Monday, January 6, 2020

တင်းမာမှုများမြင့်တက်လာခြင်းကြောင့် အီရန်ရှိ နေရာ ၅၂ ခုကို ပစ်မှတ်ထား၍ တိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြော
Image may contain: 1 person
ဝါရှင်တန် ဇန်နဝါရီ ၅
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံက အမေရိကန်တပ်ဖွဲ့ဝင်များ သို့မဟုတ် အမေရိကန်နိုင်ငံ၏ ပိုင်ဆိုင်မှုပစ္စည်းများကို တိုက်ခိုက်လာလျှင် အီရန် နိုင်ငံရှိ နေရာ ၅၂ ခုကို ပစ်မှတ်ထားပြီး အလွန်မြန်ဆန်ကြမ်းတမ်း စွာဖြင့် ပြန်လည်တိုက်ခိုက်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ဇန်နဝါရီ ၄ ရက်တွင် သတိပေးခဲ့သည်။
အီရန်နိုင်ငံရှိ နေရာ ၅၂ ခုကို ပစ်မှတ်ထားခြင်းမှာ ၁၉၇၉ ခုနှစ်က တီဟီရန်မြို့တော်ရှိ အမေရိကန်သံရုံး၌ ဓားစာခံအဖြစ် တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရသည့် အမေရိကန်နိုင်ငံသား ၅၂ ဦးကို ကိုယ်စားပြုကြောင်း အီရတ်နိုင်ငံ၌ အမေရိကန်တို့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သြဇာ ကြီးမားသော အီရန်ဗိုလ်ချုပ်ကြီးတစ်ဦး လုပ်ကြံခံရမှုကို ကာကွယ်ပြောဆို သည့် သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာ၌ရေးသားခဲ့သည်။ နေရာ ၅၂ ခု အနက် အချို့နယ်မြေများမှာ အီရန်နိုင်ငံနှင့် အီရန်ယဉ်ကျေးမှုအတွက် အလွန်အရေးကြီးကြောင်း၊ ထိုပစ်မှတ်နေရာများကို အမြန်ဆန်ဆုံး၊ အပြင်းထန်ဆုံးတိုက်ခိုက်မည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် မည်သည့်ခြိမ်းခြောက်မှုများကိုမျှ မလိုချင်တော့ကြောင်း ဒေါ်နယ်ထရမ့် က ပြောသည်။
အီရန်နိုင်ငံ၏ ဒုတိယမြောက် သြဇာအကြီးမားဆုံးပုဂ္ဂိုလ်အဖြစ် ညွှန်းဆိုခဲ့သည့် ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီ သတ်ဖြတ်ခံရမှုကြောင့် အီရန်လိုလားသည့် ဂိုဏ်းများက အီရတ်နိုင်ငံတစ်ဝန်းရှိ အမေရိကန်စစ် စခန်းများအပေါ် ဒုံးကျည်များဖြင့်ပစ်၍ ဖိအားပေးခြင်း၊ အီရတ်တပ်ဖွဲ့ များကို သတိပေးမှုများပြုလုပ်ပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အီရန်ဗိုလ်ချုပ်ကြီး သတ်ဖြတ်ခံရမှု ကြောင့် အီရန်နိုင်ငံက လက်တုံ့ပြန်မည်ဟု ကတိပြုခဲ့သလို အမေရိကန်နှင့် အီရန်ကြား တင်းမာမှုများမြင့်တက်လာကာ အရှေ့အလယ်ပိုင်းဒေသ တွင် ပဋိပက္ခအရှိန်ကြီးမားလာခဲ့သည်။ ဖြစ်နိုင်ဖွယ်ရာ ပထမဆုံး လက်တုံ့ပြန်မှုအဖြစ် ယမန်နေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ အမေရိကန်သံရုံးအနီး ဧရိယာတစ်ခုသို့ မော်တာကျည်နှစ်လုံးပစ်ခတ် ခဲ့ကြောင်း လုံခြုံရေးသတင်းရပ်ကွက်များက ပြောကြားသည်။
အီရတ်တပ်မတော်ကလည်း ဘဂ္ဂဒက်မြို့တော်အတွင်း ဒုံးကျည် တိုက်ခိုက်မှုများကို အတည်ပြုခဲ့ပြီး ထိခိုက်သေဆုံးသူများမရှိကြောင်း ပြောကြားခဲ့သည်။ ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိခဲ့ခြင်းမရှိဟု အမေရိကန်တပ်ဖွဲ့က ပြောသည်။
ကိုးကား-အေအက်ဖ်ပီ၊ ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment