Tuesday, January 7, 2020

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာစာတမ်းဖတ်ပွဲ ကျင်းပ ပြည်တွင်း ပြည်ပမှ စာတမ်းရှင်ဆရာတော်ကြီး သုံးပါး စာတမ်းများဖတ်ကြား

Image may contain: one or more people
ရန်ကုန် ဇန်နဝါရီ ၆
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်း အမှတ် အပြည်ပြည်ဆိုင်ရာ စာတမ်း ဖတ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တက္ကသိုလ်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
သုတေသနနှင့် တီထွင်ဆန်းသစ်မှု
ပြည်ထောင်စုဝန်ကြီးက ရန်ကုန် တက္ကသိုလ် ရာပြည့်သဘင်အခါသမယ ၌ ဆရာတိုင်း၊ ကျောင်းသားတိုင်း ကျန်းမာပျော်ရွှင်ရန် အရေးကြီးသည် နှင့်အညီ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ကို လက်ကိုင်ထားလျက် သင်ယူတတ်မြောက်မှု မြင့်မားလာစေ ရေးအတွက် ရှမ်းပြည်နယ် ဗုဒ္ဓ တက္ကသိုလ် ၏ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဘဒ္ဒန္တဒေါက်တာ ဓမ္မသာမိနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်း အမှတ် အပြည်ပြည်ဆိုင်ရာ စာတမ်း ဖတ်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ ဤ စာတမ်းဖတ်ပွဲ၏ အတိတ်ကို ပြန်လည် သုံးသပ်ခြင်းနှင့် အနာဂတ်နည်းလမ်း များကို ရှာဖွေခြင်းခေါင်းစဉ်သည် ပညာရေး ပြုပြင်ပြောင်းလဲမှုတွင်လည်း အတိတ်နှင့် ပစ္စုပ္ပန်၏ စွမ်းဆောင် ရည်များကို ပြန်လည်သုံးသပ်လျက်
အနာဂတ်အတွက် စီမံကိန်းနှင့်မူဝါဒများချမှတ်ရန် အရေးပါပုံကို သတိပြုမိစေ ကြောင်း၊ ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေးမူဝါဒဖြင့် အရည်အသွေးရှိသော ပညာရေးကို လူတိုင်းသင်ယူခွင့်ရရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာတွင် ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ဘဝတစ်သက်တာ သင်ယူ လေ့လာသူများ၏ အရည်အသွေးတိုးတက်လာစေရန် သင်ကြားသင်ယူမှု၊ လေ့ကျင့်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုမှအစပြု၍ သင်ယူမှုဝန်းကျင် ကောင်းများကို ဖန်တီးအားပေးလျက်ရှိကြောင်း ပြောကြားသည်။
အဆင့်မြှင့်တင်လျက်ရှိ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သုတေသနသည် တက္ကသိုလ်၏အသက်ဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုးရေး (Research & Development) သည် တိုင်းပြည်စီးပွားရေးဖွံ့ဖြိုးမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော တိုးတက်မှုအတွက် အရေးပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ် ဆရာ ဆရာမ အားလုံးပါဝင်သော သုတေသနယဉ်ကျေးမှုကို အားပေးလျက် ပေါင်းစည်း သုတေသန (Research Integrity)ကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ သုတေသန ဆောင်ရွက်ရာတွင် လှုံ့ဆော်မှု (Motivation)သည် အရေးပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် အသုံးချသုတေသနကို အားပေးလျက်၂၀၁၈ ခုနှစ်မှစတင်၍ အရည်အသွေးအခြေပြု(Merit-based) ရာထူးတိုးစနစ်ကို စတင်ခဲ့ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ ပညာရပ် စာစောင်များတွင် သုတေသနဆောင်းပါးများ နှစ်စဉ်ပါဝင်ရေးသားလျက်ရှိရာ တိုးတက်လာပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်းလျက် ပြည်သူပိုင်နှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး (Public-Private Partnership)ကို မြှင့်တင်လျက် ရှိသကဲ့သို့ ဒေသလုပ်သားဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် စွမ်းရည် အခြေပြုကာလတိုနည်းပညာနှင့် သက်မွေးပညာသင်တန်းများကို တိုးချဲ့ဖွင့်လှစ် လျက်ရှိကြောင်း၊ ထို့အတူ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော ဘွဲ့သင်တန်းအသစ် များကို သက်ဆိုင်ရာတက္ကသိုလ်အလိုက် ဖွင့်လှစ်သင်ကြားနိုင်ရန် အားပေးလျက် ရှိကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် တိုင်းရင်းသားစာပေ လေ့လာမှုဘွဲ့သင်တန်း သစ် စတင်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသကဲ့သို့ ကျောင်းများ၊ တက္ကသိုလ်များတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိ ကြောင်း၊ သင်ယူတတ်မြောက်ရေးအတွက် ထိရောက်သော ဆရာအတတ်သင် ပညာရေးသည် အရေးကြီးသဖြင့် နှစ်နှစ်သင်ပညာရေးကောလိပ်များကို လေးနှစ်သင်ပညာရေးဒီဂရီကောလိပ်များအဖြစ်သို့ အဆင့်မြှင့်တင်လျက်ရှိပြီးအခြေခံပညာသင်ရိုးညွှန်းတမ်းသစ်များနှင့် လိုက်လျောညီထွေဖြစ်မည့် သင်ရိုး များကို ပြုပြင်ရေးဆွဲလျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။
တက္ကသိုလ်ဖွဲ့စည်းပုံအသစ်များ
ပြည်ထောင်စုဝန်ကြီးက ဆက်လက်၍ ရန်ကုန်မြို့ရှိ တက္ကသိုလ် ခုနစ်ခုနှင့် မန္တလေးမြို့ရှိ တက္ကသိုလ်ခုနစ်ခုတို့ကို ကိုယ်ပိုင်လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်များ (Autonomous Universities) ဖြစ်လာစေရန် အားပေးလျက်ရှိ ကြောင်း၊ မဟာဌာနကြီးများစနစ်ကို ကျင့်သုံးသည့် တက္ကသိုလ်ဖွဲ့စည်းပုံအသစ် များကို အတည်ပြုပြီးပါက တက္ကသိုလ်ပဋိညာဉ်များကို ညှိနှိုင်းပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များသည် လည်း သင်ယူမှုအရည်အသွေးမြင့်မားရေးနှင့် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသကဲ့သို့ ပါမောက္ခချုပ်များ ကော်မတီသည်လည်း တက္ကသိုလ်များ၏ အရည်အသွေးတည်ဆောက်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလျက်ရှိကြောင်း၊ တက္ကသိုလ်များ၏ သင်ရိုး ညွှန်းတမ်းနှင့် သင်ကြားနည်းစနစ်များကို သူငယ်တန်း + ၁၂ သင်ရိုးသစ်များနှင့် လိုက်လျောညီထွေရှိစေရန်နှင့် ကျောင်းသားများ၏ ပြဿနာဖြေရှင်းရေးစွမ်းရည်၊ သင်ယူမှုစွမ်းရည်၊ ပုဂ္ဂိုလ်ရေးစွမ်းရည်နှင့် လူမှုစွမ်းရည်များ တိုးတက်လာစေရန် ပြန်လည်သုံးသပ် အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျောင်းသားများ၏ အပြုသဘောဆောင်သော ရှုမြင်မှု၊ အပြုသဘော ဆောင်သော တွေးတောမှုနှင့် အပြုသဘောဆောင်သော စိတ်ခံစားမှုတို့ကို အားပေးလျက် ရည်မှန်းချက်ပန်းတိုင်၏ ပင်မတန်ဖိုးများ (Core Values of Goals) ဖြစ်ကြသော လူသားကောင်းဖြစ်မှု၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ တီထွင်ဆန်းသစ်ဖန်တီးမှုတို့ဖြင့် မျက်မှောက်ကမ္ဘာကြီး အတွက် အကောင်းဆုံးဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရရှိစေရန် ပံ့ပိုးပေး လျက်ရှိကြောင်း၊ ၂၁ ရာစုနှစ်တွင် အဆိုပါအရည်အသွေးများ မရှိလျှင် လူငယ် မျိုးဆက်၏ အများစုမှာ အလုပ်အကိုင်ကောင်းရရှိရန် ခက်ခဲသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရနိုင်ကြောင်း၊ ထို့ကြောင့် ၂၁ ရာစုနှစ် အရည်အသွေးများကို ပိုင်ဆိုင်နိုင် ရန် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ ပါဝင်သောခံစားမှု အရည်အသွေး(EQ)နှင့် ဉာဏ်ရည်ဉာဏ်သွေး(IQ) တို့သည် လူတိုင်းအတွက် အရေးကြီးကြောင်း၊ ရန်ကုန်တက္ကသိုလ်၏ အတိတ်မှ အတွေ့အကြုံအရ အရည်အသွေးရှိသော သင်ယူမှုသည် ပညာရေး၊ သင်ကြားရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အဓိကကျ ကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် (၁၀၀) ပြည့်တော့မည်ဖြစ်ပြီး ရာပြည့်ဦးတည်ချက် (၅)ရပ်နှင့်အညီ အားစိုက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသကဲ့သို့ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးပန်းတိုင် ၁၇ ချက် (17 SDGs)နှင့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) (NESP2021-2030)တို့ အောင်မြင်ရေးအတွက် သော့ချက် ဖြစ်ကြောင်း၊ ထို့ကြောင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ဖြင့် ပိုမိုငြိမ်းချမ်း သော၊ ကျန်းမာပျော်ရွှင်သော သင်ယူမှုဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးလျက် ရန်ကုန်တက္ကသိုလ်ကို နိုင်ငံ၏ဂုဏ်ဆောင်တက္ကသိုလ် (Flagship University) ဖြစ်လာစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။
စာတမ်းများ ဖတ်ကြား
ထို့နောက် ပြည်တွင်း ပြည်ပမှ စာတမ်းရှင်ဆရာတော်ကြီး သုံးပါးက စာတမ်းများအား ဖတ်ကြားခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို ရန်ကုန်တက္ကသိုလ်တွင် ဇန်နဝါရီ ၆ ရက်မှ ၇ ရက်အထိ ကျင်းပ လျက်ရှိရာ ပါမောက္ခဆရာတော်များနှင့် ပညာရှင်များက စာတမ်းခြောက်စောင် ကို ဖတ်ကြားဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment