Monday, January 27, 2020

ပညာမျက်စိဖြင့် အမှန်ကိုသိစေ


မြန်မာ့အလင်းအယ်ဒီတာအာဘော်



ပညာမရှိလျှင် အမှားအမှန်ကို ခွဲခြားသိမြင်နိုင်ဖို့ခက်၏၊ ပညာ မရှိလျှင် အကောင်းအဆိုး၊ ဓမ္မနှင့် အဓမ္မကိုလည်း ရောထွေး ရှုမြင်လေ့ရှိ၏။ ယနေ့ခေတ်လို နည်းပညာထွန်းကား လာသည်နှင့်အမျှ အမှားကို အမှန်ကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နိုင်လာသည့်အခါ၊ မတရားမှုကို တရားမှုကဲ့သို့ သတင်းနှင့်အချက်အလက်များကို ပြုပြင်မွမ်းမံလာနိုင်သည့် အခါ၊ ထိုသို့ အမှားအမှန်တို့ကို ရှုပ်ထွေးအောင် လုပ်ဆောင် ရာ၌လည်း အတုတို့သည် တကယ့်အမှန်အစစ်ထက်ပင် တူနေ သယောင် ပြုပြင်ဖန်တီးနိုင်လာကြသည့်အခါ စဉ်းစားချင့်ချိန်မှု နှင့် ပညာ၏အခန်းကဏ္ဍက ပိုမိုအရေးကြီးလာပါသည်။
ပညာမရှိလျှင် အတုကို အတုမှန်းမသိနိုင်။
ပညာရှိမှသာ အမှားကိုသိကာ အမှန်ကိုဆုံးဖြတ်နိုင်ပေမည်။
ထို့နည်းတူစွာပင် ပညာဉာဏ်နည်းပါးသူတို့သည် ရေရှည် မြော်မြင်မှု နည်းပါး၏။ ထို့ကြောင့်ပင် လောကီချမ်းသာကို ဖြတ်လမ်းနည်းဖြင့် ရှာဖွေရန်အားထုတ်ကြ၏။ အမှားအမှန်ကို မိမိကိုယ်ကျိုးသက်သက်ပေါ်မူတည်၍ ဆုံးဖြတ်ကြ၏။
ပညာဉာဏ်ရင့်သန်သူတို့သည်သာ ရေရှည်မြော်မြင်နိုင်စွမ်း ကြီးမားကာ မိမိတို့၏ လောဘကိုလည်းကောင်း၊ ဒေါသကိုလည်း ကောင်း၊ မောဟကိုလည်းကောင်း လျော့ပါးအောင် သတိဖြင့် စောင့်ထိန်းနိုင်ကြ၏။ ပညာမျက်စိဖြင့်သာ အမှားအမှန်ကို ခွဲခြား ချင့်ချိန်ခြင်းဖြင့် လောကကောင်းကျိုးကို ဦးတည်နိုင်လိမ့်၏။
အချို့သော အဖြစ်အပျက်တို့တွင် အပေါ်ယံများကိုသာ ကြည့်လို့မရ။ အချို့သောကိစ္စများတွင် အာဃာတဖုံးလွှမ်း ထားသည့်အမြင်ဖြင့် လည်းကောင်း၊ ကြိုတင်ထင်ကြေးများ ဖြင့်လည်းကောင်း အမှားအမှန်ကို မခွဲခြားနိုင်။ အထင်နှင့်အမြင် ကွဲပြားမှုများရှိခြင်းကို နားလည်ခြင်းသည် လည်းကောင်း၊ ပညာအမြင်ဖြင့် ချင့်ချိန်နိုင်မှုက အမှန်ကို ပိုမိုသိမြင် ကြည်လင် လာနိုင်စေသည်ကို လည်းကောင်း သတိပြုသင့်သည်လည်း ဖြစ်၏။
များစွာသော အပေါ်ယံအထင် အမြင်တို့သည် လည်းကောင်း၊ အစဉ်အဆက်ဖြစ်တည်လာခဲ့သည့် အာဃာတ အရင်းခံတို့သည် လည်းကောင်း၊ လေသံကြားကာမျှနှင့် ထင်ကြေးပေးနေမှုများ သည် လည်းကောင်း အမှန်တရားကို ဖော်ထုတ်နိုင်လိမ့်မည် မဟုတ်။
လူ့အခွင့်အရေးဖြစ်စေ၊ ဒီမိုကရေစီအရေးဖြစ်စေ၊ အကြမ်း ဖက်မှုများ ပပျောက်ရေးဖြစ်စေ၊ ငြိမ်းချမ်းရေး တိုးတက်ဖွံ့ဖြိုး ရေးတို့ဖြစ်စေ စသည်တို့သည် လက်တွေ့ဘ၀ကို အမှန်တကယ် မမြင်မသိဘဲ တည်ဆောက်၍ ရလိမ့်မည်မဟုတ်ပါ။
ဤသည်မှာအမှန်တရားဖြစ်၊ သဘောထားချင်းမတိုက် ဆိုင်သည့် အဖြစ်အပျက်များ၊ ကွဲလွဲငြင်းခုန်မှုများတွင် မည်သည့် ဘက်ကဖြစ်စေ တကယ့်အမှန်တရား လက်တွေ့ပကတိတရား ကို အမှန်အတိုင်း ရှုမြင်ကြရန်လို၏။ မိမိကသာ မှန်သည်ဟူ၍ မျက်စိစုံမှိတ်ထား၍မရနိုင်ပါ။
တိကျရေရာခြင်းမရှိသော၊ သို့တည်းမဟုတ် ချဲ့ကားပြောဆို မှုများ ရောထွေးနေသော၊ သို့တည်းမဟုတ် ဓနအင်အား လက်နက်အင်အားတို့၏ လွှမ်းမိုးမှုကြောင့် ဖြစ်လေ့ရှိသည့် အဂတိမျိုးစုံပေါ်မူတည်ကာ တစ်ဖက်သတ် လီဆယ်နေမှုများ သက်သက်ကို အခြေပြု၍ အမှားအမှန် ခွဲခြား၍ ရနိုင်မည် မဟုတ်ပါ။
ထို့ပြင် သဘောထားကွဲလွဲသူတို့၏ အမြင်များသာ မဟုတ်ဘဲ အခြားသော အင်အားစုများ၊ ကြားလူများ၊ အကြောင်းအရာ နှင့် ကဏ္ဍအလိုက် ပိုင်ပိုင်နိုင်နိုင်ခွဲခြားသိမြင်နိုင်သူများ စသည် တို့၏ အမြင်အသီးသီးကို ဘက်စုံရှုထောင့်စုံက ကြားနာ ဆန်းစစ်ကြရန်လည်းလို၏။
မည်သူမဆို ထိုသို့သောနည်းမျိုးစုံအားဖြင့် လက်တွေ့ဘ၀ ကို ပညာမျက်စိဖြင့် ရှုမြင်သုံးသပ်ကာ အမှားကိုလည်း ဝန်ခံ တတ်ပါမှ၊ အမှန်ကိုအမှန်အတိုင်းသိမြင်၍ ပြောင်းလဲပြုပြင်လိုစိတ် လည်းရှိပါမှ လောက၏ ငြိမ်းချမ်းမှုအစစ်ကို ရှေးရှုနိုင်လိမ့် မည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment