Wednesday, January 1, 2020

ငြိမ်းချမ်းသာယာမှုနှင့် ပြည့်စုံသည့်
နှစ်သစ်ကို ပေါင်းစုတက်လှမ်း
Image may contain: text
ယနေ့သည် ခရစ်နှစ် ၂၀၁၉ ခုနှစ်ကုန်ဆုံး၍ ခရစ်နှစ်သစ် ၂၀၂၀ ပြည့်နှစ်သို့ စတင်ရောက်ရှိသောနေ့ ဖြစ်သည်။ အနောက်တိုင်း ပြက္ခဒိန်နှစ် သတ်မှတ်ချက်အရ နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်သို့ ကူးပြောင်းရောက်ရှိသော ကာလတွင် အရှေ့တိုင်းအယူအဆကို အဓိကဦးစားပေးသော မြန်မာနိုင်ငံ အဖို့ ငြိမ်းချမ်းသာယာပျော်ရွှင်မှုအပေါင်းတို့နှင့် ပြည့်စုံကြပါစေရန် ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
မြန်မာတို့၏ အယူအဆယုံကြည်မှုအနေဖြင့် နှစ်သစ်ကူးပြောင်းသည့် အချိန်ကာလတွင် ပျော်ရွှင်အေးချမ်းမှုအပေါင်းနှင့် ပြည့်လျှမ်းသော နှစ်သစ်ကူးအလေ့အထများကို မြန်မာနှစ်သစ်ကူးနေ့တွင် တွေ့မြင်ရမည် ဖြစ်သည်။ ထိုအလေ့အထများနှင့်အညီ ခရစ်နှစ်ကိုလည်း ကူးပြောင်းစေချင် ပါသည်။ နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ခညောင်းစွာ ကူးပြောင်းရောက်ရှိ နိုင်ရေး ကမ္ဘာသူကမ္ဘာသားတို့နှင့်အတူ ငြိမ်းချမ်းစွာကူးပြောင်းကြရမည် ဖြစ်သည်။
နှစ်သစ်ကို ပျော်ရွှင်စရာနှစ်သစ်အဖြစ် ကူးပြောင်းရုံဖြင့် မလုံလောက် သေးဘဲ နှစ်သစ်တွင် စိတ်သစ်၊ ကိုယ်သစ်၊ အားအင်သစ်များဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဘဝ မြင့်သည်ထက်မြင့်အောင် ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်ပေသည်။ နှစ်သစ်ကိုတောင်းဆုခြွေရုံဖြင့် မလုံလောက်သေးဘဲ တောင်းဆုခြွေသည့်အတိုင်း ကျင့်ကြံအားထုတ် လုပ်ကိုင်ကြဖို့လိုသည်။ မိမိတို့နိုင်ငံသည် အခြားနိုင်ငံများနှင့်မတူ စိန်ခေါ်မှုများ၊ ပြဿနာများ၊ အခက်အခဲများနှင့် ပြည့်နှက်နေသောနိုင်ငံ ဖြစ်သည်။
နှစ်သစ်တွင် လူတိုင်းလူတိုင်း အားအင်သစ်ဖြင့် ရုန်းကန်နိုးထအစွမ်းကုန် အားထည့်လုပ်ကိုင်ကြမှ တော်ကာကြမည်။ ကျွန်ုပ်တို့နိုင်ငံသည် မငြိမ်းချမ်း မှုများနှင့် ရှည်လျားစွာ ဖြတ်သန်းခဲ့ရပြီး သူတစ်ပါးနိုင်ငံများနောက် နောက်ကျကျန်ရစ်နေသည်ကို အားလုံးအသိပင် ဖြစ်သည်။ နိုင်ငံ့ခေါင်းဆောင် များကလည်း အချိန်အခါမလပ် ရုန်းကန်နိုးထဖို့ တိုက်တွန်းလျက်ရှိသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်က ပြောကြားခဲ့သော သူတစ်ပါးခြေလှမ်း တစ်လှမ်းလှမ်းလျှင် မိမိတို့က ခြေလှမ်းဆယ်လှမ်းမက လှမ်းနိုင်ဖို့ အသိပေးခဲ့ပြီး ဖြစ်သည်။
ယနေ့အချိန်အခါတွင် မငြိမ်းချမ်းမှု၊ မညီညွတ်မှု အကျိုးဆက်များ၊ သူတစ်ပါး ဖိအားပေးမှုများ၊ နှောင့်ယှက်ဟန့်တားမှုများ၊ တိုင်းပြည်တိုးတက်ရေး ထက် ပြဿနာဖြေရှင်းရေးကိုသာ လုပ်ကိုင်နေရမှုများကြောင့် သူတစ်ပါး နောက် ရောက်ခဲ့ကြရသည်။ ယခုနှစ်သစ်တွင် ဤကဲ့သို့သော အရေးကိစ္စ များကို သင်ခန်းစာယူ၍ အချင်းချင်းညီညီညွတ်ညွတ် လက်တွဲပူးပေါင်း ဆောင်ရွက်လျက် ခြေလှမ်းဆယ်လှမ်း၊ အလှမ်းနှစ်ဆယ်မက ရုန်းကန်နိုးထ အစွမ်းကုန်ကြိုးပမ်းအားထုတ်ကြဖို့ လိုအပ်မည်ဖြစ်သည်။
အဓိကလိုအပ်ချက်မှာ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းပြည်ငြိမ်းချမ်း ရေး၊ နိုင်ငံတော်နှင့်ပြည်သူများ အကျိုးစီးပွားကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးတို့ကို နိုင်ငံတော် အစိုးရနှင့်အတူ ပြည်သူအားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ကြဖို့လိုမည်ဖြစ်သည်။ မည်သည့် ဖိအားပေးမှုများ၊ စိန်ခေါ်မှုများရှိသည်ဖြစ်စေ ယင်းတို့ကို ရင်ဆိုင်ကျော်လွှားမည်ဟူသည်ကို တွန်းအားများအဖြစ် ပြောင်းလဲ အားမွေးပြီး တက်ညီလက်ညီအရှိန်အဟုန်ပြင်းပြင်းဖြင့် ရှေ့ဆက်တက်လှမ်း ကြရမည်ဖြစ်သည်။ နှစ်သစ်တွင် ပျော်ရွှင်မှုများနှင့်သာ ကျေနပ်မနေသင့်ပေ။ ပျော်ရွှင်မှုဟူသည် တဒင်္ဂသာဖြစ်ပြီး ထာဝရငြိမ်းချမ်းသာယာသည့် ပျော်ရွှင် အေးချမ်းမှုကိုသာ ဆောင်ကြဉ်းကြရမည် ဖြစ်သည်။
ပျော်ရွှင်အေးချမ်းမှုကို ဆောင်ကြဉ်းနိုင်ရန်အတွက် တစ်ဦးအပေါ် တစ်ဦးမေတ္တာထားပြီး ဗြဟ္မစိုရ်တရားများ ပြန်လည်ထွန်းကားအောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ ပြန့်ပွားအောင် မျှဝေပေးကြရမည်ဖြစ်သည်။ နှစ်သစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝန်းလုံး ငြိမ်းချမ်းသာယာပါစေကြောင်း တောင်းဆုခြွေပြီး တိုင်းရင်းသားပြည်သူအပေါင်းတို့ကလည်း နှစ်သစ်ကို ပျော်ရွှင်စွာ ဖြတ်သန်း ၍ ငြိမ်းချမ်းသောနှစ်၊ တိုးတက်သောနှစ်ဖြစ်အောင် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်ကြရန် အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။ ။

No comments:

Post a Comment