး ဖွင့်လှစ်ပေးရေး၊ တွန်းဇံမြို့ ခေါဝုန်ရပ်ကွက်မှ ဦးထန်ဆွင်းဟန်က ဒေသခံ ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်မှ အတိုးနှုန်း နည်းသည့် ကာလရှည်ချေးငွေ ထုတ်ချေးပေးရေး၊ ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်မှ ဦးထန်ဆွင်းဇမ်းက တွန်းဇံ မြို့နယ် ခင်မန်းကျေးရွာ နယ်စပ်ဈေး တည်ဆောက်ရန် လျာထားသည့်နေရာသည် ကျီခါးမြို့မှ (၇)မိုင်အကွာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်၏ အင်ဖာလ်မြို့သို့ ဆက်သွယ်ထားသော အဓိကလမ်းမကြီး ပေါ်တွင် တည်ရှိနေပါသဖြင့် ခင်မန်းကျေးရွာတွင် နယ်စပ် ဈေးဖွင့်လှစ်ပေးရေး၊ ကျီခါးမြို့ အမှတ်(၁)ရပ်ကွက်မှ ဦးဝုန်လန့်ထွန်းက တွန်းဇံမြို့နယ် ကျီခါးမြို့သည် လျှပ်စစ်မီးလုံလောက်မှုမရှိသည့်အတွက် ကျီခါးမြို့နှင့် (၉)မိုင်ခန့်ကွာဝေးသော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ဘင်းဟန်ကျေးရွာမှ (၁၁)KV မဟာဓာတ်အားလိုင်း သွယ်တန်းရရှိလိုပါသဖြင့် အိန္ဒိယနိုင်ငံဘက်မှတစ်ဆင့် လျှပ်စစ်မီးသွယ်တန်းရရှိရေး နှစ်နိုင်ငံညှိနှိုင်းပူးပေါင်းမှု ဖြင့် စီစဉ်ဆောင်ရွက်ပေးရေးနှင့် တွန်းဇံမြို့နယ် ကျီခါးမြို့ (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့ ဆေးရုံအဖြစ်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရေးတို့ကို မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ချက်ချင်းဆောင်ရွက် ပေးနိုင်မည့် အခြေအနေများ၊ ရေရှည်ဆောင်ရွက်ပေး ရမည့် အခြေအနေများ၊ စိစစ်ဆောင်ရွက်ပေးသွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြ သည်။
သိမ်းဆည်းသွားသော တောင်ယာမြေများ ပြန်လည်ရရှိရေး
ဆက်လက်၍ ခန်းမအတွင်းနှင့် ခန်းမပြင်ပတို့မှ မေးခွန်းတင်ပြမေးမြန်းလိုသူ ငါးဦးဖြစ်သည့် တွန်းဇံမြို့ ခေါဝုန်လေးဆန်းရပ်ကွက်မှ ဦးထန်လမ့်ခုပ်က ပြည်သူ့ ဆေးရုံ သန့်ရှင်းသာယာလှပရေးနှင့် အများပြည်သူပိုင် ခန်းမတစ်ခုဆောက်လုပ်ပေးရေး၊ တွန်းဇံမြို့ ခေါဝုန် လေးဆန်းရပ်ကွက်မှ ဦးပေါင်ရှင်းမန်က သိမ်းဆည်း လယ်ယာမြေဆိုင်ရာများ၊ မြို့မြေအဖြစ် ထည့်သွင်းမှုနှင့် အိမ်ရာမြေများ ခွဲဝေချထားရေးကိစ္စများတွင် ပြန်လည် စိစစ်ဆောင်ရွက်ပေးရေး၊ တွန်းဇံမြို့ ခေါလိုင်ဂိုးဇန် ရပ်ကွက်မှ ဦးပေါင်လျန်ထန်က နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဝန်ထမ်းအိမ်ရာ ရှေ့ ပေ(၅၀)ခန့်နှင့် အနောက်ဘက် ပေ (၅၀)ခန့်တို့ကို မြေထိန်းနံရံဆောက်လုပ်ပေးရေး၊ တွန်းဇံမြို့ ခေါဝုန်လေးဆန်းရပ်ကွက်မှ ဦးထန်ဆွမ်းမုန် က မြို့ပေါ်ရပ်ကွက်များ သောက်သုံးရေရရှိရေး၊ မြို့မှ ရေထွက် (၁၆) မိုင်အား ကြားလမ်းဖောက်ပေးနိုင်ရေး၊ တွန်းဇံမြို့ ခေါဝုန်လေးဆန်းရပ်ကွက်မှ ဦးကျင့်ဒွတ် ကိမ်းတွောင်က သိမ်းဆည်းသွားသော တောင်ယာမြေ များ ပြန်လည်ရရှိရေးမေးခွန်းများကို မေးမြန်းတင်ပြ ကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက် များနှင့်စပ်လျဉ်း၍ ကိစ္စတစ်ခုချင်းစီအလိုက် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ပြည်သူတွေနဲ့ မကြာခဏတွေ့ဆုံနိုင်ဖို့ ကြိုးစားပါ့မယ်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့က နောက်ကျပေမယ့်လည်း စိတ်ရှည်လက်ရှည် နဲ့ စောင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒီလို အချိန်တိုအတွင်းမှာ အားလုံးလုပ်ချင်တဲ့ ကိစ္စတွေကို ပြီးအောင်လို့ လုပ်နိုင်ဖို့ဆိုတာ အားလုံးပူးပေါင်းဆောင်ရွက် မှ ဖြစ်တာပါ။ ပူးပေါင်းဆောင်ရွက်မှု မရှိရင် လုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒီလိုတွေ့ရတဲ့အခါမှာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို သိရရုံမက ဒေသခံတွေရဲ့ စိတ်နေ သဘောထားတွေကိုလည်း သိပိုင်ခွင့်ရတဲ့အတွက် အင်မတန်မှ တန်ဖိုးရှိပါတယ်။ နောင်လည်း ဒီလိုပဲပြည်သူ တွေနဲ့ မကြာခဏတွေ့ဆုံနိုင်ဖို့လည်း ကြိုးစားပါ့မယ်။ ပြည်သူနဲ့ အစိုးရအကြားမှာ အမြဲအဆက်သွယ်ရှိနေဖို့ လိုပါတယ်။ ဒီမိုကရေစီအစိုးရဆိုတာ ပြည်သူ့ရဲ့ ဆန္ဒ အရ တင်မြှောက်ထားတဲ့ အစိုးရပါ။ အစိုးရကို ကြောက်ဖို့ မလိုပါဘူး။ ကြောက်ဖို့မလိုဘူးဆိုတာ အစိုးရကို တိုက်ခိုက် ရမယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ ပူးပေါင်း ဆောင်ရွက်ပါ။ အားလုံးပူးပေါင်း လုပ်ကိုင်မှသာလျှင် တိုးတက်နိုင်မှာပါ။
တင်ပြသွားတဲ့ အချက်တွေအားလုံးကိုလည်း ကျွန်မ တို့ လေးလေးနက်နက်ထားပါတယ်။ အားလုံးပြန်ပြီး ကြည့်ပေးပါ့မယ်။ ဒီလို ကျွန်မတို့ရဲ့ တွေ့ဆုံပွဲမှာ တင်ပြ တဲ့ ကိစ္စတွေဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် အထူး အလေးထားပြီး မြန်မြန်ဆန်ဆန် လုပ်ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြည်သူတွေရဲ့အသံကို တိုက်ရိုက် ကြားရတယ်ဆိုရင် ဒါကိုအလေးအနက်ထားရမယ့်ကိစ္စ ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့တော့ ရာသီဥတုကြောင့် နောက်ကျခဲ့ရလို့ ဒီမှာလာရောက်တွေ့ဆုံတဲ့ ပြည်သူတွေ အတွက် အခက်အခဲဖြစ်သွားတယ်ဆိုရင် တောင်းပန် ပါတယ်။ စေတနာအပြည့်အဝနဲ့ အတတ်နိုင်ဆုံး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားမယ်လို့ ကျွန်မ အနေနဲ့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားပြီး တွေ့ဆုံပွဲတက်ရောက်လာသည့် တိုင်းရင်းသား တိုင်းရင်းသူလေးများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် သီကီးရ် ကျေးရွာသို့ ရောက်ရှိရာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းနှင့် ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အား ကြိုဆိုသောသီချင်းကို သီဆို၍ ရိုးရာယဉ်ကျေးမှု အကများဖြင့် လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ကျောင်းသား ကျောင်းသူ လေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ရမ်း၍ လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံ ဖဲကြိုးဖြတ်ဖွင့်
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်း မင့်ထန်နှင့် ရပ်မိရပ်ဖ ဦးဟရမ်ဟေးတို့က သီကီးရ် ကျေးရွာ တိုက်နယ်ဆေးရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် Dingdi Dream Organization ၊ Medi Myanmar Group Ltd နှင့် ဝိသာခါဖောင်ဒေးရှင်းတို့ မှ တာဝန်ရှိသူများက ဆေးရုံသုံးပစ္စည်းကိရိယာများ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများကို ပြည်နယ်ပြည်သူ့ ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံ ထံ ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံ မျက်နှာစာ၌ ဂျပန် ချယ်ရီပင်များကို အမှတ်တရစိုက်ပျိုးပေးကာ ဆေးရုံ အတွင်း လှည့်လည်ကြည့်ရှုပြီး ဆေးဝါးကုသမှု ခံယူလျက် ရှိသူများကို အားပေးစကားပြောကြားသည်။
နေအိမ်အလုံး ၅၀ လွှဲပြောင်းပေး
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သီကီးရ်ကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ဘောင်လူမျိုးစုများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသော နေအိမ်အလုံး ၅၀ ဖွင့်ပွဲ အခမ်းအနားနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ပြည်ထောင်စုဝန်ကြီးဦးမင်းသူ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး တို့က နေအိမ်အလုံး ၅၀ ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။
ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင် ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦး က နေအိမ်အလုံး ၅၀ ဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး နေအိမ်အလုံး ၅၀ ကို ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်ထံ လွှဲပြောင်းပေးအပ် သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်သည်တော်များသည် အခမ်းအနားသို့ တက်ရောက် လာသည့် ဒေသခံတိုင်းရင်းသား တိုင်းရင်းသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် ထန်တလန်မြို့ သို့ ရောက်ရှိကြရာ ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ကြိုဆိုသော သီချင်းကို သီဆို၍ ရိုးရာယဉ်ကျေးမှုအကများဖြင့် လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား တိုင်းရင်းသူများနှင့် ကျောင်းသား ကျောင်းသူလေးများက နိုင်ငံတော်အလံငယ်များကို ဝှေ့ရမ်း၍ လည်းကောင်း ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထန်တလန်မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်မတို့ကို လာရောက်ကြိုဆိုတဲ့ ထန်တလန်က မိဘပြည်သူတွေအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ကျေးဇူးတင်တယ်လို့လည်း ပြောချင်ပါတယ်။ ချင်း ပြည်နယ်မှာ ပျော်စရာကောင်းတာတစ်ခုက ဘယ်ကို သွားသွား သီချင်းလေးတွေနဲ့ ကျွန်မတို့ကို ကြိုဆိုပါတယ်။ ချင်းတိုင်းရင်းသားတွေက အဆိုမှာ အင်မတန်တော် ပါတယ်။ သီချင်းဆိုတဲ့နေရာမှာ အသံတွေလည်း ကောင်း တယ်၊ ဆိုလည်း ဆိုတတ်ကြပါတယ်။ နေရာတိုင်းမှာ သီချင်းတွေ ဖွဲ့နွဲ့စပ်ဆိုကြတာ အင်မတန်မှ ကျွန်မတို့ အတွက် နွေးထွေးမှုပြတယ်လို့ ယုံကြည်ပါတယ်။
ကျွန်မတို့ ပြည်ထောင်စုတစ်ခွင်လုံးမှာ ဘယ်ကို သွားသွား၊ ဘယ်ကိုခရီးထွက်ထွက် ပြည်သူပြည်သားတွေ ဟာ နွေးထွေးမှုနဲ့ ကြိုဆိုလေ့ရှိပါတယ်။ ကျွန်မတို့ ပြည်ထောင်စုရဲ့ သင်္ကေတတစ်ခုပါ။ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံးက နွေးထွေးတဲ့ စိတ်ဓာတ်ရှိ ပါတယ်။ ဧည့်သည်တွေကို ခရီးဦးကြိုပြုတဲ့အခါမှာ စိတ်ချမ်းသာအောင် တကယ့်စေတနာမေတ္တာနဲ့ ကြိုဆိုလေ့ ရှိပါတယ်။ အဲဒီအတွက်လည်း ကျေးဇူးတင်ပါတယ်၊ အင်မတန်မှ ဂုဏ်ယူပါတယ်။
ကျွန်မတို့နိုင်ငံဟာ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်နိုင်တယ်လို့ ယုံကြည်ရတဲ့ အကြောင်းရင်းက အခြေခံအားဖြင့် နိုင်ငံသူနိုင်ငံသား တွေရဲ့ စိတ်ဓာတ်ကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်မတို့နိုင်ငံဟာ ဘယ်လိုပဲပြောပြော အားလုံးဟာ ဆက်နွှယ်မှုရှိပါတယ်။ ပြည်ထောင်စုအတွင်းမှာ တချို့ တွေက တိုင်းဒေသကြီး တစ်ခုနဲ့တစ်ခု၊ ပြည်နယ် တစ်ခုနဲ့တစ်ခု ဆက်စပ်မှုမရှိဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ ကိုယ်ထင်တာထက် အများကြီးဆက်စပ်မှု ရှိပါတယ်။
ပြည်ထောင်စုသားတွေလို့ စိတ်ထဲမှာထား
ကျွန်မတို့ဟာ တစ်ခရီးတည်း သွားနေတဲ့ ပြည်ထောင်စုသားတွေလို့ စိတ်ထဲမှာထားစေချင်ပါတယ်။ ခွဲခြားပြီးတော့ မနေစေချင်ပါဘူး။ ကျွန်မတို့အားလုံးဟာ ခွဲခြားပြီး နေချင်တယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် မတူတာတွေပဲ ဖြစ်မှာပါ။ ပြည်ထောင်စုတစ်ခုကို ခိုင်ခိုင်မာမာထူထောင်ဖို့ဆိုရင် နှစ်ခုစလုံးကို ကြည့်ဖို့လို ပါတယ်။ ကျွန်မတို့အနေနဲ့ တူညီတဲ့ကိစ္စတွေကိုလည်း ကြည့်ရမယ်၊ မတူတာတွေကိုလည်း ကြည့်ရမယ်။ တူတာ တွေကိုကြည့်ခြင်းဖြင့် ကျွန်မတို့အားလုံးဟာ ပိုပြီးခိုင်မာ တဲ့၊ ပိုပြီးညီညွတ်တဲ့၊ ပိုပြီးတစ်ယောက်နဲ့ တစ်ယောက် စာနာတဲ့ စိတ်ထားတွေ ဖြစ်နိုင်ပါတယ်။
ကျွန်မတို့ ခရီးသွားရင် ပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေ လုပ်ပါတယ်။ အဓိကပြည်သူတွေရဲ့ လိုအပ်ချက်တွေကို သိချင်လို့၊ ပြည်သူတွေရဲ့ဆန္ဒကိုသိချင်လို့၊ပြည်သူတွေရဲ့ ခံစားမှုတွေကို ကျွန်မတို့လည်း မျှဝေပြီး ခံစားချင်လို့ပါ။ အဲဒီလိုသွားတဲ့အခါမှာ တစ်တိုင်းပြည်လုံးမှာ တူညီတဲ့ အချက်တွေက အများကြီးပါ။ ချင်းပြည်နယ်နဲ့ ကရင် ပြည်နယ်အတူတူပါပဲ။ ချင်းပြည်နယ်၊ မကွေးတိုင်း ဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးက ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကလည်း မကွာခြားပါဘူး။ ဒါကလည်း အခုမှ မဟုတ်ပါဘူး။ ကျွန်မ စပြီးနိုင်ငံရေးလုပ်စဉ် ကတည်းကပါ။
ပြည်သူတွေနဲ့ နီးနီးကပ်ကပ်နေနိုင်
ကျွန်မ နိုင်ငံရေးလောကထဲကို ဝင်လာတာ ဘာလိုလို နဲ့ နှစ် ၃၀ ကျော်သွားပြီ။ ဒီနှစ် ၃၀ ကျော်အတွင်းမှာ ကျွန်မပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ရောက်ပါတယ်။ တစ်တိုင်းပြည်လုံးနှံ့အောင် ရောက်ခဲ့ပါတယ်။ အခုလို အစိုးရ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ ခရီးသွားရ၊ လာရတာက အရင်တုန်းက ပါတီ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ခရီးသွားရတာလောက် ကျေနပ်စရာ မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ကျွန်မတို့ကားနဲ့သွားတဲ့အတွက် လမ်းမှာ ရပ်လို့ရတယ်၊ ရွာတွေမှာ ရပ်လို့ရတယ်၊ လမ်းကပြည်သူ တွေနဲ့ ကားရပ်ပြီး စကားပြောလို့ရပါတယ်။ ချင်းပြည်နယ် ကို ၂၀၀၁ ခုနှစ်က လာတုန်းကဆိုရင် လမ်းမှာ လမ်း အလုပ်သမားတွေ၊ လမ်းဆောက်နေတဲ့ အလုပ်သမားတွေ နဲ့ စကားရပ်ပြောလို့ရတယ်။ အဲဒီလို ထိတွေ့မှုရနိုင်တဲ့ အခါကျတော့ တစ်နည်းအားဖြင့် ကျွန်မအတွက် ကျေနပ် စရာလို့ မြင်ပါတယ်။ ပြည်သူတွေနဲ့ ပိုပြီးနီးနီးကပ်ကပ် နေနိုင်ခဲ့ပါတယ်။
အဲဒီတုန်းကတည်းက ကျွန်မ သတိပြုမိပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းရော၊ မြောက်ပိုင်းရော ရှေ့၊ နောက်၊ တောင်၊ မြောက် ဘယ်ပဲသွားသွား အမြဲပဲမေးပါတယ်။ ဘာလိုအပ်ချက်တွေရှိလဲ ဆိုတာကိုပါ။ အခြေခံလိုအပ်ချက် တွေက အတူတူပါ။ အံ့ဩလောက်အောင်ကို တူပါတယ်။ အားလုံးက မေးလိုက်လို့ရှိရင် ဘာလိုအပ်လဲဆိုရင် အဓိက က အခြေခံအားဖြင့် နံပါတ်(၁)က သောက်သုံးရေပဲ။ အားလုံးအတွက် အဓိကအခြေခံပဲ။ ဒုတိယတောင်းဆိုတာ က လမ်းပန်းဆက်သွယ်ရေးပဲ။ ချင်းပြည်နယ်မှာဆိုလည်း ဒီလို ပဲ တောင်းဆိုတယ်။ ရှမ်းပြည်နယ်မှာလည်း ဒီလိုပဲ တောင်းဆိုတယ်။ တနင်္သာရီမှာလည်း ဒီလိုပဲတောင်းဆို ပါတယ်။ နောက်ထပ် လျှပ်စစ်မီးတောင်းဆိုတယ်။ လျှပ်စစ်မီးလည်း အဓိကပဲ။ တန်ဖိုးထားပုံချင်းလည်း တူနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လိုအပ်ချက်တွေတူလို့။ နံပါတ် (၁) က သောက်သုံးရေမရှိရင် အင်မတန်မှဘဝက ရုန်းကန်ရတာ ပင်ပန်းပါတယ်။ ဒါ့ကြောင့် အားလုံးက သောက်သုံးရေမရှိတဲ့အခါ သောက်သုံးရေကို အဓိကထား တောင်းပါတယ်။ ဒုတိယက လမ်းပန်းဆက်သွယ်ရေး။ လမ်းပန်းဆက်သွယ်ရေးဆိုတာ အားလုံးသိတဲ့ အတိုင်းပဲ။ ကလေးတွေ ကျောင်းသွားဖို့အတွက် အဆင်ပြေတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆေးရုံတွေသွားဖို့လည်း အဆင်ပြေတယ်။ စီးပွားရေးနဲ့ ပတ်သက်လို့သွားရ၊ လာရ၊ ရောင်းဝယ်ဖောက်ကားမှု လုပ်ဖို့လည်း အဆင်ပြေတယ်။ လူမှုရေးနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့မိတ်ဆွေတွေ၊ မိဘတွေ ကိုသွားပြီး တွေ့ဖို့လည်း အဆင်ပြေတယ်။ လမ်းပန်း ဆက်သွယ်ရေးကို ဒုတိယတောင်းကြတယ်။ တတိယ ကတော့ လျှပ်စစ်ပါ။ လျှပ်စစ်မီးရမှ ကိုယ့်ရဲ့ဘဝကို ကိုယ်ပိုင်သွားတယ်လို့ ကျွန်မက ဒီလိုပဲ သတ်မှတ်ပါတယ်။
ပညာရေးအတွက် ဆန္ဒတွေအမျိုးမျိုး ထုတ်ဖော်
နောက်ထပ်တောင်းကြတာ ကျန်းမာရေး၊ ပညာရေး အဲဒီနောက်ဆုံးနှစ်ခုနဲ့ ပတ်သက်လို့တော့ စိတ်ဝင်စားစရာ ကောင်းတာက ပညာရေးကို အမြဲဦးစားပေးပြီး တောင်း တယ်။ ပထမဆုံး ရေ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ် ဒါတွေပြည့်စုံပြီဆိုရင် ပညာရေးကို တောင်းကြတယ်။ ကျောင်းတွေ လိုချင်တယ်။ ဆရာ၊ ဆရာမတွေ လိုချင် တယ်။ ကလေးတွေ ပညာရေးအတွက် ဆန္ဒတွေအမျိုးမျိုး ထုတ်ဖော်ပြောကြတယ်။
အဓိကအားဖြင့် ပညာရေးကို အလေးထားတာဟာ ကလေးတွေရဲ့ အနာဂတ်အတွက် ပညာသင်ပေးမှ ဖြစ်မယ်။ ကျွန်မတို့နိုင်ငံဟာ ပညာတတ်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေရှိမှ တိုးတက်မယ်ဆိုတဲ့ အမြင်လေးရှိနေ တယ်။ အဲဒါကို ကျွန်မကသဘောကျတယ်။ ကျန်းမာရေး ကို ပညာရေးလောက် အလေးမထားဘူးလားဆိုတော့ ပညာရေးပြီးမှ ကျန်းမာရေး၊ မကျန်းမာရင် ဘယ်လောက်ပဲ ပညာတွေတတ်တတ် ပညာတွေကို သုံးနိုင်တဲ့ အချိန် တွေ ရှိချင်မှရှိမှာ။ ဒါ့ကြောင့် ဒါဟာ တန်းတူညီတူ အရေးကြီးပါတယ်။ အခုနောက်ပိုင်းမှာတော့ ပညာရေးနဲ့ ကျန်းမာရေးကို တန်းတူညီတူမြင်တာကို တွေ့လာရ ပါတယ်။ ကျောင်းတွေတောင်းတယ်။ ဆေးရုံတွေ တောင်း တယ်။ ဆရာ၊ ဆရာမတွေ တောင်းတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ တောင်းဆိုတယ်။ အဲဒီလိုဖြစ်လာတဲ့အခါကျတော့ ကျန်းမာရေးနဲ့ ပညာရေး ကို တန်းတူတန်ဖိုးထားလာတယ်ဆိုတာ ကျွန်မကတော့ သဘောကျတယ်။ တိုးတက်မှုတစ်ခုလို့ ယူဆတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ဦးနှောက်ပိုင်းဆိုင်ရာ အားလုံးဖွံ့ဖြိုး တိုးတက်မှ တိုးတက်နိုင်တယ်ဆိုတာကို အသိအမှတ်ပြုရာ ရောက်တယ်။ ဒါကျွန်မအတွက် အားရစရာပဲ။ ဒီဟာ ကို တစ်နိုင်ငံလုံးမှာ အားလုံးအတူတူတောင်းဆိုနေ ပါတယ်။ ကျွန်မတို့အနေနဲ့ တာဝန်အရ အစိုးရဆိုတာဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ တတ်နိုင်သမျှတော့ ဖြည့်ဆည်းပေး ပါတယ်။
ညီညွတ်မှုဟာ တိုးတက်မှုပါပဲ
ကျွန်မတို့နိုင်ငံဟာ ချမ်းသာတဲ့နိုင်ငံ မဟုတ်သေးဘူး ဆိုတာ အများသိပြီးသားလို့ ယူဆပါတယ်။ နိုင်ငံတစ်နိုင်ငံ ချမ်းသာခြင်းဆိုတာ ပြည်သူတွေရဲ့ စွမ်းအားပေါ်မှာ မူတည်ပါတယ်။ ဘယ်လောက်ပဲ နိုင်ငံတစ်နိုင်ငံဟာ အခြေ အနေတွေ ဆိုးနေပါစေ ပြည်သူတွေက ညီညီညွတ်ညွတ် နဲ့ ကြိုးစားကြတယ်ဆိုရင် တိုးတက်ဖို့ရှိပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ အင်မတန်ကြိုးစားပြီးတော့ အလုပ်လုပ်တဲ့ နိုင်ငံတွေမှာ တစ်ဟုန်ထိုးတိုးတက်သွားတယ်ဆိုတာ အားလုံးလည်း တွေ့ကြမှာပါ။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ တိုးတက်ရေးလမ်းစကတော့ ညီညွတ်မှုပါပဲ။ နိုင်ငံအတွင်းမှာ ညီညွတ်မှ နိုင်ငံဟာ အေးချမ်းနိုင်မှာ။ နိုင်ငံအေးချမ်းမှ တိုးတက်မှာ။ ဒီဟာကို သာမန်လူသား များရဲ့ အမြင်နဲ့ကြည့်ရင် ညီညွတ်မှုဟာ တိုးတက်မှုပါပဲ။ ဘာသာရေးအရ ကြည့်မယ်ဆိုရင်လည်း ညီညွတ်မှုဟာ တိုးတက်မှုပါပဲ။
ပြည်ထောင်စုဆိုတာ အားလုံးထပ်တူထပ်မျှအားလုံး တူရမယ်ဆိုတဲ့ သဘောထားမဟုတ်ပါဘူး။ အားလုံးဟာ မတူပေမယ့်လည်း မတူခြင်းအားဖြင့်ကိုက အင်အား ဖြစ်နိုင်ပါတယ်။ အားလုံးဟာ အရည်အချင်းတွေ တူညီ နေတယ်ဆိုရင် အားနည်းချက်တွေကလည်း အတူတူပဲ ဖြစ်နေမှာ။ အားလုံးဟာ အတူတူပဲဆိုရင် ဒီဟာတွေကို ဘယ်လိုလုပ် ကျော်လွှားနိုင်မှာလဲ။ အားနည်းချက်ချင်း မတူဘူး၊ အားသာချက်ချင်း မတူဘူးဆိုမှ တစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီ စိတ်ဓာတ်တွေကို ငယ်ငယ်ကတည်းကနေ ကလေးတွေ ကို သင်ပေးစေချင်ပါတယ်။ ပြည်ထောင်စုဖွားတိုင်းရင်းသား များဟာ ကိုယ့်ရဲ့သား၊ သမီးကလေးတွေကို ငယ်ငယ် ကတည်းက ပြည်ထောင်စုစိတ်ဓာတ်ဖြစ်အောင် သင်ပေး စေချင်ပါတယ်။
ဒီလိုလုပ်မှ ကျွန်မတို့ရဲ့ မျိုးဆက်ဟာ တစ်ဆက်ပြီး တစ်ဆက် ကျွန်မတို့ရဲ့ မိဘဘိုးဘွားများရဲ့ မျှော်လင့်ချက် များကို ဖြည့်ဆည်းပေးနိုင်မှာပါ။ ကျွန်မတို့ လွတ်လပ်ရေး ရတာဆိုရင် နှစ် ၇၀ ကျော်သွားပြီး လွတ်လပ်ရေးမရခင် တစ်နှစ်ကာလမှာ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ပါတယ်။ ဒါတွေကို ကျွန်မတို့သိပြီးသားဖြစ်ပါတယ်။ ဒီလို ပင်လုံစာချုပ်မှာ ထိုးခဲ့တဲ့အချက်မှာ အဓိကနေရာမှာ ချင်းတိုင်းရင်းသားများ ပါခဲ့ပါတယ်။
ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရမယ်
လွတ်လပ်ရေးရဖို့အတွက် တိုင်းရင်းသားအားလုံးက ပူးပေါင်းပြီး ဆောင်ရွက်မှ မြန်မြန်ရနိုင်မယ်ဆိုတာကို ဒီလိုယုံကြည်ချက်နဲ့ ဒီပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့ တယ်။ လွတ်လပ်ရေးရဖို့ဆိုတာထက် နိုင်ငံတစ်နိုင်ငံ အတွက် ပိုပြီးတော့ အရေးကြီးတဲ့ ကိစ္စမရှိပါဘူး။ နိုင်ငံ တစ်နိုင်ငံဟာ လွတ်လပ်မှ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်မှ ကိုယ့်ကံကြမ္မာကိုယ် ကိုယ်ဖန်တီးနိုင်မှာပါ။ ဒါဟာ ကျွန်မတို့ လွတ်လပ်ရေးခေါင်းဆောင်ကြီးရဲ့ ကြွေးကြော်သံပဲ ဖြစ်ပါတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးရမယ် ကိုယ့်ကံကြမ္မာဟာ သူများလက်ထဲမှာ မရှိရဘူး။
ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ ကျွန်မ တို့ ညီညွတ်ရေးကို အခုထက်ထိ မတည်ဆောက်နိုင်သေး ဘူး။ အပြည့်အဝ မတည်ဆောက်နိုင်သေးဘူး အတိုင်း အတာတစ်ခုထိ တည်ဆောက်လို့ရတယ်။ အပြည့်အဝ တည်ဆောက်လို့ မရသေးဘူး အဲဒီတော့ ဒီလိုညီညွတ်ရေး ကို ကျွန်မတို့ တည်ဆောက်လို့မရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာကို ကျွန်မတို့ တစ်ဦးချင်းတစ်ဦးချင်းကို စဉ်းစားစေချင်ပါတယ်။ အခုကျွန်မတို့ နိုင်ငံမှာဆိုရင် ကိုးကွယ်တဲ့ ဘာသာအမျိုးမျိုး၊ ပြောတဲ့ ဘာသာစကား အမျိုးမျိုး ဒီတိုင်းရင်းသားလူမျိုး အမျိုးမျိုး၊ ဒီအမျိုးမျိုး တွေဟာ ဘာဖြစ်လို့အေးအေးဆေးဆေး ညီညီညွတ်ညွတ် နဲ့ မနေနိုင်ရမှာလဲ၊ အခုကိုးကွယ်တဲ့ဘာသာမှာဆိုရင်
ခရစ်ယာန်ဘာသာဟာဆိုရင် မြန်မာနိုင်ငံကနေ ပေါက်ဖွားလာတာ မဟုတ်ပါဘူး၊ ပြောမယ်ဆိုရင် ဗုဒ္ဓ ဘာသာဆိုရင်လည်း မြန်မာနိုင်ငံကနေ ပေါက်ဖွားလာ တာ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်မတို့ ကိုးကွယ်တဲ့ ဘာသာအရ စိတ်ဝမ်းကွဲစရာ ဘာမှမရှိဘူး၊ ကိုယ့်ယုံကြည် ချက်အရ ကိုယ်ကိုးကွယ်တာပဲ၊ ဒီလိုကိုးကွယ်တဲ့ ဘာသာ တရားဆိုတာကလည်း ကိုယ့်ရဲ့နောင်ဘ၀တွေအတွက် အဓိက ရည်ရွယ်တာပဲ၊ ကျွန်မတို့နိုင်ငံအတွက်တော့ ကိုယ့်အတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် ညီညွတ်ရေးကို ဦးတည်ပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။
ညီညွတ်မှငြိမ်းချမ်းမယ်
ကျွန်မတို့ ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေးရအောင် လို့၊ ညီညီညွတ်ညွတ်နဲ့ ဖွံ့ဖြိုးမှုရအောင်လို့ ဝိုင်းပြီးတော့ အားလုံးက ပါဝင်စေချင်ပါတယ်။ ဒီလိုပါဝင်မှုအတွက် ကျွန်မတို့ဟာ တိုက်တွန်းနိုင်သမျှ အခွင့်ရေးရှိတိုင်း တိုက်တွန်းမှာပါ၊ ဒီလိုပြည်သူလူထုနဲ့ တွေ့ဆုံပွဲလုပ်တယ် ဆိုတာကလည်း အဓိကဦးတည်ချက်ကတော့ ညီညွတ်ရေး နဲ့ ဖွံ့ဖြိုးရေးပါ နိုင်ငံတစ်နိုင်ငံမှာ ညီညွတ်မှငြိမ်းချမ်းမယ်၊ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမယ်၊ ဖွံ့ဖြိုးမှ ငြိမ်းချမ်းရေးကို ဆက်ပြီး တော့ ထိန်းသိမ်းထားနိုင်မယ်။ အဲဒီတော့ ဒီသုံးခုဟာ ဘယ်လိုမှ ခွဲခြားထားလို့ မရပါဘူး။
ကျွန်မတို့က ပြည်သူတွေကို တွေ့ဆုံတယ်ဆိုရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ပြည်သူတွေရဲ့ စိုးရိမ်ပူပန် မှုတွေကို ကျွန်မတို့နားထောင်ချင်လို့၊ ဒါတွေကို ကျွန်မတို့ဘယ်လိုဖြည့်ဆည်းပေးနိုင်မလဲ။ စိုးရိမ်ပူပန်မှုတွေကို လျော့ကျသွားအောင်လို့ ကျွန်မတို့ ဘယ်လိုလုပ်ပေးနိုင် မလဲ။ ဒီအဖြေတွေကို ကျွန်မတို့ တစ်ချိန်လုံးပဲရှာရပါတယ်။ အဖြေတွေဟာ အမြဲပြီးသွားတယ်လို့ မရှိပါဘူး။ အမြဲရှာနေ ရပါတယ်။ တစ်နေ့ထက်တစ်နေ့ ကျွန်မတို့ အဖြေသစ် တွေကို ရှာနေရတယ်။ ဒါတွေဟာ နေ့စဉ်လုပ်နေရတဲ့ အလုပ်ပါ။
ဒါဟာ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တာဝန်လည်းဖြစ်တယ်။ အထူးသဖြင့် ဒီမိုကရေစီကို ယုံကြည်တဲ့ လူ့အသိုင်းအဝိုင်းမှာဆိုရင် ပြည်သူတိုင်း ပြည်သူတိုင်းမှာလည်း ကိုယ့်ရဲ့တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်မထပ်တလဲလဲ ပြောပါတယ်။ ဒီမိုကရေစီရရင် ဘာအခွင့်အရေးရမလဲဆိုပြီး တချို့က လက်ချိုးပြီးတော့ ရေကြတယ်။ ဘယ်တာဝန်တွေရှိ မလဲဆိုတာကိုတော့ မစဉ်းစားကြဘူး။ နှစ်ခုလုံးကို စဉ်းစားမှ ကျွန်မတို့ တိုးတက်နိုင်မှာပါ။
ကျွန်မအနေနဲ့တော့ ကတိပေးချင်တာကတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ၊ ပြည်ထောင်စု သွေးချင်းများအားလုံးဟာ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ ရှိသလို ထမ်းဆောင်သင့်တဲ့ တာဝန်တွေလည်းရှိ ပါတယ်။ ကိုယ်တိုင်လည်း ကိုယ့်တာဝန်ဟာ ဘာလဲ၊ ကိုယ့်အခွင့်အရေးဆိုတာ ဘာလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်ဖို့ အင်မတန်အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားတစ်ဦးချင်းတစ်ဦးချင်းဟာ တာဝန်ကျေ တဲ့ ပုဂ္ဂိုလ်ဖြစ်ပြီဆိုရင် ကျွန်မတို့နိုင်ငံအတွက် ကျွန်မတို့ စိုးစဉ်းမှ စိုးရိမ်စရာမရှိပါဘူး။ တာဝန်ကျေတဲ့ နိုင်ငံသား တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဆိုတာ ဘယ်တော့မဆို ပြီးပြည့်စုံတဲ့ နိုင်ငံ၊ ခံနိုင်ရည်နဲ့ ရပ်တည်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ရှင်းလင်းပြောကြား
ယင်းနောက် တွေ့ဆုံပွဲသို့ ကြိုတင်တင်ပြမေးမြန်း ထားသည့် ထန်တလန်မြို့ လိုင်လင်း ကျေးရွာမှ ဦးထိုင်ခါက ထန်တလန်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲဆုံးဖြစ်သော မာရာတောင်ကြောရှိ အင်မွှန်ပီး-လိုင်လင်း-လာအိုလမ်း (၂၇) မိုင် လမ်းသစ်ဖောက်လုပ် ပေးရေး၊ ထန်တလန်မြို့နယ် လိုင်လင်းကျေးရွာမှ ဦးထန်ချင်းက နှာဟရိန်မြို့မှ မာရာတောင်ကြောသို့ ဆက်သွယ်သွားသော နှာဟရိန်-အင်မွှန်ပီး လမ်းကြားရှိ ထန်ဟောရ် ချောင်းကူးကွန်ကရစ်တံတား ပေ (၁၇၀) နှင့် လားစော်ချောင်းကူးတံတား ပေ(၇၀) တည်ဆောက် ပေးရေး၊ ထန်တလန်မြို့နယ် ငါဖိုင်ပီးကျေးရွာမှ ဦးဝင်းတင် က အနောက်ဇိုဖေ တောင်ကြောရှိ လောင်တလန်ကျေးရွာ မှ မာရာတောင်ကြောရှိ လုံကျွဲသဲကျေးရွာသို့ ဆက်သွယ် သော ကိုယ်ထူကိုယ်ထ လမ်း(၈)မိုင်မှ အတက်အဆင်း ကြမ်းသည့် (၆)မိုင်အား လမ်းအူကြောင်း အသစ် ဖောက်လုပ်ပေးရေး၊ ထန်တလန်မြို့နယ် ငါဖိုင်သဲကျေးရွာ မှ ဦးဗန်ထောင်းက မာရာတောင်ကြောနှင့် အနောက်ဇိုဖေ တောင်ကြောရှိ ကျေးရွာများဖြစ်သော လောင်တလန် ကျေးရွာ၊ ငါလန်ကျေးရွာ၊ လုံကျွဲသဲကျေးရွာ၊ ငါဖိုပီး ကျေးရွာနှင့် ဖါရ်တလန်ကျေးရွာတို့သည် ဆက်သွယ်ရေး မရရှိသေးပါသဖြင့် (MPT/Telenor) တာဝါတိုင်များ စိုက်ထူပေးရေး၊ ထန်တလန်မြို့နယ် ဆာကျက်ကျေးရွာ မှ ဦးမန်လိန်းက အနောက်ဇိုဖေတောင်ကြောရှိ တလွန်ရမ် (က)၊ ဆန်ပီးချုံး၊ ဆာကျက်၊ ဝေါင်းသူကျေးရွာနှင့် ဘဲလ်ဟာရ်ကျေရွာတို့သည် တယ်လီဖုန်းဆက်သွယ်၍ မရရှိသေးပါသဖြင့် (MPT/Telenor) တာဝါတိုင်များ စိုက်ထူပေးရေးတို့ကို မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်နှင့် ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကွင်းဆင်စစ်ဆေးပြီး ချက်ချင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများ၊ ရေရှည် ဆောင်ရွက်ပေးရမည့်အခြေအနေများနှင့် စိစစ်ဆောင်ရွက် ပေးသွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ ခန်းမအတွင်းနှင့် ခန်းမပြင်ပတို့မှ မေးခွန်းတင်ပြမေးမြန်းလိုသူ ၁၄ ဦးအနက် မဲပေါက်သူ ၅ ဦးဖြစ်သည့် လိုင်လင်းကျေးရွာအုပ်စုမှ ဦးထိုင်ခါက လိုင်လင်း ကျေးရွာနှင့် မတူပီမြို့နယ် ရွာမန်ကျေးရွာအကြား ဘွေနူးမြစ်ကူးတံတားဆောက် လုပ်ပေးရေး၊ ထန်တလန်မြို့ အမှတ်(၃)ရပ်ကွက်မှ ဦးဗန်ရုန်းက ထန်တလန်မြို့ပေါ်ရှိ အထောက်အထားမဲ့ ကျူးကျော်အိမ် ရှင်းလင်းဖယ်ရှား ပေးရေး၊ ငါဖိုင်သဲကျေးရွာအုပ်စုမှ ဦးဗန်ထောင်းက ငါဖိုင်သဲ ကျေးရွာတွင် အသေးစား ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ တစ်ရုံတည်ဆောက်ပေးရေး၊ အင်မွန်ပီကျေးရွာမှ ဦးဗန်ဇလျန်က ငဖိုင်သဲကျေးရွာအုပ်စု အင်မွန်ပီးကျေးရွာ တွင် အသေးစား ရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ တစ်ရုံတည်ဆောက်ပေးရေးနှင့် ငါဖိုင်ပီးကျေးရွာအုပ်စုမှ ဦးဝင်းတင်က ဖါးဖဲမြေရိုင်း ဧက (၃၅၀) အား စက်မှုလယ်ယာ အဖြစ်ဖော်ထုတ်၍ ရေသွယ်ပေးပြီး လမ်းပိုင်း (၃) မိုင် ဖောက်လုပ် ပေးရေးမေးခွန်းများကို မေးမြန်းတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ကိစ္စတစ်ခုချင်းစီအလိုက် သက်ဆိုင်ရာဌာန များက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည့် အခြေအနေ နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
နိုင်ငံရဲ့ဂုဏ်သိက္ခာ
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ ဒီလူထု တွေ့ဆုံပွဲကို အားရပါတယ်။ အားရတယ်ဆိုတာ ဘာဖြစ် လို့လဲဆိုတော့ အားလုံးမေးတဲ့ မေးခွန်းတွေက ရှင်းရှင်း လင်းလင်းလည်း မေးတယ်။ အများနဲ့သက်ဆိုင်တဲ့ ကိစ္စ တွေကိုလည်း မေးသွားပါတယ်။ ထန်တလန်ပြည်သူလူထုနဲ့ တွေ့ဆုံပွဲမှာမေးသွားတဲ့ ပုဂ္ဂိုလ်များဟာ မှန်မှန်ကန်ကန်နဲ့သိက္ခာရှိရှိနဲ့ မေးသွားလို့ အင်မတန်မှ ကျေးဇူးတင်တယ်။ ဂုဏ်ယူတယ်။ ဒါဟာ ထန်တလန်ရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်။ ကျွန်မတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်ပါ တယ်။ အဲဒါကြောင့် အားလုံးကို ကျေးဇူးတင်ပါတယ်။ တစ်နှစ်နဲ့တစ်နှစ် ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်နိုင်ပါစေ။ အားလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာစွာနဲ့ ပြည်ထောင်စု ခရီးကို ဆက်ပြီးတော့ လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားပြီး တွေ့ဆုံပွဲတက်ရောက်လာသည့် တိုင်းရင်း သား တိုင်းရင်းသူလေးများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ထန်တလန်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အကြိုညမီးပုံပွဲနှင့် ရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မီးပုံပွဲကို မီးရှူးတိုင်ဖြင့် ထွန်းညှိဖွင့်လှစ်ပေးသည်။
ဖျော်ဖြေတင်ဆက်
ထို့နောက် အခမ်းအနားတွင် ချင်းတိုင်းရင်းသူ အဆိုတော် အက်စတာဒေါ့သ်ချင်းဆုန်က ချင်းရိုးရာ သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ထန်တလန်၊ ပလက်၀၊ တီးတိန်၊ မတူပီ၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနှင့် ဟားခါးယဉ်ကျေးမှုအဖွဲ့များက ချင်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment