Tuesday, February 4, 2020

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့်ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: one or more people, people sitting and indoor

နေပြည်တော် ဖေဖော်ဝါရီ ၃
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မူးယစ် ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အမျိုးသား လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ သွားရောက် သော ခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသတွင်း၌ မူးယစ်ဆေးဝါးသုံးစွဲသူ အထူးများပြားနေ သည်ကို တွေ့ရသည့်အတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ နွေရာသီကျောင်းပိတ်ရက်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်ရေးအတွက် အမျိုးသားရေးအသွင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း။
နှစ်စဉ်မြင့်မားလာ
မူးယစ်ဆေးဝါးအန္တရာယ်နှင့် သုံးစွဲသူအရေအတွက် သည် မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင် နှစ်စဉ် မြင့်မားလာသည်ကို တွေ့ရှိရပါကြောင်း။
ဤမူးယစ်ဆေးဝါးအန္တရာယ်၊ ပြဿနာကိုဖြေရှင်းရန် အခြေအနေကို ဘက်စုံထောင့်စုံမှ သုံးသပ်ရန်လိုအပ်ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန နှစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရနိုင်ကြောင်း၊ အခြားနှီးနွှယ်ဝန်ကြီးဌာနပေါင်းစုံနှင့် ပြည်သူများ ပါဝင်မှ ရမည်ဖြစ်ပါကြောင်း။
အထူးသဖြင့် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများပါဝင်ရန် လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးလုပ်ငန်းများကို တက္ကသိုလ်အဆင့် နှင့် အခြေခံပညာကျောင်းများ အဆင့်ခွဲခြား၍ လုပ်ကိုင် ဆောင်ရွက်ရန် လိုအပ်ကြောင်း။
သုံးစွဲမှုမပြုစေရေး
ထို့အပြင် ကျောင်းသားများသည် မူးယစ်ဆေးဝါး အန္တရာယ်ကို သိရှိရုံ၊ ဗဟုသုတရရှိသွားရုံသာမက လက်တွေ့ လိုက်နာပြီး သုံးစွဲမှုမပြုစေရေး မည်သို့ဆောင်ရွက်မည်ကို လည်း စဉ်းစားရမည်ဖြစ်ပါကြောင်း။
မည်သို့ လုပ်သင့်သည်ကို မိမိတို့ဝန်ကြီးဌာနနှစ်ခုမှ တာဝန်ရှိသူများ အလုပ်ရုံဆွေးနွေးပွဲတစ်ခုပြုလုပ်၍ သေချာစွာ ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ စီမံချက်အသွင်ဖြင့် ရည်မှန်းချက်၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ် ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ်သည် မြန်မာနိုင်ငံအတွက် အမျိုးသားရေး အရေးပေါ်အခြေအနေတစ်ခုအသွင် ဖြစ်နေ သည်ဟု မိမိအနေဖြင့် ခံယူထားပါကြောင်း။
များစွာခက်ခဲ
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းသည် အခြားမကူးစက်တတ်သောရောဂါနှင့် ကူးစက် ရောဂါများ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် များစွာခက်ခဲပါကြောင်း။
မူးယစ်ဆေးဝါးသုံးစွဲပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးပြဿနာ အခက်အခဲ မကောင်းသည့်အကျိုးဆက် များစွာဖြစ်ပွားပြီး လူညွန့်တုံးမည် ဖြစ်ပါကြောင်း။
မူးယစ်ဆေးဝါးအန္တရာယ်ကို ယခုအချိန်တွင် ထိရောက်စွာ စီမံဆောင်ရွက်ခြင်းမရှိပါက မိမိတို့နိုင်ငံသည် မကြာမီ ကြီးမားသောအန္တရာယ်ကို ရင်ဆိုင်ခံစားရမည်ဖြစ်ပါ ကြောင်း။
ကျောင်းအခြေပြု မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးအတွက် အမျိုးသားရေးအသွင်လှုပ်ရှားမှုတွင် ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခချုပ်များ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ သည် အဓိကအခန်းကဏ္ဍမှ ဦးဆောင် ဆောင်ရွက်ပေးပါရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ အစည်းအဝေးသည် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့၏ အမျိုးသားရေး ဦးတည်ချက်များတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုး သားရေးတာဝန်အဖြစ် ကြိုတင်တားဆီးကာကွယ်ခြင်းဖြင့် ပြည်သူများ၏ လူမှုအဆင့်အတန်းတိုးတက်မြင့်မားစေရေး ဟူ၍ဖော်ပြထားပါကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များ အမျိုးသားအဆင့် ဆောင်ရွက်ရာတွင် ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ များ၊ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများ၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ လုပ်အားပေးဆောင်ရွက်မည့် ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများ အမည်စာရင်း များ အချိန်မီပြုစုရန် လိုအပ်ကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးကို ကျောင်းအခြေပြု၊ တက္ကသိုလ်များအခြေပြု၊ လူမှုအဖွဲ့အစည်းအခြေပြုလျက် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်ကာ လက်တွေ့ကျကျ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
မိမိတို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် လုံခြုံဘေးကင်း၍ ကျန်းမာရေးနှင့် ညီညွတ်သန့်ရှင်းသော အရည်အသွေးကောင်းမွန်သည့် သင်ယူမှုဝန်းကျင်ကောင်း ဖြစ်အောင်ဖန်တီးဆောင်ရွက်၍ ၂၁ ရာစု စွမ်းဆောင်ရည်နှင့် လိုက်လျောညီထွေသည့် ကျွမ်းကျင်မှု၊ အရည်အသွေးများနှင့် ပြည့်စုံသော မျိုးဆက်သစ်ကျောင်းသားကျောင်းသူများ ပြုစု ပျိုးထောင်မွေးထုတ်ပေးကြရမည်ဖြစ်ပါကြောင်း၊ မူးယစ် ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ကြရာတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များမှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အားလုံးက ညီညီညွတ်ညွတ် မိသားစုစိတ်ဓာတ်ဖြင့် အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေး တင်ပြသည်။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
ဆက်လက်၍ NASA မှ ပညာရှင် ဒေါက်တာပဒေသာတင် က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အမျိုးသားလှုပ်ရှားမှုအသွင်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဟောပြောပို့ချပြီး ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက အမှာစကား ပြောကြားသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များက မိမိတို့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်အလိုက် ပါဝါပွိုင့် များဖြင့် အသီးသီးတင်ပြကြပြီး အစည်းအဝေးကို အစီ အစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၆၈ ကျောင်းမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့်တာဝန်ရှိသူများ တက်ရောက်ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment