Wednesday, January 22, 2020

မြန်မာနိုင်ငံအမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းစည်းဝေး



Image may contain: 6 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၂၁ 



မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ မြန်မာသမိုင်းအဖွဲ့၊ မြန်မာစာအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် များ၊ ပါမောက္ခချုပ်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အမွေအနှစ်များကို
UNESCO သို့ အမည်စာရင်းတင်သွင်းရန် စီစဉ်နေပြီဖြစ်
အစည်းအဝေးတွင် မြန်မာနိုင်ငံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်း မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးကွန်ဗင်းရှင်း ၂၀၀၃ အပေါ် မြန်မာ နိုင်ငံအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ကို ညှိနှိုင်းပေါင်းစပ်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ယခင်ကျင်းပပြီးစီးခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအရ မိမိတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုထိန်းသိမ်း မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်လာခဲ့သည်မှာ အတိုင်းအတာပမာဏ တစ်ခုအထိ အရှိန်အဟုန်ရနေပြီဖြစ်ပါကြောင်း၊ လိုအပ်သည့် အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်စိစစ်ရေးပညာရှင်အဖွဲ့ ဖွဲ့စည်းခြင်း၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာဆောင်းပါးများဖော်ပြခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် မှီတင်းနေထိုင်သော ပြည်ထောင်စုဖြစ်သည်နှင့်အညီ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အမျိုးအစားများနှင့် ပညာရှင်များ စုံလင်စွာရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်များအနက်မှ စံသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အမွေအနှစ်များကို နိုင်ငံတကာအဆင့် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရန်အတွက် UNESCO သို့ အမည်စာရင်းတင်သွင်းရန်လည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကိုလည်း ကမ္ဘာ့အမွေ အနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနက ဦးဆောင်ပြီး ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့အနေဖြင့် မိမိတို့နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအနက်မှ စံသတ်မှတ်ချက်များ ကိုက်ညီသည့်အမွေအနှစ်များကို နိုင်ငံတကာအဆင့် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာပါကြောင်း၊ ယခု UNESCO ၏ လူသား အမျိုးအနွယ်ကို ကိုယ်စားပြုစာရင်း (Representative List of the Intangible Cultural Heritage of Humanity ) သို့ မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့ ထုံးစံကို အမည်စာရင်းတင်သွင်းရန် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ မြန်မာ့သနပ်ခါးသည် UNESCO 2003 ကွန်ဗင်းရှင်းပါ သတ်မှတ်ချက် Domain (၅)ခုလုံးနှင့်လည်း အကျုံးဝင်ခြင်း၊ မိမိတို့တစ်မျိုးသားလုံး၏ ယဉ်ကျေးမှု လက္ခဏာတစ်ရပ်အဖြစ် ကိုယ်စားပြုခြင်း၊ မိမိတို့လူ့အဖွဲ့အစည်းတစ်ရပ်လုံး ကို ကိုယ်စားပြုတန်ဖိုးထား၊ မြတ်နိုးထိန်းသိမ်းထားရှိလျက်ရှိသောကြောင့် မိမိတို့ တစ်မျိုးသားလုံး၏ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးစသည့် နေ့စဉ် လူနေမှုဘဝတွင် အရေးပါသောနေရာ၌ ပါဝင်နေသည့်အပြင် သတ်မှတ်စံနှုန်း များနှင့်လည်း ကိုက်ညီနေခြင်းကြောင့် မြန်မာ့သနပ်ခါးကို UNESCO သို့ အမည်စာရင်းတင်သွင်းရန် လျာထားခြင်းဖြစ်ပါကြောင်း။
ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး
လုပ်ငန်းစဉ်အောင်မြင်စေရန် ပူးပေါင်းကူညီဆောင်ရွက်ပေး
မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မှတ်ပုံတင်စာရင်း (National Register of the Intangible Cultural Heritage of Myanmar) ကို ပြုစုပြီးဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပညာရှင်များက မိမိတို့ဆောင်ရွက်လျက်ရှိသည့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းစဉ်ကြီးကို အောင်မြင်စေ ရန်အတွက် တာဝန်ကျနေရာအသီးသီးကနေ ပူးပေါင်းကူညီဆောင်ရွက်ပေးကြ ပါရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ပညာရှင်များ၊ ဌာနဆိုင်ရာအကြီးအကဲများကမိမိတို့ဒေသအလိုက် ဆောင်ရွက်နေသည့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးကိစ္စများနှင့် သက်ဆိုင်သည့် အချက်အလက်များအား ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင် အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတိုးလှ၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးညွန့်ဟန်၊ ဒေါက်တာ ဒေါ်နုမြဇံနှင့် ပါမောက္ခ ဒေါက်တာကြင်စွမ်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်တို့က အထွေထွေဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက နိဂုံးချုပ် အမှာစကားပြောကြားသည်။ သတင်းစဉ်

No comments:

Post a Comment