Monday, January 13, 2020

သဘာဝအလှအပမှ နိုင်ငံ့စီးပွားအသုံးချ

အယ်ဒီတာ့အာဘော်
------------------------

Image may contain: text that says 'The Mirror Daily Established in 1957'
မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်နှိုင်းစာလျှင် ရေမြေသဘာဝ ကောင်းမွန် ခြင်း၊ အစွန်းမထွက် မလွန်ကဲသည့် မျှတမှုရှိသော ရာသီဥတုရှိခြင်း၊ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများ စုံလင်စွာတည်ရှိခြင်း၊ ရှေးဟောင်းယဉ် ကျေးမှုအမွေအနှစ်များပေါများခြင်း စသည့် စိတ်ဝင်စားဖွယ်အနေအထား ကောင်းများ များစွာပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံမြောက်ဖျားတွင် ရေခဲဖုံးလွှမ်းသော အမြင့်ဆုံးခါကာဘိုရာဇီတောင်တန်းကြီးမှအစ မြင့်မားလှပသည့် တောင်တန်းတောင်စွယ်များ မြောက်ဘက်မှ ဆင်းသက်လာပြီး တောင်ဘက် တနင်္သာရီရိုးမကြီး၏ အမြင့်ဆုံး မြင့်မိုရ်လက်ခတ်တောင်အထိ သွယ်တန်းနေသည်။ ကုန်းတွင်းပင်လယ်ဟု ခေါ်ဆိုသည့် တောင်ပေါ်အင်းလေးကန်ကြီးနှင့် အင်းတော်ကြီးကန်တို့သည် အလွန်လှပပြီး သက်ရှိသတ္တဝါများနှင့် ခရီးသွားများ လည်ပတ်နားခိုရာ ဖြစ်သည်။ သွယ်တန်းစီးဆင်းနေသော မြစ်ချောင်းကြီးများနှင် တနင်္သာရီ ကမ်းမြောင်ဒေသ၊ ရခိုင်ကမ်းမြောင်ဒေသတို့မှ အလွန်လှပသည့် ကမ်းရိုး တန်းများသည် ခရီးသွားများအား ဆွဲဆောင်ရာဒေသများ ဖြစ်သည်။
ကမ္ဘာပေါ်တွင် ရေနံထုတ်လုပ်မှုနှင့် မော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်း များပြီးလျှင် တတိယနေရာမှလိုက်၍ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရှာဖွေ ပေးနိုင်သော စီးပွားရေးလုပ်ငန်းမှာ ခရီးသွားလုပ်ငန်းဖြစ်သည်။ သဘာဝ အလှအပများနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပေါများကြွယ်ဝ သော မြန်မာနိုင်ငံတွင် ခရီးသွားလုပ်ငန်းကိုအသုံးချ၍ စီးပွားဖြစ် ထိထိရောက် ရောက် အသုံးချနိုင်ခြင်းမရှိသေးပေ။ မြန်မာနိုင်ငံရှိ တည်ရှိပြီးခရီးသွား အရင်းအမြစ်၊ ဖော်ထုတ်ရန်ခရီသွားအရင်းအမြစ်တို့ဖြင့် နိုင်ငံ့စီးပွား တိုးပွား အောင်ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။
သာဓကအားဖြင့် တနင်္သာရီနှင့် ရခိုင်ကမ်းရိုးတန်းဒေသတို့သည် သာယာလှပသည့် ပင်လယ်ကမ်းရိုးတန်းကြီး ရှုမျှော်မဆုံးရှိရာ ရေသယံဇာတ များရှာဖွေရေးနှင့် ပင်လယ်ကမ်းရိုးတန်း အပန်းဖြေခရီးသွားလာရေးအတွက် တန်ဖိုးမဖြတ်နိုင်သော နေရာများဖြစ်သည်။ တနင်္သာရီကမ်းရိုးတန်းတွင် ထူးခြားထင်ရှားသော ကျွန်းကြီးကျွန်းငယ်များ အမြောက်အမြားရှိပြီး ခရီးသွားလုပ်ငန်းအတွက် ထိရောက်စွာအသုံးပြုနိုင်ခြင်းမရှိသေးဘဲ ကျွန်းများမှာ မူလသဘာဝအတိုင်း ရှိနေဆဲဖြစ်သည်။
ယခုအခါ တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျွန်းတစ်ကျွန်းတွင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့် ပြုရန်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းစည်းဝေးခဲ့ကြောင်း သိရသည်။ စိတ်ဝင် စားဖွယ်ကောင်းသော တနင်္သာရီတိုင်းဒေသကြီး ကမ်းရိုးတန်းတစ်လျှောက် တွင်ရှိသော သာယာလှပသည့်ကျွန်းများ၌ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန်၊ တိုးတက်ဖြစ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်မှုသည် နိုင်ငံ့ စီးပွားရေးနှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းတိုးတက်ရေးအတွက် အလားအလာကောင်းများဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီးသည် ကမ္ဘာပေါ်ရှိ ခရီးသွားလုပ်ငန်းများတွင် အကောင်းဆုံးခရီးစဉ်တစ်ခု ဖြစ်လာနိုင်သည်။ ကျွန်းစုများမှာ သဘာဝအတိုင်း တည်ရှိနေခြင်း၊ သန္တာကျောက်တန်းများ ရှင်သန်ဖွံ့ဖြိုးနေခြင်း၊ သဘာဝမျိုးကွဲ၊ မျိုးစိတ်များ၊ ရေနေသတ္တဝါများ ပေါများစွာတည်ရှိခြင်းတို့ကြောင့် ရေရှည် ရင်းနှီးမြှုပ်နှံနိုင်မည့် ခရီးသွားလုပ်ငန်းများ လိုအပ်လျက်ရှိသည်။ တနင်္သာရီ ကမ်းရိုးတန်းရှိ ကျွန်စုများမှာ သဘာဝအတိုင်းတည်ရှိနေသဖြင့် မြန်မာနိုင်ငံ အတွက်သာမက ကမ္ဘာအတွက်ပါ မပျက်စီးသေးသော သဘာဝအမွေအနှစ် များဖြစ်သည်။
သဘာဝအတိုင်းတည်ရှိနေသော တနင်္သာရီကမ်းရိုးတန်းခရီးစဉ် ဖွံ့ဖြိုး တိုးတက်လာရေးတွင် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ကောင်းမွန်မှုနှင့် ပြည်တွင်း ပြည်ပခရီးသွားများ တည်းခိုနေထိုင်နားနေရေးအတွက် အဆင့်အတန်းနှင့်အညီ သင့်တင့်လျောက်ပတ်သော တည်းခိုနေထိုင်ရာ နေရာများလိုအပ်နေသည်။ တနင်္သာရီတိုင်းဒေသကြီးသို့ ဆက်သွယ်သွားလာ ရာ၌ လမ်းပိုင်းများ အဆင့်မြင့်မြင့် ဖြောင့်ဖြူးကောင်းမွန်ရန် လိုအပ်သကဲ့သို့ အဓိကအားထားသွားလာလိုသည့် လေယာဉ်ခရီးစဉ်ကောင်းမွန်ရေးနှင့် အခြားနိုင်ငံများ၏ဈေးနှုန်းထက် မများရန်လည်း လိုအပ်သည်။ အဓိက သွားလာနိုင်သည့် ထားဝယ်၊ မြိတ်၊ ကော့သောင်းဒေသ မြို့ပြအဆင့်မီဖွံ့ဖြိုး တိုးတက်လာရေးကိုလည်း တစ်ဖက်ကဆောင်ရွက်သွားရမည်ဖြစ်သည်။
သို့ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီးကဲ့သို့ သဘာဝတရားက ဖန်တီးပေး ထားသော မြန်မာနိုင်ငံ၏ သာယာလှပသည့် ရေမြေသဘာဝ အလားအလာ ကောင်းများကို ထိရောက်စွာအသုံးချ၍ သဘာဝပတ်ဝန်းကျင်များ မပျက်စီး စေဘဲ နိုင်ငံစီးပွားရေးနှင့် ပြည်သူများ၏အကျိုးစီးပွား မြင့်မားတိုးတက်အောင် နည်းလမ်းရှာကြံ ကြိုးပမ်းပြုပြင် ဖန်တီးဆောင်ရွက်ကြရန်လိုအပ်သည်ဟု အကြံပြုပါကြောင်း။ ။

No comments:

Post a Comment