Monday, January 13, 2020

ရန်ကင်းမြို့နယ် ဓမ္မစကြာပဋိပတ်ရိပ်သာကျောင်းတိုက်အတွင်း စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အနန္တသုခဓမ္မစကြာဓမ္မဗိမာန်ငါးထပ်ကျောင်းတော်ကြီး မဟာပန္နက်တော်တင် တွင်းတော်ဝန်းမင်္ဂလာအခမ်းအနား ကျင်းပ


Image may contain: 3 people, indoor
နေပြည်တော် ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ ဓမ္မစကြာပဋိပတ် ရိပ်သာကျောင်းတိုက်အတွင်း၌ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် အနန္တ သုခဓမ္မစကြာဓမ္မဗိမာန် ငါးထပ်ကျောင်းတော် ကြီး မဟာပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ရွှေသုဝဏ်ဆရာတော်ကြီး အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသဒ္ဓိယအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ပန္နက်တော်တင်ပေးသည်။
ပရိတ်တရားတော်များနာယူ
အစီအစဉ်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာ ကြသူများသည် ရွှေသုဝဏ်ဆရာတော်ကြီး ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ဖတ် သရဇ္ဈာယ်ကြသော အန္တရာယ်ကင်းပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွှေသုဝဏ်ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ငါးထပ်ကျောင်းတော်ကြီးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် အလှူတော်ငွေကျပ်သိန်း ၅၀၀ နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မိသားစုက လှူဒါန်းသည့်အလှူငွေများကို ပေးအပ်လှူဒါန်းရာ ဓမ္မစကြာပဋိပတ်ရိပ်သာ ဥပတ္ထမ္ဘကမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိန်လှဝင်းက လက်ခံ ရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရွှေသုဝဏ်ဆရာတော်ကြီးက ကျမ်းစာအုပ်များ ဓမ္မ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့် တက်ရောက်လာကြ သည့် အရာရှိကြီးများ၊ စေတနာရှင် အလှူရှင်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် တက်ရောက်လာကြသူများက မင်္ဂလာဒုံမြို့နယ် ကံသုံးဆင့်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏိကာဘိဝံသထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ပန္နက်တော်တင်
ထို့နောက် ရွှေသုဝဏ်ဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များသည် ပန္နက်တော်တင်မည့်မြေနေရာသို့ အစီအစဉ်အတိုင်း ကြွရောက်လိုက်ပါကြပြီး မင်္ဂလာအချိန်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပန္နက်တော်တင်မည့်အကြီးအကဲ များသည် သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တော် တင်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကြကာ တွင်းတော်ဝန်းမင်္ဂလာပြုလုပ်ကြသည်။
အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွှေသုဝဏ်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment