Thursday, January 2, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော
နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင် ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Image may contain: one or more people
ရန်ကုန် ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ကို ယနေ့ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
တရားတော်နာယူကြည်ညို
ယနေ့ ကျင်းပသည့် နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက ဘာကိုပေးလှူရမလဲတရားတော်ကို ဟောကြားတော်မူရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင် များနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ တရားချစ်ခင်သူတော်စင်အပေါင်းတို့က ရိုသေစွာတရားတော် နာယူကြည်ညိုကြသည်။
နှစ်သစ်ကူး တရားအလှူတော်ဓမ္မသဘင်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးရှိန်ဝင်းက “တစ်နှစ်တာကာလအတွင်း မှာ မိမိတို့လုပ်ဆောင်နေတဲ့လုပ်ငန်းတွေအားလုံး အဆင်ပြေ ချောမွေ့ဖို့အတွက်ရယ်၊ ဗုဒ္ဓတရားတော်နဲ့အညီ နေထိုင်နိုင် အောင်ရယ် ဆရာတော်ကြီးတွေရဲ့ ဆုံးမဩဝါဒတွေအပေါ် မူတည်ပြီး မင်္ဂလာရှိတဲ့ နှစ်တစ်နှစ်ကိုဖြတ်သန်းဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ တရားပွဲဓမ္မသဘင်ကို ဆပ်ကော်မတီ ၁၂ ခုနဲ့ လုပ်ဆောင်ပါတယ်။ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေလည်းလုပ်အားပေးဖို့ပါဝင်သလို ပရဟိတ လုပ်အားပေးအဖွဲ့တွေလည်း လူဦးရေတစ်ထောင်လောက် ပါဝင်အားဖြည့်ထားပါတယ်။ စတုဒိသာအကျွေးအမွေး အလှူတွေကလည်း ယခင်နှစ်ထက်ပိုများပါတယ်။ တရား နာသူတွေ အဆင်ပြေချောမွေ့စွာသွားလာနိုင်ဖို့အတွက် YBS ယာဉ်တွေအပြင် အငှားတက္ကစီယာဉ်တွေကိုလည်း အခမဲ့စီစဉ်ပေးထားပါတယ်” ဟု ပြောသည်။
စတုဒိသာအလှူရှင် ဦးဆန်လင်းထွဋ်က “Ribena ဗိုက်တာမင်စီ ကျန်းမာရေးအားဖြည့်အချိုရည် လာလှူတာ ပါ။
နှစ်တိုင်း နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်မှာ စတုဒိသာအလှူ အမြဲလာလှူပါတယ်။ လှူတဲ့ပစ္စည်းကတော့တစ်နှစ်နဲ့တစ်နှစ် မတူပါဘူး။ တစ်နှစ်ထက်တစ် နှစ်လည်း ပိုစည်ကားလာပါတယ်။ နှစ်သစ်မှာ အခုလို လှူဒါန်းခွင့်ရတဲ့အတွက်လည်း ဝမ်းသာကြည်နူးဖြစ်ရပါ တယ်။ နှစ်တိုင်းလည်းလှူသွားမှာပါ” ဟု ပြောသည်။
ဆုတောင်း
နှစ်သစ်ကူး တရားအလှူတော်သို့ တရားနာလာရောက် သည့် သမိုင်းခဝဲခြံမှ ဒေါ်ခင်ခင်စောက “နှစ်ကူးတရားပွဲကို နှစ်တိုင်းတရားနာလာပါတယ်။ ရပ်ကွက်ထဲက ဓမ္မ မိတ်ဆွေတွေလည်း ပါပါတယ်။ အခုလို နှစ်သစ်ကူးမှာ ထေကြီးဝါကြီး ဆရာတော်ကြီးတွေရဲ့ တရားတော်ကို နာကြားခွင့်ရတဲ့အတွက် အင်မတန်မှ ကုသိုလ်တွေလည်း ရပါတယ်။ တရားပွဲစီစဉ်တဲ့သူတွေကိုလည်း အထူးပဲကျေးဇူး တင်ပါတယ်။ နောက်ရက်တွေလည်း တရားနာလာဦးမှာပါ။ နှစ်စဉ်နှစ်တိုင်း ယခုလိုတရားပွဲကြီးတွေ ပြုလုပ်နိုင်ပါစေ လို့လည်း ဆုတောင်းပါတယ်” ဟုပြောသည်။
ယနေ့ကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်တွင် ဆံတော်ပွား ငါးဆူ၊ အံတော်ပွား လေးဆူနှင့် စေတီ ခြောက်ဆူတို့အား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသက တရားနာယူကြသည့် ပရိသတ်များ ကို ကံစမ်းမဲဖောက်ကာ မဲပေါက်သူများအား ပေးအပ် လှူဒါန်းသည်။
ထို့ပြင် ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ဝိသာခါဖောင်ဒေးရှင်းနှင့် လေးကျွန်းသူ ဖောင်ဒေးရှင်းတို့မှ ပေးအပ်လှူဒါန်းသည့် ကျောက်စီပန်းချီ ကားနှင့် ဗုဒ္ဓဂယာပန်းချီကားများအား ဆက်ကပ်လှူဒါန်းကြ သည်။
ယနေ့ကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်သို့ တရားနာယူရန်လာရောက်ကြသည့် တရားနာ ပရိသတ် ရှစ်သောင်းကျော်ရှိပြီး တရားဓမ္မသဘင်တွင် အလှူရှင်များက ကော်ဖီ၊ မုန့်၊ အချိုရည်၊ သောက်ရေသန့် များကို စတုဒိသာလှူဒါန်းကြပြီး တရားနာလာသူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရန်အတွက် ကြို၊ ပို့ယာဉ် များကိုလည်း အခမဲ့စီစဉ်ပေးထားကြောင်း သိရသည်။
တရားရေအေးအမြိုက်ဆေး တိုက်ကျွေးမည်
အဆိုပါ နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ကို ယနေ့မှစတင်ကာ ဇန်နဝါရီ ၃ ရက်အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၂ ရက် (ကြာသပတေးနေ့) တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာ ဘိဝံသနှင့် ဇန်နဝါရီ ၃ ရက် (သောကြာနေ့) တွင် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရတို့က နှစ်သစ်ကူးတရားရေအေးအမြိုက် ဆေးတိုက်ကျွေးမည်ဖြစ်ကြောင်း သိရသည်။
သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment