Tuesday, February 4, 2020

2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီအစည်းအဝေး ပထမအကြိမ် ကျင်းပ

Image may contain: 3 people, indoor

နေပြည်တော် ဖေဖော်ဝါရီ ၃
2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ပထမအကြိမ်အစည်း အဝေးကို ဗဟိုကော်မတီဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ပူးတွဲဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ ဦးဆောင်၍ ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဒုတိယ ဝန်ကြီးများ၊ တိုင်းဒေသကြီး သုံးခုနှင့် ပြည်နယ် သုံးခုတို့၏ အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြန်လည်ခေါ်ဆောင်နိုင်ခဲ့
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယနေ့အစည်းအဝေးတွင် ဗဟိုကော်မတီအတွက် ချမှတ်ထားသော လုပ်ငန်းတာဝန်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အကောင် အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်ပြီးစီးမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို အခြေခံ၍ ရေရှည်ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းသွားကြရန်ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးမတိုင်မီ ကနဦးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၃၁ ရက်တွင် မိမိမှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက်များအရ ဗဟိုကော်မတီအနေဖြင့် ပြီးခဲ့သည့် နှစ်ရက်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ပြောကြားလိုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့မှုအရ သော်လည်းကောင်း၊ လတ်တလောအခြေအနေများအရ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အထူးစိုးရိမ် ဖွယ်ရာအခြေအနေသို့ရောက်ရှိလာပြီး မြန်မာပြည်သူပြည်သားများ၏ ကျန်းမာ ရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်လည်း ကောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ကမ္ဘာလှည့်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ(Visa on Arrival) ထုတ်ပေး ခြင်းကို ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယာယီရပ်ဆိုင်းထားရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဝူဟန်မြို့၌ ပိတ်မိနေ သော မြန်မာပညာသင် ၆၃ ဦးအနက် ၅၉ ဦးကိုလည်း ဖေဖော်ဝါရီ ၂ ရက်တွင် ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ပါ ကြောင်း၊ အဆိုပါခရီးစဉ်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးတို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ လိုအပ်သည့် ကူညီပံ့ပိုးမှုအစီအမံများကို ဆောင်ရွက်ပေးလျက်ရှိသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြို့တော်ဝန် တို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ခရီးစဉ် အောင်မြင်စွာဆောင်ရွက်နိုင် ခဲ့ခြင်းဖြင့် ကျောင်းသားမိဘများနှင့် ပြည်သူပြည်သားများ၏ စိုးရိမ်သောက များကို လျော့နည်းစေသည်သာမက ပြည်ပရောက် မိမိနိုင်ငံသားများ၏ အကျိုးကို အလေးအနက်ထား ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်ဆိုသည့် ပုံရိပ် ကောင်းကို နိုင်ငံတကာမျက်နှာစာတွင် မှတ်ကျောက်တင်လိုက်ခြင်းပင် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်လျက်ရှိ
ထို့နောက် ဗဟိုကော်မတီပူးတွဲဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက 2019-nCoV အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါသည် ဗိုင်းရပ်စ် ပိုးအသစ်ကြောင့် ဖြစ်ပွားသည်ဖြစ်၍ ရောဂါဖြစ်ပေါ်ပြောင်းလဲမှု သဘောသဘာဝ ဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဆက်လက်လေ့လာလျက်ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဤရောဂါဖြစ်ပွားပျံ့နှံ့နေမှုသည် နေ့စဉ်ဆက်လက် မြင့်မားနေပြီး အခြားနိုင်ငံများသို့လည်း ကူးစက်ပျံ့နှံ့နေသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ဝန်ကြီးဌာနများအကြား စနစ်တကျ ချိန်သားကိုက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု (Systematic and Synchronized Coordination and Collaboration) များ ကောင်းမွန်စွာဖြင့် ဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများအကြား ဆက်သွယ်မှုလမ်းကြောင်းကို တိကျရှင်းလင်းပြတ်သားစွာ ချမှတ်ဆောင်ရွက်ရန်လည်း အထူးအရေးကြီးပါ ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ရေဆိပ်များ၊ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ကိုယ်ခန္ဓာအပူချိန် တိုင်းကိရိယာများအသုံးပြု၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ဆောင်ရွက်လျက် ရှိပါကြောင်း။
ဟိုတယ်များနှင့် တည်းခိုခန်းများမှ တာဝန်ရှိသူများ၊ ခရီးသွားလမ်းညွှန်များ၊ အငှားကား၊ ဘတ်(စ်)ကားနှင့် အဝေးပြေးယာဉ်မောင်းနှင်သူများနှင့် ယာဉ် နောက်လိုက်များအနေဖြင့် နိုင်ငံတကာခရီးသည်များတွင် ရောဂါဖြစ်ပွားမှု သံသယရောဂါလက္ခဏာများတွေ့ရှိရခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ကို တွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်း တယ်လီဖုန်းဖြင့် အကြောင်းကြားပေး ရန်မှာ အရေးကြီးပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဤရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာများ၊ အသိပေးနှိုးဆော်မှု များကို ဘက်ပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဝင်၊ ထွက်ပေါက်များတစ်လျှောက်ရှိနေသည့်မြို့များမှ ပြည်သူများ အဆိုပါကျန်းမာရေးအသိပညာဗဟုသုတများရရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်စပ်ဝန်ကြီးဌာနများက အထူးကိစ္စရပ်အနေ ဖြင့် ပူးပေါင်းပံ့ပိုးဆောင်ရွက်ပေးစေလိုပါကြောင်း။
လူမှုကွန်ရက်စာမျက်နှာများတွင် ကောလာဟလသတင်းများ ဖြန့်ဝေနေမှု များအား ခြေဖျက်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ (www.mohs.gov.mm) မှ ပြည်သူများထံ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအသီးသီးအနေဖြင့် လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာမှ ရောဂါနှင့်ပတ်သက်သည့်အကြောင်းအရာ၊ သတင်းအချက်အလက်များကို ပုံမှန် ကြည့်ရှုစေလိုပြီး ကောလာဟလသတင်းတုများကို မိမိတို့ဝန်ကြီးဌာနမှ ထုတ်ပြန် သောသတင်းများနှင့် တိုက်ဆိုင်စိစစ်စေလိုပါကြောင်း၊ အထူးသဖြင့် နယ်စပ် ဝင်၊ ထွက်ပေါက် ကုန်းလမ်းမှဝင်ရောက်လာသူများကို ရောဂါစောင့်ကြပ်ကြည့်ရှု ရေးနှင့်ပတ်သက်၍ ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဝေဘာဂီ အထူးကုဆေးရုံတို့တွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရှိမှုများကို သွားရောက်ကြည့်ရှုခဲ့ရာ ကျေနပ် ဖွယ်ရှိပါကြောင်း။
အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအား ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခြင်း၊ သံသယလူနာများ အား စောစီးစွာထောက်လှမ်းခြင်း၊ သံသယလူနာ/ အတည်ပြုလူနာများအား အခြားသူများနှင့် မထိတွေ့စေဘဲ သီးခြားခန်းတွင်ထားရှိကုသမှုပေးခြင်း၊ သံသယ လူနာ/ လူနာနှင့်အနီးကပ် ထိတွေ့ဆက်ဆံဖူးသူများကို ထောက်လှမ်း၍ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါထပ်မံပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် သတင်းအချက်အလက်များ အပြန်အလှန်ဝေမျှခြင်း တို့ကို လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရောဂါ ကူးစက်ပျံ့နှံ့ဖြစ်ပွားမှုအား အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် မကြေညာမီကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည် အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ယခုလည်း အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည် ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ လစ်ဟင်းမှုမရှိဘဲ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်အတွက် ဗဟို အဆင့် အစည်းအဝေးကို နေ့စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေး သည်။
ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မြန်မာနိုင်ငံက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားရာတွင် ရောဂါဖြစ်ပွားမှုသတင်းများကိုပြည်သူလူထုမှ သတင်းပေးပို့နိုင်ရန်အတွက် Hotline ထားရှိ သတင်းရယူမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဟိုတယ်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူ ဝန်ထမ်းများအား ကျန်းမာရေးပညာပေးနိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ဝူဟန် မြို့မှ ပြန်လည်ရောက်ရှိလာသော မြန်မာပညာတော်သင်များ၊ အနီးကပ်ထိတွေ့ ခဲ့သူ ကျန်းမာရေးဝန်ထမ်းများ၊ လေယာဉ်မှူးအဖွဲ့များနှင့် လေယာဉ်အမှုထမ်းများ အား ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လိုအပ်သော ရောဂါကာကွယ်ရေးပစ္စည်းများနှင့် ဆေးနှင့် ဆေးပစ္စည်းများ စုစည်းထားရှိမှု၊စောင့်ကြည့်လူနာများအား ဆေးကုသခြင်းနှင့် ၎င်းတို့ထံတွင် ရောဂါဖြစ်ပွားလာ ပါက ရောဂါဆက်လက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါပိုးထိန်းချုပ်မှု၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်ထွက်ပေါက်များတွင် အဖျားရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှု၊ သံသယလူနာတွေ့ရှိပါက သီးခြားထားရှိ ကုသမှုပေးနိုင်ရန် ရန်ကုန်မြို့ ဝေဘာဂီ အထူးကုဆေးရုံကြီး၊ မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးတို့အား ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကျန်းမာရေးအသိပညာပေးခြင်းများအား ပြည်သူလူထုအတွင်း ကျယ်ကျယ် ပြန့်ပြန့်ရောက်ရှိစေရန် ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားသည်။
အမြင်ချင်းဖလှယ် ဆွေးနွေး
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ က 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းများတွင် ဝန်ကြီးဌာနအချင်းချင်းသော်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်များတွင် သက်ဆိုင်ရာဌာနများ အချင်းချင်းသော်လည်းကောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသော ခရီးသွားဧည့်သည်များ တည်းခိုသည့် ဟိုတယ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက သတင်းပေးပို့ခြင်း၊ ညွှန်းပို့ကုသမှုပေးခြင်းနှင့် ဟိုတယ်ဝန်ထမ်းများနှင့် မိသားစုများသို့ ရောဂါကူး စက်မှုမရှိစေရေး ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူလူထုနှင့် ခရီးသွားဧည့်သည်များအား အသိပညာပေးရေး၊ သတင်း ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် မီဒီယာများမှ တိကျမှန်ကန် သော သတင်းများအား အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ရေးဆောင်ရွက်နေမှု များ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်း၊ နယ်စပ်ဝင်/ထွက်ပေါက်များ တွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ရောဂါကာကွယ်ကုသရန်လိုအပ်သော ဆေးနှင့် ဆေးပစ္စည်း (Personal Protective Equipment and Masks များအပါအဝင်) ဓာတ်ခွဲခန်းသုံးပစ္စည်း များကို တင်သွင်းနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ စသည်တို့အပေါ် ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က နိဂုံးချုပ်စကားပြောကြားရာတွင် 2019 Novel Coronavirus ပြင်းထန်အဆုတ် ရောင်ရောဂါ ဆက်လက်မပြန့်ပွားစေရေးနှင့် ရောဂါထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံအစိုးရ၏ ဆောင်ရွက်မှုအစီအမံများအား အသိအမှတ်ပြုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ရောဂါပြန့်ပွားမှုကို ပြန်လည်တုံ့ပြန်ရာတွင် အားနည်းမှုရှိပြီး ထိခိုက်နိုင်ခြေများသည့် နိုင်ငံများအတွက် စိုးရိမ်ပူပန်သော ကြောင့် ကမ္ဘာလုံးဆိုင်ရာအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်မှုတွင် ခရီးသွားလာမှု၊ ကုန်သွယ်မှုများကို မလိုအပ်ဘဲ ကန့်သတ်ခြင်းမပြုရန်နှင့် အဓိကအားဖြင့် ရောဂါထိန်းချုပ်ရေးကို ဆောင်ရွက်ရန်တိုက်တွန်းထားကြောင်း၊ မိမိတို့အနေဖြင့်လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနှင့် International Civil Aviation Organization (ICAO) တို့၏ စည်းမျဉ်းစည်းကမ်းများ၊ နှစ်နိုင်ငံချစ်ကြည်ရေး၊ မြန်မာနိုင်ငံ ပြည်သူပြည်သား များ၏ ကျန်းမာရေးအတွက် ယင်းကူးစက်ရောဂါကို ကာကွယ်ထိန်းချုပ်ရန် အစရှိသည်တို့ကို ဘက်ပေါင်းစုံမှ စဉ်းစားသုံးသပ်၍ ဟန်ချက်ညီမျှသည့် တုံ့ပြန် ဆောင်ရွက်မှုများပြုလုပ်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment