Sunday, February 2, 2020

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သွေးချင်းတို့ရဲ့ပွဲတော်ဆီ (၂၀၂၀) ပွဲတော်မုခ်ဦးနှင့် တိုင်းရင်းသားပြခန်းများ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား




ရန်ကုန် ဖေဖော်ဝါရီ ၁

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ(၂၀၂၀)” ပွဲတော်မုခ်ဦးနှင့် တိုင်းရင်းသားပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကျိုက္ကဆံအားကစား ကွင်း၌ ကျင်းပရာ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကား ပြောကြားသည်။

တက်ရောက်

အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအသင်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ ဧည့်သည်တော်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” မုခ်ဦးကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် နိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့်ပွဲတော်ဖြစ်

ယင်းနောက် အခမ်းအနားကို ပွဲတော်ဝင်းအတွင်းရှိ ယာယီမဏ္ဍပ်၌ ဆက်လက်ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ကျင်းပ သည့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို တိုင်းရင်းသားလူမျိုးများ၏ ဒေသဖွံ့ဖြိုးရေး၊ ခရီးသွားလုပ်ငန်း၊ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း၊ ဒေသထွက်ကုန်၊ တိုင်းရင်းသားအချင်း ချင်း အသိအမြင်ဗဟုသုတနှင့် ဒေသ ထွက်ကုန်များ ဖလှယ်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ် ပြီး တိုင်းရင်းသားများ၏ ချစ်ကြည် ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်သည့် ပွဲတော်လည်းဖြစ်ပါ ကြောင်း။

မြန်မာနိုင်ငံသည် တိုင်းရင်းသား များစွာ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုနိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်မှုသည် များစွာအရေးကြီးပါ ကြောင်း၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုဖြင့်သာ နိုင်ငံ၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည် ဖြစ်သကဲ့သို့ ငြိမ်းချမ်းမှသာ တစ်နိုင်ငံ လုံး မည်သည့်ဒေသမကျန် ဖွံ့ဖြိုးတိုး တက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း။

စုစည်းတည်ဆောက်

နိုင်ငံအတွင်း တိုင်းရင်းသား မျိုးနွယ်စုများ ကွဲပြားနေကြသကဲ့သို့ နောက်ခံ သမိုင်းကြောင်းများအရ အတွေးအမြင် မတူညီမှုများလည်း ရှိနိုင်ပါကြောင်း၊ အတွေးအမြင် မတူညီသည်များကို ဘေးဖယ်ထားပြီး တူညီသည်များကိုစုစည်းကာ ရှေ့ဆက် ဆောင်ရွက်ရသည်များ ရှိသကဲ့သို့ မတူညီသော်လည်း ပေါင်းစပ်ဆောင် ရွက်နိုင်သည်များလည်း ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံတွင် မတူကွဲပြားမှုများ ရှိနေသော်လည်း စုစည်းတည်ဆောက် ၍ ရနိုင်ပါကြောင်း။

ယခုအခါ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေး အတွက် နိုင်ငံတော်အစိုးရ၏ ဦးဆောင် မှုနှင့်အတူ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးက ကြိုးပမ်းတည်ဆောက် လျက်ရှိသည့် အချိန်အခါဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင် တိုင်းရင်း သားအချင်းချင်း အပြန်အလှန် ယုံကြည်မှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးများခိုင်မာအောင် တည် ဆောက်ကြရမည်ဖြစ်ကြောင်း၊ သို့မှ သာ ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကြီးကို မလွဲမသွေ တည်ဆောက်နိုင် မည်ဖြစ်ကြောင်း။

ပုဂ္ဂလိကစီးပွားရေးကဏ္ဍ

တိုင်းရင်းသားများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အခြေခံလိုအပ် ချက်များကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေပါကြောင်း၊ နိုင်ငံ တွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးနေသည့်အတွက် နိုင်ငံ့စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ပုဂ္ဂလိက စီးပွားရေးကဏ္ဍသည် များစွာအရေး ကြီးပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)တွင် ပန်းတိုင်(၃)အဖြစ် အလုပ်အကိုင် ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သည့် ဖွံ့ဖြိုးရေးအဖြစ် ချမှတ် ထားပါကြောင်း။

စီးပွားရေး လုပ်ငန်းရှင်များအနေ ဖြင့် မိမိတို့စီးပွားရေးအကျိုးအမြတ် ရရှိနိုင်သည့်အပြင် မိမိဒေသ တိုးတက် ဖြစ်ထွန်းလာနိုင်သည့် အလားအလာရှိ သော ဒေသတွင်းကုန်ထုတ်လုပ်ငန်း များဖြင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းလိုပါ ကြောင်း၊ လုပ်ငန်းများစတင်ရာတွင် လွယ်ကူအောင် ဖြေလျှော့မှုများ ဆောင်ရွက်နေသကဲ့သို့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် မူဝါဒချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း။

မြန်မာနိုင်ငံ၏ သာယာလှပသော နယ်မြေအသီးသီးတွင် ရှိနေကြသည့် တိုင်းရင်းသားများ၏ ချစ်စရာဓလေ့ ထုံးစံများ၊ ရိုးရာယဉ်ကျေးမှုများနှင့် ရိုးရာအစားအစာများသည် ပြည်တွင်း ခရီးသွားများကိုသာမက နိုင်ငံတကာ ခရီးသွားများကို ဆွဲဆောင်နိုင်သည့် အချက်များဖြစ်ပါကြောင်း၊ တိုင်းရင်း သားများအနေဖြင့် ခရီးသွားလုပ်ငန်း ကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဒေသထွက်ကုန် ပစ္စည်းများကို ပြည်တွင်းဈေးကွက်၌သာမက ပြည်ပ ဈေးကွက်သို့ပါ ထိုးဖောက်နိုင်ရေး အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များနှင့် အဆင့်မြင့် ဝန်ဆောင်မှုများပေးနိုင်ရန် တီထွင်ဖန်တီးမှုရှိရှိ ဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုပါကြောင်း၊ မိမိ တို့ ဒေသထုတ်ကုန်များ ဈေးကွက် ရလာပြီး ခရီးသွားလုပ်ငန်းများ အောင် မြင်လာလျှင် မိမိတို့၏စီးပွားရေး သာမက ဒေသခံလူထုကိုပါ အလုပ် အကိုင်ဖန်တီးပေးနိုင်ပြီး ဒေသစီးပွား ရေးနှင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုအတွက် အထောက်အကူဖြစ် စေမည်ဖြစ်ပါကြောင်း။

တိုက်တွန်းပြောကြား

တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအနေဖြင့် မိမိတို့တိုင်းရင်းသားများ ၏ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှု များ၊ အနုပညာများနှင့် သမိုင်းအမွေ အနှစ်များ မတိမ်ကော မပျောက် ပျက်စေရန် ဆက်လက်ထိန်းသိမ်းကြ ပါ၊ ငြိမ်းချမ်းသာယာဝပြောပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် နိုင်ရေးအတွက် တိုင်းရင်းသားများ အားလုံး အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြပါ၊ တိုင်းရင်းသား များ၏ စီးပွားရေးကိုသာမက နိုင်ငံ တော်၏ အကျိုးစီးပွားနှင့် အေးချမ်း သာယာမှုကိုပါ ပိုမိုတိုးတက် ခိုင်မာ အောင် အကောင်အထည်ဖော်ဆောင် ပေးကြပါဟု တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ဝန်ကြီးချုပ်များ ဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဦးအယ်လ်ဖောင်းရှို၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာတင်မျိုးဝင်းတို့က နှုတ်ခွန်းဆက်စကားများ ပြောကြား ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ကေ့ထျိုးဘိုး(ခ)ကယားတံခွန်တိုင် စိုက်ထူခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက် ပြီး တံခွန်တိုင်ကို စိုက်ထူပေးကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြ သည်။

ကေ့ထျိုးဘိုး(ခ)ကယားတံခွန်တိုင် ပွဲတော်သည် ကယားလူမျိုးတို့၏ စည်းလုံးညီညွတ်မှု၊ ရိုင်းပင်းကူညီမှုနှင့် မေတ္တာစေတနာပြည့်ဝသော ဓလေ့ စရိုက်ကောင်းများကို ဖော်ညွှန်းသည့် ပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော်ကို မိုးလေဝသမှန်ကန်ကောင်းမွန်စေရန်၊ ဆန်ရေစပါးနှင့် ကောက်ပဲသီးနှံပေါများ ကြွယ်ဝစေရန်၊ သဘာဝဘေးအန္တရာယ်မှ ကင်းဝေးစေရန်၊ တိုင်းပြည်အေးချမ်း သာယာပြီး တိုင်းရင်းသားများ ပိုမို ချစ်ကြည်ရင်းနှီး စည်းလုံးစေရန်နှင့် မျိုးဆက်သစ်လူငယ်များ မိမိတို့ ရိုးရာယဉ်ကျေးမှုအစဉ်အလာကောင်း များကို ထိန်းသိမ်းစောင့်ရှောက်လို စိတ်ဖြစ်ပေါ်လာစေရန် ရည်ရွယ် ကျင်းပကြခြင်းဖြစ်ကြောင်း သိရ သည်။

တီးမှုတ်ဖျော်ဖြေ

ကယားတံခွန်တိုင် စိုက်ထူနေစဉ် အတွင်း ကယားရိုးရာ တံခွန်တိုင်အက ဖြင့် ကပြဖျော်ဖြေ၍ ဗုံပလွေတီးမှုတ် သည့်အဖွဲ့များက မြန်မာပြည်မြေပုံဖြင့် သရုပ်ဖော်ကပြ တီးမှုတ်ဖျော်ဖြေကြ သည်။

ထို့နောက် ဒုတိယသမ္မတသည် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၀) အထိမ်းအမှတ် ခင်းကျင်းပြသထား သည့် ကချင်တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုပြခန်း၊ ကယားတိုင်းရင်း သား ရိုးရာယဉ်ကျေးမှုပြခန်း၊ ကရင် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်း၊ ဗမာတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်း၏ သစ်တောထွက်ပစ္စည်းပြခန်း၊ မွန် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ရခိုင်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြခန်း၊ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ ကိုးကန့်တိုင်းရင်း သား ရိုးရာယဉ်ကျေးမှုပြခန်း၊ ဓနုတိုင်း ရင်းသားရိုးရာယဉ်ကျေးမှုပြခန်း၊ နာဂ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ ပလောင်တိုင်းရင်းသား ရိုးရာယဉ်ကျေး မှုပြခန်း၊ ပအိုဝ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်း၊ “ဝ” တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုပြခန်း၊ တိုင်းရင်း သားလုပ်ငန်းရှင်များအသင်း ပြခန်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြခန်းတို့ကို လှည့်လည်ကြည့်ရှုပြီး အခမ်းအနားသို့ တက်ရောက်လာကြ သည့် ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများ၊ တိုင်းရင်းသား ရိုးရာယဉ် ကျေးမှုအဖွဲ့များနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။



သတင်းစဉ်

No comments:

Post a Comment