Monday, January 6, 2020

အယ်ဒီတာ့ အာဘော်
==============
ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုလွှမ်းခြုံ
Image may contain: text
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့ နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံ့အကြီးအကဲအသီးသီးတို့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
နိုင်ငံအသီးသီးမှပေးပို့ခဲ့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အပေါ် သုံးသပ်ရှုမြင်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံအပေါ် အပြုသဘော ဆောင်၍ အကောင်းမြင်စိတ်ထားများထားရှိကာ အရှိကိုအရှိအတိုင်း ထုတ်ဖော်ပြောဆိုကြခြင်းဖြစ်သည်။ နှစ်စဉ်လွတ်လပ်ရေးနေ့သို့ ရောက်တိုင်း ပြုလုပ်နေကျ သဝဏ်လွှာများပေးပို့ကြခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ပကတိဖြစ်ပေါ်တိုးတက်မှုနှင့် နိုင်ငံအသီးသီးတို့၏ မြန်မာနိုင်ငံအပေါ်ရှုမြင် သည့် သဘောထားဆန္ဒများကို ထင်ဟပ်ဖော်ပြလာကြသည်မှာ ယခုနှစ်တွင် ပိုမိုထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက နှစ်နိုင်ငံဆက်ဆံရေးကို မြင့်မားစွာတန်ဖိုးထား၍ နှစ်နိုင်ငံအဆင့်မြင့် ဆက်ဆံရေး ထိန်းသိမ်းရန်၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်ရေး တွန်းအားပေးရန်၊ လူမှုနှင့် ယဉ်ကျေးမှုဖလှယ်ရေး တိုးချဲ့စေရန်၊ Multilateral ကဏ္ဍ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရန်၊ တရုတ်-မြန်မာဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး အနှစ်သာရများကြွယ်ဝစေရန် အဆွေတော်နှင့်အတူ ကြိုးပမ်း အားထုတ်သွားမည်ဟု လည်းကောင်း။
အမေရိကန်ပြည်ထောင်စုသမ္မတက ပိုမိုငြိမ်းချမ်းသော၊ အားလုံးပါဝင် သော၊ ဒီမိုကရေစီနည်းလမ်းကျသော၊ ကြွယ်ဝချမ်းသာသော၊ လူ့အခွင့်အရေး နှင့် ပြည်သူပြည်သားအားလုံး၏ စဉ်ဆက်မပြတ်ထိန်းသိမ်းထားသည့် ဂုဏ် သိက္ခာအား တန်ဖိုးထားပြီး စီးပွားရေးခိုင်မာတောင့်တင်းသောနိုင်ငံဖြစ်ရန် လိုလားသည့် မြန်မာပြည်သူ ပြည်သားများအားလုံးကို အမေရိကန် ပြည်ထောင်စုမှ ဆက်လက်ထောက်ခံမည်ဟု လည်းကောင်း။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ဂျပန်နိုင်ငံအနေဖြင့် ဆက်လက်ကူညီ ထောက်ပံ့သွားမည် ဖြစ်ပြီး နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး မြှင့်တင်သွားမည်ဟု လည်းကောင်း။
အိန္ဒိယသမ္မတနိုင်ငံ သမ္မတက မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အထူး အလေးထားပါသည်။ မိမိတို့နှစ်နိုင်ငံဆက်ဆံရေးသည် အပြန်အလှန် လေးစားမှုနှင့် ယုံကြည်မှုတို့ဖြင့် ထူးခြားစွာပုံဖော်ထားသော မိတ်ဖက် ဆက်ဆံရေး ဖြစ်ပါသည်။ မိမိတို့နှစ်နိုင်ငံ၏ ခိုင်မြဲသောဆက်ဆံရေးသည် နောင်လာမည့် နှစ်ကာလများတွင် ပိုမိုအားကောင်းခိုင်မြဲလာလိမ့်မည်ဟုလည်းကောင်း။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတက မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ တို့သည် အစဉ်အလာအရ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို မျှဝေခံစားခဲ့ ကြပါသည်။ နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများပိုမိုဖွံ့ဖြိုးတိုးတက်လာကာ အာရှ-ပစိဖိတ်ဒေသ၏ လုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းရေးတို့သည် ပိုမိုခိုင်မာလာပြီး နှစ်နိုင်ငံပြည်သူများ အတွက်လည်း အကျိုးစီးပွားဖြစ်ထွန်းလာမည်ဟု လည်းကောင်း။
ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတက နိုင်ငံတစ်နိုင်ငံ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်တို့သည် မရှိမဖြစ် လိုအပ်ပါသည်။ ယခုနှစ်တွင် ကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲသည် မြန်မာ နိုင်ငံအတွက် အရေးကြီးသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပါသည်။ မြန်မာ ပြည်သားအားလုံးအတွက် ပြည်တွင်းငြိမ်းချမ်းရေးကို မကြာမီကာလတွင် အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု လည်းကောင်း စသည့်ကမ္ဘာ့နိုင်ငံအသီး သီးက မြန်မာနိုင်ငံ၏ (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ဝမ်းမြောက်ကြောင်း ဆုတောင်းမေတ္တာပို့သကြရုံသာမက မြန်မာနိုင်ငံအကျိုး စီးပွားဖြစ်ထွန်းရေး၊ နှစ်နိုင်ငံအကျိုးစီးပွားတိုးတက်လာရေးတို့ကို ဆန္ဒအမှန် ဖြင့် ထုတ်ဖော်ပြောကြားလာကြပါသည်။
သို့ဖြစ်ရာ ရေခံမြေခံကောင်းများရှိသော အချုပ်အခြာအာဏာပိုင်ဆိုင် သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် အထူးသဖြင့် မိတ်ကောင်း ဆွေကောင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ၊ အကျိုးတူနိုင်ငံများနှင့်အတူ ရှေ့ဆက် ၍ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်သည်ထက် တိုးတက်၊ ခိုင်မာသည်ထက်ခိုင်မာအောင် ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖြစ်ပေါ်လာအောင် ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment